ဇွန် ၂၇-၂၀၂၂
VOM (GG)
ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုမြန်ဆန်အောင် မြိတ် နဲ့ ကော့သောင်းမှာ ဘတ် / ကျပ် တိုးချဲ့အသုံးပြုနိုင်ရေးနဲ့ ချင်းရွှေဟော်မှာ ယွမ်/ကျပ် တိုးချဲ့ အသုံးပြုနိုင်ဖို့ ဗဟိုဘဏ်က စီစဥ်နေတယ်လို့သိရပါတယ်။
လာမယ့် ဇူလိုင်လမှာ လုပ်ငန်းစတင်နိုင်ဖို့ မျှော်မှန်းထားပြီး အဲ့ဒီအတွက် ဗဟိုဘဏ်က ထိုင်းဘဏ်တာဝန်ရှိသူတွေအပါအဝင် ပြည်တွင်းက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
” ဒေါ်လာသုံးစွဲမှုကို လျှော့ချင်လို့ အခုလိုလုပ်တာဖြစ်မယ်။တရုတ်ငွေနဲ့ ထိုင်းငွေကို တရားဝင်သုံးစွဲခွင့်ပြုတော့ ကုန်သည်တွေအတွက်တော့ အဆင်ပြေတာပေါ့။တရုတ်ငွေနဲ့ချေရမယ့်ဟာဆို တခါတည်းချေလို့ရသွားတယ်။အလုပ်မရှုပ်တော့ဘူးပေါ့။ဒီကိစ္စအတွက် မနေ့က ဗဟိုဘဏ်နဲ့ဘဏ်တာဝန်ရှိသူတွေ ဆွေးနွေးကြတယ် ” လို့ ပို့ကုန်လုပ်ငန်းရှင်တဦးကပြောပါတယ်။
လက်ရှိမှာ ဗဟိုဘဏ်က ဘဏ်၊ အကောက်ခွန်ဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အပြင် ဒေသဆိုင်ရာတွေ၊ ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် မြေပြင် Taskforce ဖွဲ့စည်းပြီး Standard of Procedures၊ Banking agreement အကောင်အထည်ဖော်နိုင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
နောက်ပြီး ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာအလုပ်သမားတွေပါ ထိုင်းဘဏ်ကနေ ဘတ်ငွေနဲ့ ငွေလွှဲပြောင်းမှုကို မြန်မာဘက်ဘဏ်တွေကနေ လက်ခံ ပြီိး ပြန်လည်ထုတ်ပေးနိုင်မယ့် အစီအစဥ်ကိုလည်း ဆောင်ရွက်နေတယ်လို့သိရပါတယ်။
ဒေသတွင်းကုန်သွယ်မှု ပိုမိုတိုးချဲ့နိုင်ဖို့နဲ့ Exchange Rate Risk တွေ လျှော့ချနိုင်ဖို့အတွက် ယွမ်/ကျပ် နဲ့ ဘတ်/ ကျပ် သုံးစွဲမှုကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်ကစပြီး ဖော်ဆောင်ခဲ့ရာ ယွမ်/ကျပ် Pilot ကာလ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ၂၀၂၂ ခုနှစ် ဇွန်လ တတိယပတ်အထိ Export ရငွေ ယွမ် ၁၉၇ဒသမ ၄၆၄သန်းနဲ့ Import ပေးချေမှုငွေယွမ် ၇၇ ဒသမ ၆၉၉ သန်း၊ ပိုငွေ ယွမ် ၁၁၉ ဒသမ ၇၆၅ သန်း ရှိခဲ့တယ်လို့သိရပါတယ်။
ထိုင်းဘတ်/ ကျပ် အနေနဲ့ Pilotကာလ ၂၀၂၂ ခုနှစ် မတ်လကနေ၂၀၂၂ ခုနှစ် ဇွန်လတတိယပတ်အထိ Export ရငွေ ဘတ် ၁,၅၄၀ ဒသမ၄၆ သန်းနဲ့ Import ပေးချေမှုငွေ ဘတ် ၁,၁၃၇ ဒသမ ၉၅ သန်း ပိုငွေဘတ် ၄၀၂ ဒသမ၅၁ သန်းရရှိခဲ့တယ်လို့ သိရပါတယ်။
ထိုင်း ဘတ်/ကျပ်ကို မြဝတီနဲ့တာချီလိတ်မှာ စတင်အသုံးပြုခဲ့ပြီး ယွမ်/ကျပ် ကို မြန်မာတရုတ်နယ်စပ်ဂိတ်တွေမှာ တိုက်ရိုက််အသုံးပြုခွင့်ကိုတော့ ၂၀၂၁ဒီဇင်ဘာလမှာ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
#voiceofmyanmar #VOM #မြိတ်နဲ့ကော့သောင်း #ဘတ်/ကျပ် #ချင်းရွှေဟော် #ယွမ်/ကျပ်တိုးချဲ့အသုံးပြုနိုင်ဖို့ #ဗဟိုဘဏ်စီစဥ်နေ