ဝဇီရာ ရုပ်ရှင်ရုံကို ရှေးဟောင်းအမွေအနှစ်ပြတိုက် အဖြစ် ပြုလုပ်မယ်

ဇွန် ၂၇-၂၀၂၂
VOM (GG)

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာရှိတဲ့ နှစ်ပေါင်း ၁၀၂ နှစ် သက်တမ်းရှိတဲ့ ဝဇီရာရုပ်ရှင်ရုံကို ရှေးဟောင်းအမွေအနှစ်ပြတိုက်အဖြစ် ပြုလုပ်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ဒါ့အပြင် ပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး၊ အက၊ ဂီတပွဲ၊ ဆွေးနွေးပွဲ၊ အစည်းအဝေးပွဲတွေ ကျင်းပနိုင်ပြီး သင်တန်းကျောင်း၊ စတူဒီယိုနဲ့ အနုပညာဖန်တီးနိုင်တဲ့ နေရာအဖြစ်​ဖော်ဆောင်သွားမယ့်အပြင် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၊ ရုပ်ရှင်နဲ့ပတ်သက်တဲ့ အမှတ်တရပွဲ၊ Memory Film Festival ကဲ့သို့ ပွဲတော်တွေ ကျင်းပမယ့်နေရာအဖြစ်လည်း ဖော်ဆောင်သွားမယ်လို့ သိရပါတယ်။

နောက်ပြီး စနေ၊ တနင်္ဂနွေနေ့တွေမှာလည်း ရှေးဟောင်း ဇာတ်ကားတွေ ပြသခြင်း၊ ရုပ်သေးပွဲတွေ ပြသခြင်း၊ ရုပ်ရှင်နဲ့ပတ်သက်တဲ့ ပြခန်းတွေ ပြုလုပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“အခုက ရုပ်ရှင်ရုံကို ပြင်ဆင်ထိန်းသိမ်းမှုလုပ်နေတယ်။ ပြည်ထောင်စုဝန်ကြီးကလည်း ထိန်းသိမ်းတဲ့အခါ ရှေးဟောင်းအဆောက်အအုံများ ပြင်ဆင်ထိန်းသိမ်းရာမှာ လိုက်နာဆောင်ရွက်ရမယ့် စည်းကမ်းချက်အတိုင်း စနစ်တကျ ပြင်ဆင်ထိန်းသိမ်းဖို့လမ်းညွှန်ထားပါတယ်။ ထိန်းသိမ်းမှုတွေပြီးရင် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် နယ်ပယ်အသီးသီးက ပွဲလမ်းသဘင်​တွေ စီစဉ်ကျင်းပနိုင်မှာဖြစ်ပါတယ်။ရှေးဟောင်းသမိုင်းဝင် ရုပ်ရှင်ရုံဖြစ်လို့ ခင်းကျင်းပြသမှုအပိုင်း၊ ဖျော်ဖြေတင်ဆက်မှုအပိုင်းကို အဆင့်အတန်းမြင့်မြင့်လုပ်ဖို့လည်းပြောတယ် “လို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးကပြောပါတယ်။

ဝဇီရာရုပ်ရှင်ရုံကို ၁၉၂၀ ပြည့်နှစ်မှာ တည်ဆောက်ခဲ့တာဖြစ်လို့ မြန်မာနိုင်ငံရဲ့ ရှေးအကျဆုံး ရုပ်ရှင်ပြဇာတ်ရုံဖြစ်ပြီး မူလနာမည် Excelsior ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်၁၉၄၂ ခုနှစ်မှာ “အေဝမ်းရုပ်ရှင်ရုံ”အ​ဖြစ်ပြောင်းခဲ့ပြီး ၁၉၆၈ ခုနှစ်မှာ“ဝဇီရာ” အဖြစ် ပြောင်းလဲခဲ့တာဖြစ်ကြောင်း၊ ရုပ်ရှင်ရုံဟာ ၁၆ ရာစုကနေ ၁၈ ရာစုအတွင်းက ပြင်သစ်ဗိသုကာ အသွင်အပြင်တွေ ပေါင်းစပ်ထားတဲ့ Beaux Arts ဗိသုကာလက်ရာပုံစံဖြစ်ပြီး ရုပ်လုံးရုပ်ကြွ​တွေနဲ့ တန်ဆာဆင်ထားတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ဝဇီရာရုပ်ရှင်ရုံ #ရှေးဟောင်းအမွေအနှစ်ပြတိုက်

Related posts

Leave a Comment

VOM News

FREE
VIEW