စစ်ကိုင်းတိုင်းမှာ ၂ရက်အတွင်း လူ ၇ ဦး အသတ်ခံရ

ဇူလိုင် ၊ ၂၉ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်းမှာ မနေ့ ဇူလိုင် ၂၈ ရက်နဲ့ ဒီကနေ့ဇူလိုင် ၂၉ရက် ၂ရက်အတွင်း လူသတ်မှု ၅ ကြိမ်ဖြစ်ပွားပြီး သေဆုံးသူ ၇ ဦးရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

” ဒီကနေ့ ဇူလိုင် ၂၉ ရက် ၊ နေ့လယ်ပိုင်း ၁၂နာရီဝန်းကျင်က မုံရွာမြို့နယ် ၊ အလုံတပ်မြို့ ၊ ခဝဲကျင်းကျေးရွာမှာ ၂ လောင်းပြိုင် လူသတ်မှုဖြစ်တယ် ၊ သေဆုံးသူတွေက ဦးခင်မောင်မြင့်နဲ့ သူ့မိန်းမ ဒေါ်အေးဌေးတို့ဖြစ်တယ်”လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

မနေ့ ဇူလိုင် ၂၈ ရက် ၊ မနက်ပိုင်းကလည်းစစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင််ဦးမြို့နယ် ၊ ရွာစဥ်ကျေးရွာက ဦးစိန်ဌေး အသက် ၆၂ နှစ် နဲ့ ဦးမျိုးလှိုင်ဝင်း ဆိုသူ ၂ ယောက် အသတ်ခံရတာ ဖြစ်ပါတယ်။

မနေ့ ညနေပိုင်း ၆ နာရီဝန်းကျင်မှာပဲ မြင်းမူမြို့နယ် ၊ ဂရုကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်ဇော် အသတ်ခံရတာ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် မနေ့က နေ့လယ်ပိုင်း ၁၁ နာရီဝန်းကျင်ကလည်း စစ်ကိုင်းမြို့နယ် ၊ လင်းယဥ်ကျေးရွာက ဦးဝင်းအောင် အသက် ၅၂ နှစ်ဟာ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

အဲ့ဒီနောက် မနေ့ ဇူလိုင် ၂၈ ရက် ၊ နေ့လယ် ၁ နာရီဝန်းကျင်က စစ်ကိုင်းမြို့နယ် ၊ ညောင်ပင်ဝန်းကျေးရွာ ၊ မုံရွာ မန္တလေး ကားလမ်းမှာ ညောင်ပင်ဝန်းရွာက ကားသမား ဦးဇော်နိုင်ဝင်း ခေါ် ဦးဘဂျမ်း ဆိုသူလည်း ပစ်သတ်ခံခဲ့ရပါတယ်။

မနေ့က နေ့လည်ပိုင်းမှာ ညောင်ပင်ဝန်းရွာထဲက လျှပ်စစ်လုပ်သားတယောက် သေနတ်နဲ့ ပစ်ခံရလို့ ပြင်းထန်ဒဏ်ရာရပြီး ဆေးကုနေရတာလည်း ရှိပါတယ်။

မနေ့ ဇူလိုင် ၂၈ ရက် ၊ နေ့လယ် ၂ နာရီဝန်းကျင်က ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် ၊ သေတ္တရာကျေးရွာ ၊ အခြေခံပညာ အလယ်တန်းကျောင်းမှာ စာသင်ကြားနေတဲ့ အလယ်တန်းပြ ကျောင်းဆရာ ဦးစိုင်းမင်းလတ် ဆိုသူလည်း ဓားနဲ့ ဝိုင်းခုတ်တာကြောင့် ပြင်းထန်ဒဏ်ရာရပြီး ဆေးကုသနေရတယ်လို့ သိရပါတယ်။

အဲ့ဒီ လူသတ်မှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းတွေက အမှုဖွင့် စစ်ဆေးနေပေမယ့် အခုထိတော့ လက်သည်ပေါ်တယ်ဆိုတာ မကြားရသေးပါဘူး။

အဲ့ဒီ လူသတ်မှုတွေကို ဘယ်သူတွေက ကျူးလွန်တယ်ဆိုတာ VOM က အတည်ပြုနိုင်ခြင်း မရှိပါသေးဘူး။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW