ရွှေတံဆိပ်ဆုရ ကစားသမားတွေကို အခွန်ကင်းလွတ်ခွင့်နဲ့ သိန်း၃၀၀ အောက် အိမ်စီးကားဝယ်ယူခွင့်ပြု

ဇွန် ၁၇-၂၀၂၂
VOM (GG)

၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရခဲ့တဲ့ ကစားသမားတွေကို အခွန်ဆောင်စရာမလိုဘဲ အိမ်စီးကား ဝယ်ယူနိုင်တယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။

အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရသူ ၁၄ ဦးရှိခဲ့ပြီး မြန်မာနိုင်ငံက ရွှေတံဆိပ်ဆု ၉ ဆုရရှိခဲ့တာဖြစ်ပါတယ်။

ဆုရကစားသမားတွေအနေနဲ့ လူစီးမော်တော်ယာဉ်အမျိုးအစား ဝယ်ယူခွင့်ရမှာဖြစ်ပြီး ပြည်တွင်းက ကား Showroom နဲ့ ကားအရောင်းစင်တာတွေကနေ အင်ဂျင်ပါဝါ ၂၀၀၀ စီစီနဲ့ အောက် CIF (ဆိပ်ကမ်းအရောက်တန်ဖိုး) ကျပ်သိန်း ၃၀၀ အောက် ကားတွေကို ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

” ဆုရကစားသမားတွေကို အခွန်ဆောင်စရာမလိုဘဲ ကားဝယ်ခွင့်ပြုတာဟုတ်ပါတယ်။သိန်း ၃၀၀ အထက်ကားဝယ်ယူခွင့်မရှိပါဘူး”လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတဦးကပြောပါတယ်။

ဆုရရှိခဲ့တဲ့ အားကစားသမားတွေကတော့ Kurash အားကစားနည်း (+၈၇)ကီလိုမှ အေးအေးအောင်၊ ဘိလိယက် အားကစားနည်း အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှ ပေါက်စ၊ ဗိုဗီနမ် အားကစားနည်း အမျိုးသမီး နှစ်ယောက်တွဲ လက်နက်မဲ့အပြပြိုင်ပွဲမှ ခိုင်ဝါဖူး၊ မေဟန်နီအောင်လွင်၊ ပိုက်ကျော်ခြင်း အားကစားနည်း Double Women ပြိုင်ပွဲမှ ခင်နှင်းဝေ၊ ဖြူဖြူသန်း၊ ယမုံဇင်၊ ဗိုဗီနမ် အားကစားနည်း လေးယောက်တွဲ အပြပြိုင်ပွဲမှ မနား ကွီး၊ အိုက်စိုးလင်း၊ ဇင်လင်းထွန်း၊ ဇော်ဇော်၊ ဗိုဗီနမ်အားကစားနည်း လေးယောက်တွဲအပြပြိုင်ပွဲမှ ရာဇာထွန်း၊ အောင်ခိုင်လင်း၊ ကျော်သူစိုးအောင်၊ ဟိန်းထက်အောင်တို့ ဖြစ်ပါတယ်။

ကစားသမားတွေအနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြုပြီး အောင်မြင်ခဲ့ကြတာဖြစ်လို့ နိုင်ငံတော်က ဂုဏ်ပြုချီးမြှင့်တဲ့အနေနဲ့ အိမ်စီးကား ဝယ်ယူမယ်ဆိုရင် ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခကို ကင်းလွတ်ခွင့်ပြုတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရွှေတံဆိပ်ရ #ကစားသမား #အိမ်စီးကား #အခွန်ကင်းလွတ်ခွင့်

Related posts

Leave a Comment

VOM News

FREE
VIEW