ပျောက်ကွယ်လို့သွား၊ ဈေးများ၊ ဝင်းများ၊ အတန်းများ

ဆူးငှက်

သက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် မန္တလေးရတနာပုံမင်းနေပြည်နှင့် မြို့သစ်တည်ပြီးနောက် လေးပြင်လေးရပ်တွင် အိမ်ခြေများ တည်ရှိလာသည်နှင့်တစ်ပြိုင်တည်း ဈေးများရှိသည်။
မန္တလေး၏ အထင်ကရဈေးကြီးဖြစ်သော ဈေးချိုတော်သည်လည်း မန္တလေးမြို့တည်သည်နှင့် “ဈေးကြိုတော်”အမည်ဖြင့် တည်ရှိခဲ့သည်။ စင်စစ်ဈေးချိုတော်သည် အင်းဝမင်းနေပြည်၊ အမရပူရမင်းနေပြည်တို့မှာကတည်းက ပါရှိခဲ့သည်။ထို့ကြောင့် ထိုမင်းနေပြည်များ၏ အစဉ်အဆက်ဖြစ်သော မန္တလေးရတနာပုံတွင်လည်း ဈေးချိုတော်ပါရှိခဲ့ခြင်းဖြစ်၏။ထိုစဉ်က ဈေးကြို(ဈေးချိုတော်)သည် ယခု ငါးပိတန်းလက်ကြားနေရာဖြစ်သည်ဟု မှတ်သားရသည်။ ဈေးချိုနှင့်အတူမြို့ပေါ်၊ မြို့ပြင်ဝန်းကျင် ဈေးပေါင်း ၃၀ကျော်ရှိပြီး အချို့ဈေးများက တစ်နေကုန်ရောင်းချကြသည်ဟုဆို၏။ အချို့ဈေးများက နံနက်ခင်းတွင် ရောင်းချသည်။အချို့ဈေးများက ညနေခင်းဈေးသို
့ပြောင်းရွှေ့ရောင်းချကြသည်။

ထိုစဉ်ကဈေးသည်များ၏ ပုံရိပ်ကား ဈေးတောင်းကို ခေါင်းရွက်၍ မြို့၏လေးပြင်လေးရပ်ကို ခြေကျင်သွားလာကြပုံများဖြစ်သည်။ ၁၈၈၆ ခုနှစ်မတိုင်မီ
မန္တလေးမြို့တော်ပုံ ပုရပိုက်မြေပုံတစ်ခုတွင်တော့ ထိုစဉ်က ထင်ရှားသည့် ဈေးကြီးများ၏ နေရာများဖော်ပြထားပုံကိုတွ့ရှိရသည်။ ထိုဈေးမှာ (၁)ဈးချို (၂) ယိုးဒယားဈေး (၃) မလွန်ဈေး (၄)ညွှန့်ပေါင်းဈေး (၅) ရဟိုင်းဈေး (၆) ညောင်ပင်ဈေးတို့ဖြစ်သည်ဟု ဆို၏။

ဈေးချိုကတော့ ယခု ငါးပိတန်းလက်ကြားဟု ဆိုသည်။ ယိုးဒယားဈေးကယခု ဗဟိုမီးသတ်အနီးဖြစ်မည်။ မလွန်ဈေးကတကယ့်လက်ကားပွဲရုံဈေးကြီးဖြစ်၏။ ယခု ၈၅ လမ်းနှင့် ၈၆ လမ်း ကြား၊ ၃၁ လမ်းနှင့် ၃၄ လမ်းကြားဖြစ်သည်။ မလွန်ဈေးမှာ ယွန်းတန်း၊ အိုးတန်း၊ ခဲလမ်းတန်း၊ ငါးပိတန်း၊ ဆားတန်း၊
ကွမ်းသီးတန်း၊ နီပါးတန်း၊ ပွတ်တန်း၊ကျောက်စိမ်းတန်းနှင့်ဆေးရိုးဝင်းဟူသော မျိုးတူ ကုန်ပစ္စည်းများရောင်းချနေရာအလိုက် ခွဲခြားနေရာချထားသည့် ဈေးကြီးဖြစ်သည်။ ညွှန့်ပေါင်းဈေးကတော့ ယခု ၃၅လမ်းနှင့် ၃၆ လမ်းကြား၊ ၈၂လမ်းနှင့် ၈၃လမ်းကြားတွင်ရှိသည်။ မန်းရတနာဈေးဟု အမည်ပြောင်းလဲထား၏။ ရဟိုင်းဈေးမှာ ယခုမန်းမြို့ဈေးဖြစ်သည်။ ၈၄လမ်းနှင့် ၈၅ လမ်းကြား ၃၈လမ်းနှင့် ၃၉ လမ်းကြားဖြစ်၏။ ညောင်ပင်ဈေးမှာလည်း ယခုနေရာ ၁၉လမ်းနှင့် လမ်း ၂၀
ကြား ရွှေတချောင်း အရှေ့ဘက်မှာပဲဖြစ်သည်။
မူလဈေးကြီး ၆ ဈေးအနက် ၅ဈေးမှာ ယခုအထိ ရောင်းဝယ်ဖောက်ကားနေကြဆဲဖြစ်၏။

ယိုးဒယားဈေးမှာ ယခုမရှိတော့ပြီ။ ထိုနေရာကို ယိုးဒယားဈေးဝင်း၊ ယိုးဒယားဈေးဂတ်ဟု ရှေးကခေါ်ခဲ့ကြသည်။ ယခုယိုးဒယားဈေးဂတ်မှာ အမှတ် ၈ ရဲစခန်းဖြစ်သည်။ ယိုးဒယားဈေးက ညနေဈေးဖြစ်ပြီး အလွန်စည်ကားခဲ့သည်ဟုဆို၏။ ငါးပိထောင်းဆားများ၊ ဓာတ်စာအတွက် အသီးအနှံများရာင်းချသည့် ဈေးကြီးဟုသိရသည်။ ရဟိုင်းဈေးမှာ အမရပူရခေတ် ဆင်ဖြူရှင်မင်း လက်ထက်ကတည်းက အစဉ်အဆက်ပါရှိလာခဲ့ကြသော ယိုးဒယားလူမျိုးများ စုစည်းနေထိုင်ရာမှ၊ သူတို့၏ အစားအသောက် ၊ အဝတ်အထည် အသုံးအဆောင်များ ရောင်းချဖောက်ကားကြပြီး ဈေးကြီးများဖြစ်လာသည်။ ထိုဈေးများတွင် ယိုးဒယားမုန့်တီ၊ မုန့်လက်ဆောင်း၊ ခနုံထုပ်၊ ဆနွင်းမကင်း၊ မာစကတ်၊ ထိုးမုန့်စသည့်ယိုးဒယားအစားအသောက်များလည်း ရရှိသည်ဟုဆိုကြ၏။

ညွှန့်ပေါင်းဈေးမှာလည်း ညနေဈေးဖြစ်သည်။
အရှေ့တောတစ်ခိုမှ အေလမ်း(၃၅လမ်း)အတိုင်းဆင်းလာသော သားငါးငှက်များကို ညွှန့်ပေါင်းဈေးတွင် ဝယ်ယူရရှိနိုင်ခဲ့သည်။

ညောင်ပင်ဈေးမှာ ထိုစဉ်က နံနက်ဈေးဖြစ်ပြီး အမရပူရမှာကတည်းက ညောင်ပင်ဈေးရှိခဲ့သည်။ အမရပူရတွင် ထီးပေါင်းကားအရပ်၏အနောက်ဘက်၌ တည်ရှိခဲ့သည်ဟုဆို၏။

မန္တလေးရွှေမြို့တော် တိုးတက်စည်ပင်လာသည်နှင့်အတူ ဈေးများမှာလည်း ပေါ်ထွန်းစည်ကားလာခဲ့သည်။ မှတ်တမ်းမှတ်ရာများအရ ဘုရားကြီးဈေးက မဟာမုနိဘုရားကြီးမြောက်မုခ်တည့်တည့်မှာရှိသည်။ ယခုတိုင်လည်း ရှိဆဲဖြစ်၏။

မန်ကျည်းပင်ဈေးက ယခုဘဏ်(၁) ၏ အရှေ့ဘက်၌ရှိခဲ့သည်ဟုဆို၏။ ယခုမရှိတော့ပြီ။ သမီးတော်ဈေးက ယခု ပြည်ကျော်ဈေး (ဦးတာရဲဈေး) ၏အနောက်ဘက်တွင်ရှိခဲ့သည်။ ယခုပြည်ကျော်ဈေး (ဦးတာရဲဈေး)သည် သမီးတော်ဈေး၏အဆက်ဖြစ်မည်။

မင်းတဲဈေးမှာ ယခု မင်းတဲအီကင်းရပ်၌ ရှိခဲ့သည်။ ယခုမရှိတော့။ မင်းတဲဈေးကို ပုဏ္ဏားဈေးဟုလည်းခေါ်ဆိုကြသည်။

တပယ်ဈေးက ယခုဆေးရုံကြီး အရှေ့မြောက်ဘက်၊ သုံးဆယ်ဝင်း၏ အရှေ့ဘက်တွင် တည်ရှိသည်။ အလ္လကပ္ပမြို့စားသား၊ တပယ်မင်းသားတည်သော ဈေးဖြစ်သည် ယခုမရှိတော့။

ရွှေလောင်းကြီးဈေးက သီရိမာလာအနောက်၊ ရွှေလောင်းရပ်တွင်ရှိခဲ့သည် ယခုမရှိတော့။ အလားတူ ပွဲကုန်းရပ်တွင်လည်းဆီရုံဈေးရှိခဲ့သည်။ ထိုဈေးလည်း
မရှိတော့။

မင်္ဂလာဈေးက ကျော်မိုးတံခါး (မင်္ဂလာတံခါး)နှင့် တောင်တည့်တည့်အရပ်တွင်ရှိသည်။ ၇၂ လမ်းနှင့် ၇၃ လမ်းကြား လမ်း၃၀ နှင့် ၃၁ လမ်းကြားတွင် ရှိသည်။ တစ်နေကုန်ဈေးဖြစ်ပြီး မီးဘေးကြောင့် ယခုတိုင် ကွက်လပ်ဖြစ်နေဆဲ။ ယခု မင်္ဂလာဈေးနေရာမှာ ဆင်သည်တော်များ နေရင်းဝင်းနေရာဖြစ်သည်ဟုလည်း မှတ်သားဖူးသည်။

စကုဈေးဆိုတာ မန္တလေးရတနာပုံ မြို့တော်တွင် ရှိခဲ့ဖူးသော်လည်း ယခုမရှိတော့။ စိန်ပန်းဂေါဝိန်အနီးက ဝါဂွမ်းများ ထားသိုရာ ရုံကြီးများအနီး ရှိဈေးကို ဂွမ်းဈေးဟု ခေါ်တွင်ခဲ့သည်။ ဂွမ်းရုံဈေးမှာလည်း နာမည်ကျန်သေးသော်လည်း ဈေးမရှိတော့။

မြောက်ပြင်သူရဲကြီး၊ သူရဲအမှုထမ်းတို့နေထိုင်ရာ ရပ်ကွက်အနီးရှိ ဈေးကို သူရဲဈေးဟုခေါ်သည်။မြောက်ပင်၌ပင် မီးပါဈေး ဟုရှိခဲ့သည်။ ယခုမိဘဈေးဟုခေါ်သည်။ ယခုတိုင် ရောင်းဝယ်ဖောက်ကားနေသည့် ဈေးဖြစ်သည်။

အရှေ့ပြင် နန်းတော်ရှ့တွင်လည်း ဈေးကလေးနှင့်ဈေးကြီးဟူ၍ နှစ်ဈေးရှိခဲ့သည်။ ယခုမရှိတော့ဟု ဆို၏။ယခုနန်းရှေ့ဈေးက နောက်မှပေါ်လာသော ဈေးဖြစ်မည်။ နန်းမြို့တော်အနောက်ဘက် (ယခု ၁၉ လမ်းနှင့် ၈၁ လမ်းဝန်းကျင်)တွင်စည်ရှည်ဈေး (စက်ရှင်ဈေး) ရှိခဲ့ဖူးသည်။ ယခုမရှိတော့။

မည်သည်နေရာဟု အတိအကျ မသိရဘဲ ဈေးများတည်ရှိခဲ့ပြီး၊ ယခုမရှိတော့သည့် ဈေးများမှာ ရခိုင်စုဈေး၊ မင်းတန်းဈေး၊ကြးသွန်းဈေး၊ ဆင်ကျုံးဈေး၊ ကပိုင်ဈေး၊ လွန်တော်ဈေးတို့ဖြစ်သည်။ လွန်တော်ဈေးမှာ တံခွန်ဈေးဖြစ်ပြီးမြစ်ငယ်ရှမ်းဈေး ဟုလည်းခေါ်ကြသည်။ ပါတော်မူပြီးနောက် မန္တလေးမြို့၏ စီးပွားရေးမှာလည်း ကသောင်းကနင်းဖြစ်မှာ သေချာသည်။ မြို့နေလူထု အတော်များများလည်း ကျေးလက်တောရွာများဆီ ပြန်လည်ခိုဝင်ကြမှာလည်းသေချာသည်။

မန္တလေးတည်ကတည်းက လုပ်ငန်းစုတူရာများ နေရာချထားပြီး ထိုနေရာများမှာပင် ရောင်းဝယ်ဖောက်ကားကြသည့် ဝင်းများအတန်းများ၌ပင် ဖရိုဖရဲဖြစ်သွားကြရသည်။

ရှေးမြန်မာရိုးရာလုပ်ငန်းများဖြစ်သော ဂုန္တာန်ထိုးခြင်း၊ ဂုန္တာန်နှိပ်ခြင်း၊ လုပ်ငန်းဆိုင်ရာ ဂုန္တာန်ရပ်ကွက်မှာလည်း အမည်သာကျန်ပြီး ဖြည်းဖြည်းချင်း လုပ်ငန်းပျောက်ကုန်သည်။ ရှေးက ရွှေကြယ်ငွေကြယ်များ ခတ်၍ ရွှေချည်ထိုးဆိုင်ရာပစ္စည်းများ ထုတ်လုပ်သည့် ကြယ်ခတ်ဝင်းလည်း လုပ်ငန်းပါးသွားကာ ပျောက်ကွယ်သွားသည်။ အလားတူ မြန်မာအထည်များကို ဆေးဆိုးသော အနီရောင်နီပါးထည်များပြုလုပ်ရာ နီပါးတန်းလုပ်ငန်းလည်း ပျောက်ကွယ်ခဲ့ကုန်သည်။

အပ်ချုပ်ဝင်း၊ ထီဝင်း၊ ကမ္မဝါတန်း၊ ဖိနပ်တန်း၊ မုန့်တီတန်း၊ပေါက်ပေါက်တန်း၊ ထီးတန်း၊ ဆိုးတန်း၊ ထုံးတန်း၊ ဂုန္တာန်၊မင်းတန်း၊ ကြိုးကျစ်စု၊ ပုတ်တန်း၊ ကျီတန်း၊ ပန်းဝင်း၊ ဘုံဘိုင်တန်း၊ ထီရိုးဝင်း၊ အကြော်တန်း၊ ခုံဖိနပ်တန်း၊ ဝါးတန်း၊ပန်းပဲတန်း၊ သံထီးတန်း၊ ပန်းဆိုးတန်း၊ လွှတောင်တန်း၊ နီပါးတန်း၊ ပုရပိုက်တန်း၊ ပရိက္ခရာတန်း၊ ထမင်းချက်တန်း၊ ပွတ်တန်း၊ သပိတ်တန်း၊ ကွမ်းဝင်း၊ လက်ချိတ်တန်း၊ လက်သမားတန်း၊ ခဲလန်းတန်း၊ ဓားတန်း၊ အိုးတန်း၊ လှည်းယာဉ်တန်း၊ကြယ်ခတ်ဝင်း၊ ကျောက်သွေးတန်း၊ စာတိုက်တန်း၊ ယွန်းတန်း၊ အထက်ဆင့်ဝင်း၊ နနွင်းတန်း၊ ခတ်တန်း၊ ခဝါစု၊ ယပ်ဝင်း၊ပဲပုပ်တန်း စသည်ဖြင့် လုပ်ငန်းနှင့်ဆိုင်ရာ အစုအစည်းဝင်းကြီးများ၊ တန်းများလည်းဖြည်းဖြည်းချင်း
လုပ်ငန်းရောင်းဝယ်မှုများ ပျောက်ကွယ်ကုန်ကြသည်။

အခု မျက်မြင်လုပ်ငန်းတည်ရှိနေကြဆဲ ရပ်ကွက်များက ရွှေချည်ထိုးရပ်က ဘာသာရေးအတွက် လိုအပ်သောရွှေချည်ထိုးအဆောင်အယောင် အဝတ်အစားများ ရောင်းဝယ် ငှားရမ်းနေဆဲဖြစ်၏။ မျက်ပါးရပ်က ရွှေမျက်ပါးများ ယခုတိုင်ထုတ်လုပ်ဆဲဖြစ်သည်။
တမ္ပဝတီကြေးသွန်းရပ်က ဘုရားဆင်းတုတော်မှအစ တူရိယာပစ္စည်းများ ကြေးထည်များနှင့်ပတ်သက်၍ ထုတ်လုပ်လုပ်ကိုင်နေဆဲဖြစ်သည်။ ကျောက်ဆစ်တန်းမှာလည်း မန္တလေးအနောက်ပြင် ကျောင်ဆစ်တန်းတွင်
လုပ်ငန်းပျောက်ကွယ်သွားသည်မှာ အတော်ကြာပြီဖြစ်သော်လည်း ဘုရားကြီးကျောက်ဆစ်တန်းတွင် ယခု
ဆယ်စုနှစ်များအတွင်း ပြန်လည်ရှင်သန်ထမြောက်လာသလို လုပ်ငန်းများလည်း ဖြစ်ထွန်းနေပြန်သည်။

မန္တလေးရှိ လုပ်ငန်းများနှင့်ပတ်သက်သည့် ဝင်းများ၊ အတန်းများ လုပ်ငန်းများ ပျောက်ကွယ်သွားသည်မှာ
လက်ရှိခေတ်အနေအထားအရ အစားထိုး ပစ္စည်းများ ဝင်ရောက်လာခြင်း၊ မူလပစ္စည်းများ ခေတ်မရှိတော့၍
မသုံးစွဲကြခြင်းတို့ကြောင့် ပျောက်ကွယ်သွားသည်မှာ သဘာဝကျပါသည်။

အခုတော့ လုပ်ငန်းတွေ ပျောက်ကွယ်ရုံမျှမက ထိုဝင်း၊ ထိုတန်းများ၏ နာမည်မျှပင် ပျောက်ကြရပြီ။ နှောင်းလူတို့ မသိတော့ ။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW