ထီးလင်းမြို့ပေါ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ မိသားစု ၃ ဦးသေဆုံး

ဇွန် ၊ ၂၇ ၊ ၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့ပေါ်ကို မနေ့ ဇွန် ၂၆ ရက် ညနေပိုင်းက လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲတဲ့အတွက် တိမွေးကု ဆရာဝန် မိသားစု ၃ ဦးသေဆုံးသွားတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

.” မြို့ပေါ်ကို လက်နက်ကြီးကျည် ၃ နေရာကျတယ် ၊ ဘုန်းကြီးကျောင်းဝန်းထဲက ကုဋီနားကျတဲ့ အလုံးက မြေပျော့တော့ မကွဲဘဲ မြေစိုက်နေတယ် ၊ နောက်တလုံးက စုပေါင်းရုံးနားမှာကျတယ် ၊ အဲ့ဒီ အလုံးလည်း မကွဲဘူး ၊ ကျန်တဲ့တလုံးကတော့ ပြည်ခိုင်ဖြိုးက ဦးအောင်သန်းဝင်း အိမ်ပေါ်ကိုကျပြီး ပေါက်ကွဲတယ် ၊ သူ့မိန်းမ ဒေါ်ကြည်တင် ၊ ထွေ / အုပ်စာရေးမနဲ့ သူ့သမီး တိမွေးကု ဆရာဝန် ဒေါက်တာ ယမင်းအိတို့ ၂ ဦးကတော့ နေရာမှာတင် ပွဲချင်းပြီး သေသွားတယ် ၊ ဦးအောင်သန်းဝင်းကတော့ ဆေးရုံမှာ ဆေးကုသခံရင်း ဆုံးသွားတာ “လို့ ထီးလင်းမြို့ခံတယောက်ကပြောပါတယ်။

အဲ့ဒီ အကြောင်းနဲ့ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတဦးက “လက်နက်ကြီး ကျည်ရောက်ပေါက်ကွဲလို့ လူ ၃ ဦး မိသားစုလိုက်သေတယ် ၊ ဘယ်က ပစ်တဲ့ လက်နက်ကြီးဆိုတာ စီစစ်နေတုန်း “လို့ ပြောပါတယ်။

ထီးလင်းမြို့နယ်ဟာ တောင်ပေါ်ကုန်းတွင်းပိတ် မြို့ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲ့တဲ့ကြားက အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ လနဲ့ချီကာ ကြာနေပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ချောင်းဦးမြို့ပေါ်ရပ်ကွက်က လူနေအိမ်ပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး လူ ၂ ဦးသေဆုံကာ ၄ ဦးဒဏ်ရာရတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ထီးလင်း #လက်နက်ကြီးကျ #မိသားစုသုံးဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW