ကံပိုင်တည်မှာ တရုတ်ဘက် ကုန်တင်ပို့ဖို့ စောင့်နေတဲ့ ကားတချို့ မိုးသည်းထန်ပြီး မြေပြိုလို့ ထိခိုက်ပျက်စီး

ဇွန် ၂၇-၂၀၂၂
Shy V (VOM)

ကချင်ပြည်နယ်၊ ကံပိုင်တည်မှာ တရုတ်ဘက်ကို ကုန်တင်ပို့ဖို့ စောင့်နေတဲ့ကားတွေဟာ ဒီကနေ့ မနက်ပိုင်းက မိုးသည်းထန်ပြီး မြေပြိုလို့ ထိခိုက်ပျက်စီးမှု ဖြစ်ပွားနေတယ်လို့ နယ်စပ် ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။

“မနေ့ည ကတည်းက ဒီကနေ့မနက်ပိုင်းအထိ မိုး သဲကြီးမဲကြီး ဆက်တိုက်ရွာလို့ အခုမနက်ခင်းပိုင်းမှာ မြေပြိုသွားတာ။ ထိတာတော့ ကျနော့် အိမ်က ကား တစီး ထိသွားတယ်။”လို့ အဲဒီ ကားပိုင်ရှင်က ပြောပါတယ်။

အဲဒီကားပေါ်မှာ တရုတ်နိုင်ငံဘက်ကို တင်ပို့မယ့် တစ်သျှူးငှက်ပျော တရုတ်ငွေ ယွမ် ၁ သောင်းကျော်ဖိုးခန့် တင်ဆောင်ထားပြီး ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်း တရုတ်ဘက်ထဲကို ဝင်ဖို့ အလှည့်ကျတဲ့ကား ဖြစ်တယ်လို့ သိရပါတယ်။

“မိုး တညလုံးလို ရွာနေတာ ဆက်တိုက်။ အပေါ်ကွင်း ဗမာရှန်တိန် နားနေဆောင်လမ်းမှာ တောင်ပြိုလို့ ဒီနေ့ တရုတ်ပြည်ဝင်မယ့် ကား တာယာတွေက ကျောက်ခဲတွေနဲ့ထိတော့ ပွင့်ကုန်တာလေ။ လမ်းက ပိတ်သွားတဲ့ အထိတော့ မရှိသေးဘူး။ မိုးက ရွာနေတော့ တောင်က ဆက်ပြီးပြိုလာမှာ စိုးရိမ်ရတယ်။” လို့ ကုန်တင် ယာဉ်မောင်းတဦးကလည်း ပြောပါတယ်။

“ကားတွေက အာမခံ ရှိတယ်။ တရုတ်ပြည်ထဲမှာ ကားတွေအတွက် အာမခံ ထားထားရတာလေ။” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ ကား အာမခံထားတဲ့ ကုမ္ပဏီက လာရောက်ပြီး ရှင်းလင်းဖို့ ပြင်ဆင်နေပေမယ့် ကြန့်ကြာနောက်ကျခဲ့ရင် နဲ့ မြေထပ်ပြိုလာရင် အဲဒီကားတစီးလုံး ကြောင့် လမ်းပိတ်သွားမှာလည်း စိုးရိမ်နေရတယ်လို့ ပြောပါတယ်။

ကံပိုင်တည် နယ်စပ်မှာတော့ မြန်မာဘက်ခြမ်းကနေ ကုန်နဲ့ကားတွေကို ဆေးစစ်ပြီးတော့ တရုတ်ပြည်ထဲ ဝင်ဖို့ ရက်အနည်းငယ် စောင့်ဆိုင်းရပြီး ကိုဗစ်စည်းကမ်းအရ မြန်မာဘက်ခြမ်းမောင်းတဲ့ ခေါက်တို ရှန်တိန် နဲ့ တရုတ်ဘက်ခြမ်းမောင်းတဲ့ ခေါက်တို ရှန်တိန်တွေ ကနေတဆင့် ကုန်တွေကို တင်ပို့တင်သွင်းရကာ နဂိုယာဉ်မောင်းတွေက နယ်စပ်ကနေ စောင့်ဆိုင်းနေရတယ်လို့ သိ ပါတယ်။

“ဒီကားကွင်းမှာ ရပ်ပြီး ပထမ ရှန်တိန် နဲ့တခါ လှိုင်ခေါင်းကို ပို့တာပေါ့နော်။ လှိုင်ခေါင်းကနေ တခါ တရုတ်ထဲကို တရုတ်ရှန်တိန် နဲ့ ပြန်မောင်းပေါ့။” လို့ နောက်ထပ် ယာဉ်မောင်းတဦးကလည်း ပြောပါတယ်။

ကံပိုင်တည် ကုန်သွယ်ရေး လမ်းကြောမှာ အခုနှစ် မိုးများတာကြောင့် မကြာခဏ မြေပြို၊ ယာဉ်တိမ်းမှောက်၊ ရေကြီးရေလျှံတာတွေ အရင်နှစ်တွေထက် ပိုကြုံနေရကာ အခက်အခဲဖြစ်နေကြရတယ်လို့ နယ်စပ် ကုန်တင်ယာဉ်မောင်းတွေရဲ့ပြောပြချက်အရ သိရပါတယ်။

Photo-U.G
#voiceofmyanmar #VOM #ကံပိုင်တည် #တရုတ်ဘက်တင်ပို့ဖို့စောင့်နေတဲ့ကားတွေ #မိုးသည်းထန်မြေပြို #ထိခိုက်ပျက်စီး

Related posts

Leave a Comment

VOM News

FREE
VIEW