မြိတ်နဲ့ကော့သောင်းမှာ ဘတ် / ကျပ် နဲ့ ချင်းရွှေဟော်မှာ ယွမ်/ကျပ် တိုးချဲ့အသုံးပြုနိုင်ဖို့ ဗဟိုဘဏ် စီစဥ်နေ

ဇွန် ၂၇-၂၀၂၂
VOM (GG)

ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုမြန်ဆန်အောင် မြိတ် နဲ့ ကော့သောင်းမှာ ဘတ် / ကျပ် တိုးချဲ့အသုံးပြုနိုင်ရေးနဲ့ ချင်းရွှေဟော်မှာ ယွမ်/ကျပ် တိုးချဲ့ အသုံးပြုနိုင်ဖို့ ဗဟိုဘဏ်က စီစဥ်နေတယ်လို့သိရပါတယ်။

လာမယ့် ဇူလိုင်လမှာ လုပ်ငန်းစတင်နိုင်ဖို့​ မျှော်မှန်းထားပြီး အဲ့ဒီအတွက် ဗဟိုဘဏ်က ထိုင်းဘဏ်တာဝန်ရှိသူတွေအပါအဝင် ပြည်တွင်းက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

” ဒေါ်လာသုံးစွဲမှုကို လျှော့ချင်လို့ အခုလိုလုပ်တာဖြစ်မယ်။တရုတ်ငွေနဲ့ ထိုင်းငွေကို တရားဝင်သုံးစွဲခွင့်ပြုတော့ ကုန်သည်တွေအတွက်တော့ အဆင်ပြေတာပေါ့။တရုတ်ငွေနဲ့ချေရမယ့်ဟာဆို တခါတည်းချေလို့ရသွားတယ်။အလုပ်မရှုပ်တော့ဘူးပေါ့။ဒီကိစ္စအတွက် မနေ့က ဗဟိုဘဏ်နဲ့ဘဏ်တာဝန်ရှိသူတွေ ဆွေးနွေးကြတယ် ” လို့ ပို့ကုန်လုပ်ငန်းရှင်တဦးကပြောပါတယ်။

လက်ရှိမှာ ဗဟိုဘဏ်က ဘဏ်၊ အကောက်ခွန်ဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အပြင် ဒေသဆိုင်ရာတွေ၊ ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် မြေပြင် Taskforce ဖွဲ့စည်းပြီး Standard of Procedures၊ Banking agreement အကောင်အထည်ဖော်နိုင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

နောက်ပြီး ထိုင်းနိုင်ငံမှာရောက်​​နေတဲ့ မြန်မာအလုပ်သမားတွေပါ ထိုင်းဘဏ်က​နေ ဘတ်ငွေနဲ့ ငွေလွှဲပြောင်းမှုကို မြန်မာဘက်ဘဏ်တွေကနေ လက်ခံ ပြီိး ပြန်လည်ထုတ်ပေးနိုင်မယ့် အစီအစဥ်ကိုလည်း ဆောင်ရွက်နေတယ်လို့သိရပါတယ်။

ဒေသတွင်းကုန်သွယ်မှု ပိုမိုတိုးချဲ့နိုင်ဖို့နဲ့ Exchange Rate Risk တွေ လျှော့ချနိုင်ဖို့အတွက် ယွမ်/ကျပ် နဲ့ ဘတ်/ ကျပ် သုံးစွဲမှုကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်ကစပြီး ဖော်ဆောင်ခဲ့ရာ ယွမ်/ကျပ် Pilot ကာလ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ၂၀၂၂ ခုနှစ် ဇွန်လ တတိယပတ်အထိ Export ရငွေ ယွမ် ၁၉၇ဒသမ ၄၆၄သန်းနဲ့ Import ပေးချေမှုငွေယွမ် ၇၇ ဒသမ ၆၉၉ သန်း၊ ပိုငွေ ယွမ် ၁၁၉ ဒသမ ၇၆၅ သန်း ရှိခဲ့တယ်လို့သိရပါတယ်။

ထိုင်းဘတ်/ ကျပ် အနေနဲ့ Pilotကာလ ၂၀၂၂ ခုနှစ် မတ်လကနေ၂၀၂၂ ခုနှစ် ဇွန်လတတိယပတ်အထိ Export ရငွေ ဘတ် ၁,၅၄၀ ဒသမ၄၆ သန်းနဲ့ Import ပေးချေမှုငွေ ဘတ် ၁,၁၃၇ ဒသမ ၉၅ သန်း ပိုငွေဘတ် ၄၀၂ ဒသမ၅၁ သန်းရရှိခဲ့တယ်လို့ သိရပါတယ်။

ထိုင်း ဘတ်/ကျပ်ကို မြဝတီနဲ့တာချီလိတ်မှာ စတင်အသုံးပြုခဲ့ပြီး ယွမ်/ကျပ် ကို မြန်မာတရုတ်နယ်စပ်ဂိတ်တွေမှာ တိုက်ရိုက််အသုံး​ပြုခွင့်ကိုတော့ ၂၀၂၁ဒီဇင်ဘာလမှာ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မြိတ်နဲ့ကော့သောင်း #ဘတ်/ကျပ် #ချင်းရွှေဟော် #ယွမ်/ကျပ်တိုးချဲ့အသုံးပြုနိုင်ဖို့ #ဗဟိုဘဏ်စီစဥ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW