တရုတ်ဒုံးပျံ အစိတ်အပိုင်းတွေ ဇူလိုင် ၃၁ ရက်မှာ ကမ္ဘာပေါ်ကျရောက်မယ်လို့ သုတေသီတွေပြော

ပေကျင်း၊ ဇူလိုင်-၂၉-၂၀၂၂
မျိုးဆက်(VOM)

မကြာသေးမီရက်ပိုင်းအတွင်းက တရုတ်နိုင်ငံက လွှတ်တင်ခဲ့တဲ့ ဒုံးပျံရဲ့အပိုင်းအစတွေဟာ လာမယ့်သီတင်းပတ်ကုန်ပိုင်းမှာ ကမ္ဘာ့ပေါ်ကို ပြန်လည်ကျရောက်ဖို့ရှိနေပြီး ဒီဖြစ်စဉ်အပေါ် အနီးကပ်ခြေရာခံစောင့်ကြည့်နေကာ ကမ္ဘာပေါ်ကလူတွေအတွက် အန္တရာယ်နည်းပါးမယ်လို့ တရုတ်နိုင်ငံက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကမ္ဘာပတ်လမ်းကြောင်းမှာတည်ဆောက်နေတဲ့ တရုတ်နိုင်ငံရဲ့ အာကာသစခန်းအတွက် သုတေသနဓါတ်ခွဲခန်းတခုကို ဇူလိုင် ၁၄ ရက်မှာ Long March 5B ဒုံးပျံနဲ့ တရုတ်နိုင်ငံက လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

အရှည်ပေ ၁၀၀ ရှိပြီး ၂၂ တန်လေးတဲ့ ဒုံးပျံရဲ့ ပင်မကိုယ်ထည်ဟာ ကမ္ဘာပတ်လမ်းအနိမ့်ထဲမှာ ရောက်ရှိနေပြီး ဇူလိုင် ၃၁ ရက်မှာ ကမ္ဘာမြေပေါ်ကို ကျရောက်မယ်လို့ အမေရိကန်သုတေသနအဖွဲ့ Aerospace Corp က ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒုံးပျံကိုယ်ထည်ဟာ ကမ္ဘာ့လေထုထဲ၀င်ရောက်ချိန်မှာ လေထုနဲ့ပွတ်တိုက်မှုကြောင့် ပြိုကွဲသွားမှာဖြစ်ပေမယ့် လောင်ကျွမ်းမှုမရှိတဲ့ အစိတ်အပိုင်းတွေဟာ အလျား ၁၂၄၀ မိုင်နဲ့ အနံ ၄၄ မိုင် နယ်မြေပမာဏထိ အပျက်အစီးတွေကျရောက်နိုင်တယ်လို့ သုတေသီတွေကပြောပါတယ်။

ဒုံးပျံအပျက်အစီးတွေ ကျရောက်မယ့်နေရာကို လက်ရှိမှာအတိအကျ မသိရသေးပေမယ့် ကမ္ဘာ့လေထုထဲ ပြန်၀င်မယ့်အချိန်မှာတော့ နေရာအသိအကျကို ဖော်ထုတ်နိုင်မယ်လို့ဆိုပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW