ကလေးဝ – မော်လိုက်ကားလမ်းမှာ တံတားကျိုးကျနေလို့ ယာဥ်တွေသွားလာလို့မရသေး

ဇူလိုင် ၊ ၃၁ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးဝမြို့နယ် ၊ နန်းမော်ကယ်ကျေးရွာအနီး ကလေးဝ မော်လိုက်ကားလမ်းမှာ မနေ့ ဇူလိုင် ၃၀ ရက် မနက်ပိုင်းကတံတား ၁ စင်းကျိုးကျနေတာကြောင့် သွားလာမရဘဲ ယာဥ်ပိတ်ဆို့တာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံ ကားသမားတွေဆီက သိရပါတယ်။

” သံကူ ကွန်ကရစ်တံတားပါ ၊ တံတားချဥ်းကပ်လမ်းမြေသားတွေ ရေတိုက်စားသွားပြီး တံတားက ၆ ပေ ကျော်လောက် နိမ့်ကျသွားတာပါ ၊ ကွင်းလမ်း မရှိသေးတာကြောင့် ယာဥ်ပိတ်ဆို့တာတော့ ရှိတယ် ” လို့ ကားသမားတယောက်က ပြောပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်းဖြစ်တဲ့ ကလေးဝ ၊ မော်လိုက် ၊ ဖောင်းပြင်၊ ဟုမ္မလင်း စတဲ့ မြို့နယ်တွေဘက်မှာ အခုလ ၂၅ ရက်နေ့ နောက်ပိုင်းကစလို့ ရွာသွန်းမြဲထက် စံချိန်တင် မိုးရွာသွန်းလာတာကြောင့် အခုလို တောင်ပေါ်ကားလမ်းတွေမှာ တံတားတွေရေတိုက်စားပြီး ပျက်စီးရတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကလေးဝ မော်လိုက်ကားလမ်းမှာ သံဘေလီတံတားတစ်စင်းဟာ တန်ပိုကုန်တင်ကား မောင်းနှင်ဖြတ်သန်းချိန် ကျိုးကျပျက်စီးခဲ့ပြီး ကားရော တံတားပါ ချောင်းအောက်ကို ပြုတ်ကျခဲ့တာ ဖြစ်ခဲ့ပါသေးတယ်။

အဲ့ဒါကြောင့် လက်တလောမှာ ကလေးဝ မော်လိုက် ခရီးသွားတွေအနေနဲ့ လမ်းတံတားပိုင်း အခြေအနေတွေကို နီးစပ်ရာမှာ သေခြာစုံစမ်း လေ့လာပြီးမှ သွားသင့်တယ်လို့ ဒေသခံ ကားသမားတွေက အကြံပြုထားပါတယ်။

#voiceofmyanmar #VOM #ကလေးဝ #မော်လိုက်ကားလမ်း #တံတားကျိုးကျ #ယာဥ်အသွားအလာမရသေး

Related posts

Leave a Comment

VOM News

FREE
VIEW