ကချင်ပြည်နယ်ထဲက လူနေအိမ်တွေ ချိပ်ပိတ် သိမ်းဆီးခံရတာ ဒီရက်ပိုင်းမှာ စိပ်လာ

ဇူလိုင် ၊ ၃ ၊ ၂၀၂၂
SP (VOM)

ကချင်ပြည်နယ်ထဲက လူနေအိမ်တွေကို ဒီရက်ပိုင်းမှာ ချိပ်ပိတ်သိမ်းဆီးတာ ဒါဇင်ဝက် ကျော်ရှိနေပြီး ဒီကနေ့ ဇူလိုင် ၃ ရက်နေ့ ၊ မနက်အစောပိုင်းကလည်း မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ လုံးခင်းကျေးရွာမှာရှိတဲ့ ဦးဇော်မင်းဦးရဲ့ နေအိမ်ကို လုံခြုံရေး အင်အား အများအပြားနဲ့ လာရောက်ချိပ်ပိတ်သွားတယ်လို့ လုံးခင်းဒေသခံတွေဆီက သိရပါတယ်။

” ဒီရက်ပိုင်းမှာ ချိပ်ပိတ်သိမ်းဆီးခံရတာ ဖားကန့်နယ်ထဲမှာ ၂ အိမ်ရှိတယ် ၊ အရင်နေ့က NLD ပါတီက ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်ဟိန်းမင်း ရဲ့ အိမ်ကိုချိပ်ပိတ်တယ် ၊ ဒီမနက်မှာ လုံခင်းက ဦးဇော်မင်းဦးရဲ့ နေအိမ်ကို ထပ်ပြီး ချိပ်ပိတ်နေတာ ” လို့ ဖားကန့်မြို့ခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်ထဲက ဗန်းမော်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဇော်သင်းရဲ့နေအိမ် ၊ ကချင်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဌ ဦးခန်လင်ရဲ့နေအိမ် ၊ မိုးညှင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်သက်ထားနှောင်းရဲ့နေအိမ် ၊ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဝင်းနိုင်ရဲ့ နေအိမ်တွေဟာ ချိပ်ပိတ်သိမ်းဆီး ခံထားရတယ်လို့ သိရပါတယ်။

အဲ့ဒီလို လူနေအိမ်တွေ ချိပ်ပိတ်သိမ်းဆီးတာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ ၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးရုံးနဲ နီးစပ်သူတစ်ဦးက ” အိမ်တွေချိပ်ပိတ်သိမ်းဆီးတယ်ဆိုတာ အကြမ်းဖက်မှုဆိုင်ရာ တိုက်ဖျက်ရေး ဥပဒေအရ စစ်ဆေးပေါ်ပေါက်ပြီး ငြိစွန်းနေတဲ့အတွက် နည်းဥပဒေအရ သိမ်းဆီးရတာ ” လို့ ပြောပါတယ်။

ကချင်ပြည်နယ်ထဲက မြို့ရွာတွေမှာ ပြီးခဲ့တဲ့နှစ်ကစလို့ လူနေအိမ်တွေ ချိပ်ပိတ်သိမ်းဆီးခံရတာတွေရှိပါတယ် ၊ အဲ့ဒီလို ချိပ်ပိတ် သိမ်းဆီးခံရတဲ့အထဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပါတီနိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ လူပုဂ္ဂိုလ်တချို့ရဲ့ နေအိမ်တွေလည်း ပါဝင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ချိပ်ပိတ် #ကချင်ပြည်နယ်

Related posts

Leave a Comment

VOM News

FREE
VIEW