“သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုနည်းစေဖို့ ဆိုရင်…”

သွေး (စစ်ကိုင်း)

ရာသီဥတု ပြောင်းလဲလာမှုရဲ့ အကျိုးဆက်ကြောင့် ကမ္ဘာတဝှမ်းမှာ သဘာဝဘေးအန္တရာယ်တွေ ပိုမိုများပြား လာနေတဲ့ သတင်းတွေ နေ့စဉ်မပြတ် ကြားနေရပါတယ်။ တောမီးလောင်တာ၊ ရေကြီးတာ၊ မိုးခေါင်တာ၊ မြေပြိုတာ၊ ငလျင်လှုပ်တာ၊ ရေခဲတောင်တွေ အရည်ပျော်ကျတာ၊ မုန်တိုင်းတွေ
ဆက်တိုက်ဆိုသလို တိုက်ခတ်တာတွေက လူသားတွေရဲ့ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်နေပါတယ်။ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုတွေရဲ့ ထိခိုက်မှုတွေ လျှော့ချနိုင်ဖို့ လုပ်သင့် လုပ်ထိုက်တာတွေကို မဖြစ်မနေ လုပ်ဆောင်ဖို့ အချိန်တန်နေပါပြီ။

ကျွန်မတို့ မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံနေရတဲ့ နိုင်ငံစာရင်းမှာ ပါဝင်နေပါတယ်။ နှစ်စဉ် နှစ်တိုင်းလိုလို မိုးရာသီမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး တချို့ဒေသတွေမှာတော့ မိုးခေါင်တာတွေ ဖြစ်ပေါ်နေပါတယ်။ ရေကြီးရေလျှံမှုရော မိုးခေါင်မှုရောက စိုက်ပျိုးရေးကို အဓိကဦးစားပေး လုပ်ကိုင်နေရတဲ့ တောင်သူတွေအပေါ် အများဆုံး ထိခိုက်စေပါတယ်။ အချိန်အခါမဟုတ် ရွာသွန်းတဲ့ မိုးကြောင့် သီးနှံတွေ ပျက်စီးမှု ရှိနေသလို ရွာချိန်မှာ မရွာတဲ့ မိုးကြောင့်လည်း သီးနှံအထွက်နှုန်းကို ထိခိုက်တာတွေ ရှိနေပါတယ်။

မြစ်ချောင်းတွေမှာ ရေကြီးရေလျှံမှု ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ သတ္တုတူးဖော်ရာက ထွက်ပေါ်လာတဲ့ မြေစာတွေ စွန့်ပစ်တာနဲ့ သစ်တောပြုန်းတီးမှုတွေက အကြောင်းရင်းတွေအနေနဲ့ ပါဝင်နေပါတယ်။ ရေနေသတ္တဝါတွေ မှီတင်းနေထိုင်ကြရတဲ့ မြစ်တွေမှာ ဟိုအရင်တုန်းက ငါးတွေ၊ပုစွန်တွေ ပေါများခဲ့သလို ရေဟာ သန့်စင်ကြည်လင်မှုရှိလို့ အနီးဝန်းကျင်က ဒေသခံတွေ
သောက်သုံးနိုင်တဲ့အထိ အဆင်ပြေခဲ့ပါတယ်။ ဒါပေမယ့် ကျောက်စိမ်းတူးဖော်မှုက ထွက်ရှိလာတဲ့ မြေစာတွေကို မြစ်ချောင်းတွေထဲ စွန့်ပစ်တာတွေက မြစ်ကြမ်းပြင် မြင့်တက်လာစေရုံသာမက ရေကြီးရေလျှံမှုတွေပါ ဖြစ်ပေါ်လာစေပါတယ်။

ဧရာဝတီမြစ်ကြီး အစပြုစီးဆင်းရာမှာ အရေးပါတဲ့ မေခနဲ့ မလိခ မြစ် နှစ်သွယ် ပေါင်းဆုံရာ မြစ်ဆုံဒေသဟာ “ဇီဝမျိုးစုံကွဲ” ကြွယ်ဝတဲ့ ဒေသ ဖြစ်တာကြောင့် မြစ်ဆုံမှာ ရွှေတူးဖော်တာ၊ မြေစာတွေ စည်းကမ်းမဲ့ စွန့်ပစ်တာတွေကို အထူး ရှောင်ရှားရမှာ ဖြစ်ပါတယ်။ ဧရာဝတီမြစ်မှာသာမက သံလွင်မြစ်ဟာလည်း ဒေသခံတွေအတွက် ဘဝရှင်သန်ရပ်တည်ရေးမှာ အရေးပါတဲ့ မြစ်တစ်စင်း
ဖြစ်တာကြောင့် ရေရှည်တည်တံ့ရေးကို အလေးပေး လုပ်ဆောင်သင့်ပါတယ်။

မြန်မာနိုင်ငံဟာ သဘာဝက လက်ဆောင်ပေးထားတဲ့ သစ်တော သစ်ပင်တွေ စုံလင်ကြွယ်ဝတဲ့နိုင်ငံဖြစ်ပြီး အဖိုးတန်သစ်တွေ ဖြစ်တဲ့ ကျွန်း၊ ပျဉ်းကတိုး အပါအဝင် သစ်မျိုးစုံလည်း ထွက်ရှိတဲ့ နိုင်ငံပါ။

ဒါပေမဲ့ သစ်တွေကို အလွန်အကျွံ ထုတ်ယူမှုတွေ ဖြစ်‌ပေါ်ခဲ့တဲ့ နှစ်တွေ နောက်ပိုင်းမှာ နိုင်ငံရဲ့သစ်တောဖုံးလွှမ်းမှု ပမာဏ လျော့ကျလာခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဟာ အရင်က နိုင်ငံဧရိယာရဲ့ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၀ ခုနှစ်က ၂၀၁၅ ခုနှစ်အတွင်း
နှစ်စဉ်သစ်တော ပြုန်းတီးမှုဟာ ၁ ဒသမ ၇ ရာခိုင်နှုန်းထိ မြင့်တက်လာတယ် လို့ မှတ်တမ်းတွေအရ သိရပါတယ်။ သစ်တောပြုန်းတီးမှုရဲ့ အကျိုးဆက် အဖြစ် ရာသီဥတု ပိုမို ပူပြင်းလာတာ၊ ရေအရင်းအမြစ်တွေ ဆုံးရှုံးလာတာ၊ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် သစ်အလုံးလိုက် ပြည်ပတင်ပို့တာတွေကို တာဝန်ရှိသူတွေက တားဆီးပိတ်ပင်လိုက်သလို သစ်တောပြန်လည် ပြုစုပျိုးထောင်ရေးကိုပါ လုပ်ဆောင်လာခဲ့တာ တွေ့ရပါတယ်။

အင်းလေးကန်ဒေသ ရေရှည်တည်တံ့ရေးဟာ အရေးကြီးသလို မွန်ပြည်နယ် မုတ္တမကွေ့၊ တနင်္သာရီတိုင်းဒေသကြီးက မြိတ်ကျွန်းစုတွေရဲ့ ‌ဂေဟစနစ်တွေ တည်တံ့ဖို့လည်း လုပ်ဆောင်သွားရမှာပါ။ သစ်တောပြန်လည် ပြုစုပျိုးထောင်ရေးအတွက် ကြိုးပမ်းရာမှာ နှစ်ရှည်စီမံကိန်းတွေ ချမှတ်လုပ်ဆောင်ဖို့
လိုအပ်သလို တစ်ဖက်ကလည်း ဒေသအစုအဖွဲ့ပိုင် သစ်တောတွေ ထူထောင်ဖို့ လိုအပ်ပါတယ်။ သစ်တောဖုံးလွှမ်းမှု ဧရိယာ ပြန်လည်များပြားလာရင် ရေအရင်းအမြစ်တွေ တည်တံ့အောင် ထိန်းသိမ်းနိုင်မှာ ဖြစ်သလို အစွန်းရောက် ရာသီဥတုကိုပါ အတိုင်းအတာ တစ်ရပ်အထိ ဟန့်တားထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

ရေကြီး ရေလျှံမှုတွေက နှစ်စဉ် ဖြစ်ပွားနေတယ် ဆိုပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ မြန်မာနိုင်ငံရဲ့တောင်ပေါ်မြို့တွေမှာပါ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ ဇူလိုင် ၃၁ ရက်နေ့က မကြုံစဖူး ရေကြီးမှုနဲ့ တွေ့ကြုံခဲ့ပါတယ်။ တောင်ကျချောင်းရေတွေ တဟုန်ထိုးစီးဆင်းပြီး ရေကြီးမှုကြောင့် တချို့နေအိမ်တွေ ပျက်စီးခဲ့ရသလို စိုက်ခင်းတချို့ပါ ပျက်စီးခဲ့ရပါတယ်။ နှစ်ပေါင်းများစွာအတွင်း အခုလို ဆိုးဆိုးရွားရွား ရေကြီးရေလျှံဖြစ်ရတာဟာ သစ်တောတွေ နည်းပါးလာမှုနဲ့ အမှိုက်သရိုက် စွန့်ပစ်ရာမှာ စည်းကမ်းမကျမှုကြောင့် ဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ ဒါအပြင် မြေအသုံးချမှု အပြောင်းအလဲ မြန်လာတာ၊ လူနေအဆောက်အဦတွေ
များပြားလာတာ၊ ရေမြောင်းနေရာတွေမှာ အဆောက်အဦတွေ တိုးချဲ့ဆောက်လုပ်လာကြတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ယူဆနေတာတွေ ရှိပါတယ်။

ကျောက်မျက်ရတနာတွေ ထွက်ရှိရာ မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာလည်း ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဩဂုတ်လထဲမှာ မိုးကြီးမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူနေအိမ် ထိခိုက်မှုတွေ ဖြစ်ခဲ့ရပါတယ်။ တဖန် ၂၀၂၂ ခုနှစ် ဇူလိုင် ၃၀ ရက်နေ့ကလည်း မိုးကုတ်မြို့အရှေ့ပိုင်းမှာ ရေကြီးပြီး ချောင်းရေလျှံတာ ဖြစ်ပွားတာကြောင့် နေအိမ်တချို့ ရေနစ်မြုပ်မှု
ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလို ချောင်းရေလျှံရတာက ကျောက်မျက်တူးဖော်ရာမှာ စနစ်တကျ လုပ်ဆောင်မှုအားနည်းတာနဲ့ မရှိတာနဲ့ဆက်စပ်နေတယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။

ဩဂုတ်လ ၁၀ ရက်နေ့ကလည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုနဲ့အတူ မယ်ဆိုင်ချောင်း ရေလျှံပြီး ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပါတယ်။ တာချီလိတ်မြို့မှာ အရင်က ရေကြီးမှုဖြစ်ပွားတာတွေ ရှိခဲ့ပေမယ့် ဒီတစ်ခါ အဆိုးဆုံးပဲလို့ ဒေသခံတွေက ပြောပါတယ်။

တစ်ခါ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဝမ့်ဆမ်ရွာမှာလည်း တောင်ကျရေတွေ တရဟော စီးဆင်းလာမှုကြောင့် အခါလူမျိုး ဇနီးမောင်နှံ ၂ ယောက် တောင်ကျရေနဲ့ မျောပါ သေဆုံးသွားခဲ့ရတဲ့ ဖြစ်ရပ်ကလည်း ဩဂုတ် ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။

မွန်ပြည်နယ် ရေးမြို့နဲ့ ဇင်းကျိုက်မြို့၊ တနင်္သာရီတိုင်း တနင်္သာရီမြို့၊ကရင်ပြည်နယ် မြဝတီနဲ့ ကြာအင်းဆိပ်ကြီးမြို့တို့မှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အခုလို ရေကြီးမှုတွေ ဘာကြောင့်ဖြစ်ရတာလဲဆိုတာ အဖြေရှာပြီး အစီအမံတွေ ချမှတ်လုပ်ဆောင်မှသာ နောက်ထပ် ဖြစ်လာနိုင်တဲ့ သဘာဝဘေး အန္တရာယ်ရဲ့ ထိခိုက်စေနိုင်တာကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

အပူပိုင်းမုန်တိုင်းတွေ တိုက်ခတ်တဲ့အခါ မုန်တိုင်း ဒီရေကို ကုန်းတွင်းပိုင်းဆီ မရောက်အောင် “ဒီရေတော”တွေကပဲ ကာကွယ်ပေးနိုင်ပါတယ်။ ဒီရေတောတွေဟာ ဂေဟစနစ်အတွက်ပါ အရေးပါတဲ့အတွက် ဒီရေတော ပြုစုပျိုးထောင်ရေးဟာ သဘာဝဘေးအန္တရာယ် လျော့ပါးစေဖို့ အထောက်အကူ အများကြီး ပြုပါတယ်။ တနင်္သာရီတိုင်း၊ မြိတ်ကျွန်းစု၊ ဧရာဝတီတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာ ဒီရေတောတွေ တိုးချဲ့စိုက်ပျိုးထားပါတယ်။ ဒီရေတောတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဒေသခံတွေကို အသိပညာပေးမှုတွေ ပြုလုပ်ပေးဖို့ လိုပါတယ်။

၂၀၀၈ ခုနှစ်၊ မေလက တိုက်ခတ်ခဲ့တဲ့ “နာဂစ်” ဆိုင်ကလုန်းမုန်တိုင်းမှာ လူအများအပြား သေဆုံးရမှုမှာ ဒီရေတော ပြုန်းတီးမှုက အကြောင်းရင်း တစ်ချက်အနေနဲ့ ပါဝင်နေတယ်လို့ ပညာရှင်တွေက ပြောဆိုပါတယ်။ ဒါကြောင့် ဒီရေတောတွေရဲ့ အရေးပါမှုကို ဒေသခံတွေ နားလည်လာအောင် အသိပညာပေးမှုနဲ့ ဒီရေတော ပြုစုပျိုးထောင်ရေးမှာ ပါဝင်လုပ်ဆောင်လာကြမယ်ဆိုရင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်လာနိုင်တာတွေကို လျှော့ချ နည်းပါးစေမှာပါ။

နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ သဘာဝဘေးအန္တရာယ် ထိခိုက်မှု လျော့ပါးရေးနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှု ဖြစ်ပါတယ်။ မုန်တိုင်းတစ်ခု ဝင်ရောက်လာနိုင်တယ်ဆိုရင် မုန်တိုင်းရဲ့သက်ရောက်မှုရှိနိုင်တဲ့ ဒေသရှိ ပြည်သူတွေကို သတင်းသိအောင် ကြေညာပေးတာ၊ ဘေးလွတ်ရာနေရာကို ရွှေ့ပြောင်းပေးတာ၊ မုန်တိုင်းဒဏ်ခံ အဆောက်အဦတွေ ဆောက်လုပ်ပေးတာတွေ ဖြစ်ပါတယ်။ ပြည့်စုံတဲ့ စီမံခန့်ခွဲမှုက ထိခိုက်မှုအန္တရာယ်ကို နည်းပါးစေမှာ ဖြစ်ပါတယ်။

တစ်ဆက်တည်း ဇီဝမျိုးစုံမျိုးကွဲတွေ ထိန်းသိမ်းစောင့်ရှောက်ရေးကိုလည်း လုပ်ဆောင်ရမှာပါ။ သတ္တုတူးဖော်မှုတွေကို စနစ်တကျဖြစ်အောင် ကြပ်မတ်ဖို့နဲ့ မြစ်ချောင်းတွေ တိမ်ကောစေပြီး ရေသတ္တဝါတွေကို ထိခိုက်စေတဲ့ တရားမဝင် အလွန်အကျွံ ရွှေတူးဖော်မှုတွေကို အရေးယူ တားမြစ်သွားမှသာ ရေကြီးရေလျှံမှုတွေကို ကာကွယ် လျော့နည်းစေမှာလည်း ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် ထိန်းသိမ်းနိုင်မှသာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုတွေလျော့ပါးမှာ ဖြစ်တာကြောင့် သစ်တောပြန်လည်ပြုစုပျိုးထောင်ရေး၊ ဂေဟစနစ်ထိန်းသိမ်းရေး၊ ဒီရေတော ပြုစုပျိုးထောင်ရေး၊ သတ္တုတူးဖော်ရာ စနစ်ကျနမှု၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး စတာတွေကို အရှိန်မြှင့် လုပ်ဆောင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ။

#voiceofmyanmar #VOM #သွေး(စစ်ကိုင်း) #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW