နောင်ချိုက တိုက်ပွဲရှောင်စခန်းတွေမှာ ၅နှစ်အောက် ကလေးတွေ တုပ်ကွေးရောဂါဖြစ်နေပြီး ကုသဖို့ ဆေးမရှိ ဖြစ်နေ

စက်တင်ဘာ ၁ -၂၀၂၂
SP(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ဒိုးပင်ကျေးရွာ ၊ ဒိုးပင်ဘုန်းကြီးကျောင်းနဲ့ ဟိုခိုကျေးရွာ၊ ကုလားကွဲကျေးရွာတွေမှာ လာရောက်ခိုလှုံနေတဲ့ တိုက်ပွဲရှောင်တွေထဲက ၅နှစ်အောက် ကလေး အယောက် ၃၀ ကျော်ဟာ ရာသီပေါ် တုပ်ကွေးရောဂါဖြစ်ပွားနေပြီး ကုသဖို့အတွက် ဆေးနဲ့ ဆေးပစ္စည်းတွေ မရှိတာကြောင့် အခက်အခဲတွေ့နေရတယ်လို့ နောင်ချိုဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ဖျားနာနေတဲ့ ကလေးပေါင်း ၅ နှစ်အောက် ၃၀ ကျော်ရှိတယ် ၊ သက်ကြီးပိုင်း လူနာနဲ့ဆို ၅၀ ကျော်မယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်း မိုးအဆက်မပြတ်ရွာပြီးနောက် ကလေးတွေ စပြီးဖျားနာကုန်ကြတာ ၊ သူနာပြု ဆရာမ တယောက်နဲ့ အကူ ၂ ယောက်ရှိတယ် ၊ ဆေးနဲ့ ဆေးပစ္စည်း မရှိတော့ သူတို့လည်း ဘာမှ ဆက်လုပ်မပေးနိုင်ဘူး “လို့ ဒိုးပင်တိုက်ပွဲရှောင်စခန်းမှာနေထိုင်သူ တဦးက ပြောပါတယ်။

အဲ့ဒီ တိုက်ပွဲရှောင်တွေဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်ဝန်းကျင်ကစလို့ နောင်ချိုမြို့နယ်ထဲက လုံခံ၊ ကြံခင်း၊ နားကျိုင်း၊ နားဖာ၊ ကုလားကွဲ၊ ရတနာသိင်္ဂီ စတဲ့ကျေးရွာဘက်တွေမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး အဲ့ဒီ ကျေးရွာတွေက ဒေသခံ ၈ ရာနီးပါးဟာ နောင်ချိုမြို့နယ်ထဲက ဒိုးပင်ရွာ ၊ ဟိုခိုရွာနဲ့ ကုလားကွဲ ရွာတွေဆီက ဘုန်းကြီးကျောင်းတွေကို ခိုလှုံဖို့ ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

” တိုက်ပွဲရှောင်တွေဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်က စရောက်တယ် ၊ ဒိုးပင်ဘုန်းကြီးကျောင်း ခိုလှုံရေးစခန်းမှာက အိမ်ထောင်စု ၁၅၀ ကျော် ၊ လူဦးရေး ၈ ရာဝန်းကျင်ရှိတယ် ၊ အဲ့ဒီမှာ ကလေး ၅၀ လောက်ပါတယ် ၊ အခု ဖျားနာနေတဲ့ ကလေး ၃၀ ကျော်တယ် ၊ နေရာထိုင်ခင်း အခြေအနေရ ၁ ယောက်က စဖျားတာနဲ့ ကျန်ကလေးတွေပါ လိုက်ပြီးကူးစက်ကုန်တာ၊ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးဆိုတော့ ခိုလှုံရေးစခန်းမှာ ဆက်ပြီး နေရဦးမှာပါ ၊ ဒီကနေ့တော့ တိုက်ပွဲကျဲသွားတဲ့ ရွာတချို့က ပြန်ဖို့ စီစဥ်တာတွေ ရှိတယ် “လို့ ဒိုးပင်ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒါကြောင့် နောင်ချိုမြို့နယ် ၊ ဒိုးပင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ တိုက်ပွဲရှောင်စခန်းမှာ ရာသီပေါ် ဖျားနာနေတဲ့ လူနာတွေအတွက် ဆေးနဲ့ ဆေးပစ္စည်း တွေအရေးတကြီး လိုအပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နောင်ချို #တိုက်ပွဲရှောင်လိုအပ်ချက်

Related posts

Leave a Comment

VOM News

FREE
VIEW