အလွတ်တန်းသတင်းထောက် မောင်မောင်မျိုး ဖမ်းဆီးခံရပြီး ၂ လအကြာမှာ ထောင်၆နှစ်ချခံရ

ဇူလိူင် ၂၉-၂၀၂၂
GG(VOM)

အလွတ်တန်းသတင်းထောက် မောင်မောင်မျိုးကို ဖမ်းဆီးပြီး ၂ လအကြာ ဒီနေ့ ဇူလိူင်၂၉ ရက်နေ့မှာ ဘားအံတရားရုံးကနေ ထောင် ၆ နှစ် အမိန့်ချလိုက်တယ်လို့ သိရပါတယ်။

သတင်းထောက်မောင်မောင်မျိုးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) နဲ့ အမိန့်ချခဲ့တာဖြစ်ပြီး အယူခံဆက်ဝင်သွားမှာဖြစ်တယ်လို့ မိသားစုမဲခေါင်သတင်းအေဂျင်စီမှ ကိုဉာဏ်လင်းထက်က ပြောပါတယ်။

“ဘားအံတရားရုံးက ဒီမနက် ၆နှစ်ချလိုက်ပါတယ် ။ ၅၂(က)နဲ့ပါ အယူခံဝင်ပါ့မယ်သိပါတယ်။ ဒီနေ့အမိန့်ချမယ်ဆိုတာသိလို့ သူ့အမေလည်း သွားပါတယ် ။ ရုံးချိန်းတွေကတော့ သေချာမမှတ်မိဘူး။ ၂လလောက်ပဲကြာတယ်။ မေလ နောက်ဆုံးပတ်မှာ တရားစွဲတင်ပြီး အခုချလိုက်တာပါ ။ “လို့ သူက ပြောပါတယ်။

သတင်းထောက်မောင်မောင်မျိုးကို မဲခေါင်သတင်းဌာနကို သတင်းဆက်သွယ်ပေးပို့တာကြောင့် တရားရုံးက ထောင်ချလိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်းထောက် မောင်မောင်မျိုး ကို ၂၀၂၂ ခုနှစ် မေလ ၁၀ ရက်နေ့မှာ မြဝတီကနေ မန္တလေးကိုအပြန် ဘားအံမြို့၊ သံလွင်တံတားမှာ ဖုန်းကိုစစ်ဆေးချိန် ဖုန်းထဲတွေ့ရတဲ့အချက်အလက်တွေကြောင့် အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိူင် ၁၄ ရက်နေ့ကလည်း ရန်ကုန်က အလွတ်တန်း သတင်းထောက် မေဘယ်လ် (ခ) ငြိမ်းငြိမ်းအေးကို ၅၀၅ (က)နဲ့ အမှုဖွင့်တရားစွဲဆိုပြီး အင်းစိန်ထောင်တွင်းအထူးတရားရုံးက အလုပ်ကြမ်းနဲ့ ထောင် ၃ နှစ် အမိန့်ချလိုက်ပါသေးတယ်။

၂၀၂၂ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ၁နှစ်ကျော်ကာလအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သတင်းသမားဦးရေ ၁၀၀ ကျော်ထိရှိခဲ့ပြီး အဲ့ဒီထဲကမှ ပြန်လည်လွတ်မြောက်လာသူတွေရှိသလို ဆက်လက်ဖမ်းဆီးခံရသူတွေရှိနေတဲ့အပြင်ထောင်ဒဏ်ချမှတ်ခံထားရသူတွေလည်းရှိပါတယ်။

အမှုဖွင့်ခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေတဲ့သတင်းသမားတွေလည်း ရှိနေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲကြားနဲ့ စစ်ကြောရေးမှာ သေဆုံးခဲ့ရတဲ့ သတင်းသမား ၃ ဦး ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #အလွတ်တန်းသတင်းထောက် #မောင်မောင်မျိုး #ထောင်၆နှစ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW