ရွှေဘို-မြစ်ကြီးနား ကားလမ်းမှာ စက်သုံးဆီဘောက်ဆာကား လက်နက်ကြီးထိမှန်ပြီး ၁ ဦးသေ ၊ ၁ ဦး ပျောက်ဆုံးနေ

ဇူလိုင်၂၉ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ ပင့်တင်ကျေးရွာနဲ့ နန့်မကျိုင်ကျေးရွာအကြား ရွှေဘို မြစ်ကြီးနား ကားလမ်းမှာ မနေ့ ဇူလိုင် ၂၈ ရက် ညနေပိုင်းက စက်သုံးဆီသယ်လာတဲ့ ဘောက်ဆာကား နောက်တွဲယာဥ် ၁ စီး လက်နက်ကြီးကျည်ထိမှန်ပျက်စီးပြီး ကားသမား ၁ ဦးသေဆုံးကာ ၊ ၁ ဦးပျောက်ဆုံးနေတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ၂၂ ဘီးကား စက်သုံးဆီသယ်လာတဲ့ ဘောက်ဆာကား အပစ်ခံရတာပါ ၊ ကားသမား (ယာဥ်မောင်း) ဦးဇင်ကိုကိုလတ် ခေါ် အမောင်ကတော့ ကျည်ဆံထိမှန် သေဆုံးသွားတယ် ၊ ကားစပယ်ယာ ယာဥ်နောက်လိုက်ကတော့ ကိုဇော်မြင့်ထွန်း ခေါ် စပလိန်ကတော့ ပျောက်နေတယ် ” လို့ စက်သုံးဆီလုပ်ငန်းရှင် တယောက်က ပြောပါတယ်။

သေဆုံးသူ ကားသမားရဲ့ ရုပ်အလောင်းကို အင်းတော်ဆေးရုံဆီ ပို့ဆောင်ထားပြီး ပျောက်ဆုံးနေတဲ့ ကားသမားကို ပြန်လည်ရှာဖွေဖို့ နယ်မြေရှင်းလင်းရေးအဖွဲ့တွေ ဒီမနက်ပိုင်းက သွားရောက်နေပြီလို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲဒီ ဆီဘောက်ဆာကား ထိမှန်တဲ့ လက်နက်ကြီးဟာ ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ VOM က အတည်မပြုနိုင်သေးပါဘူး။

ဇူလိုင် ၁၀ ရက် မနက်ပိုင်းကလည်း ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ နတ်မဟုတ်ကြီးကျေးရွာနားက ရွှေဘို မြစ်ကြီးနား ကားလမ်းမှာAsia Energy ကုမ္မဏီက ဓာတ်ဆီတွေသယ်ဆောင်လာတဲ့ ဆီဘောက်ဆာကား ၁ စီး လက်နက်ကြီးကျည် ထိမှန်ပေါက်ကွဲပြီး ကားမီးလောင်သွားတာဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #အင်းတော်

Related posts

Leave a Comment

VOM News

FREE
VIEW