ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီ၊ ဘတ်စျေး ပြန်ကျ

စက်တင်ဘာ ၁-၂၀၂၂
VOM (GG)

ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မယ်ဆိုတဲ့ အမိန့်စာ ထုတ်ပြန်ပြီးနောက် ပြည်တွင်း ရွှေစျေး ၊ ဒေါ်လာစျေး ၊ ဘတ်စျေးနဲ့ စက်သုံးဆီစျေးနူန်းတွေ ဒီနေ့မှာ ပြန်လည်ကျဆင်းသွားတယ်လို့ သိရပါတယ်။

ဒီနေ့ စက်တင်ဘာလ ၁ ရက်နေ့ မှာ ၁၆ ပဲရည် အခေါက်ရွှေစျေးက မနေ့က ၃၇ သိန်းစျေးကနေ သိန်း ၃၀ အထိ ပြန်ကျသွားသလို အမေရိကန်ဒေါ်လာကလည်း တဒေါ်လာကို ၄၅၀၀ ကျော်ကနေ ၃၅၀၀ အထိ
ပြန်ကျသွားကြောင်း၊ထိုင်း ဘတ်စျေးကလည်း မြန်မာငွေ ၁ သိန်းကို ဘတ်ငွေ ၁၀၀၀ ကနေ မြန်မာငွေ ၁ သိန်းကို ဘတ်ငွေ ၁၀၇၀ အထိ( ၁ ဘတ်ကို မြန်မာငွေ ၁၀၀ ကနေ ၉၃ ဘတ်ကို )ကျသွားပြီး စက်သုံးဆီစျေးတွေလည်း အသီးသီးပြန်ကျဆင်းသွားတာကို တွေ့ရပါတယ်။

” ဗဟိုဘဏ် သန်း ၂၀၀ ထောက်ပံ့မယ်ဆိုတာကတော့ သူ့စာထဲပါတာ စက်သုံးဆီကဏ္ဍလို့ပဲ ပါပေမယ့် အဲ့ဒီစာထုတ်ပြီးမှာပဲ စျေးတွေက အခုလိုထိုးကြသွားတာ။ ဒေါ်လာနဲ့ရွှေက အတက်ကြမ်း အကျကြမ်းတယ်၊ ဒါကြောင့် လူတွေကလည်း အခြေနေကိုပဲစောင့်ကြည့်နေကြတဲ့သဘောရှိတယ်။ “လို့ ဒေါ်လာ ဝယ်/ရောင်းလုပ်ကိုင်နေသူတဦးကပြောပါတယ်။

စက်သုံးဆီ စျေးကတော့ ၉၂ တလီတာကို ၂၃၀၀ ကျော်ထိပြန်ကျပြီး ၉၅ ကလည်း တလီတာကို ၂၄၀၀ ကျော်အထိပြန်ကျကာ နေရာဒေသအပေါ်မူတည်ပြီး စျေးနူန်းကွာဟမှုတွေတော့ ရှိနေတယ်လို့ သိရပါတယ်။

” စက်သုံးဆီစျေး ပြန်ကျတယ် ၊ ကျရင်ကျသလို ချရောင်းပေးပါတယ်။ကျနော်တို့လည်း ကုမ္ပဏီက ရောင်းခိုင်းတဲ့အတိုင်း ရောင်းရတာပါ။ “လို့ ပြည်မြို့ စက်သုံးဆီအရောင်းဆိုင်တခုကနေပြောပါတယ်။

လက်ရှိဒေါ်လာစျေး ပြန်ကျချိန်မှာတော့ ဒေါ်လာတွေကိုထုတ်ရောင်းလာတာတွေရှိလာကြောင်း၊ ရွှေကတော့ ပြန်ရောင်းသူတွေသာရှိပြီး ဆိုင်တွေမှာလည်း အဝယ်သာရှိပြီး အရောင်းရပ်ထားတာမျိုးတွေရှိနေတယ်လို့သိရပါတယ်။

” ဒေါ်လာစျေးပြုတ်ကျရင် ရွှေစျေးလည်းပြုတ်ကျမှာပဲ။ဘာလို့ဆို ဆိုင်တွေက ပြင်ပဒေါ်လာပေါက်စျေးနဲ့တွက်ပြီး စျေးတွက်တာဖြစ်တယ်၊ ရွှေစျေးအခြေအနေကတော့ခန့်မှန်းလို့မရဘူး “လို့ YGEA အဖွဲ့တဦးကပြောပါတယ်။

ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူတွေကတော့ အမေရိကန်ဒေါ်လာ ငွေလွှဲစျေးဟာ ဒီလကုန်လောက်မှာ တဒေါ်လာကို မြန်မာငွေ ၂၀၀၀ ကျော်အထိပြန်ကျသွားနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

လက်ရှိမှာတော့ ဒေါ်လာစျေး၊ဘတ်စျေး ၊စက်သုံးဆီစျေးနူန်းတွေအပေါ် လိုက်ပြီး အခြေခံစားသောက်ကုန်ပစ္စည်းအားလုံးစျေးတွေမြင့်တက်သွားသလို ၊ ထိုင်းကနေတင်သွင်းတဲ့အလှကုန်တွေ၊အဝတ်အစားတွေ၊ ဓာတ်မြေဩဇာ ဈေးတွေလည်း မြင့်တက်နေပါတယ်။

ဒါ့​ကြောင့် အခြေခံလူတန်းစားတွေအပါအဝင် လူထုကတော့ ဒေါ်လာစျေး၊စက်သုံးဆီစျေး၊ဘတ်စျေး သင့်တင့်တဲ့နူန်းထားတခုထိ ပြန်လည်ကျဆင်းဖို့ မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။

YGEA ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ ဒီနေ့ စက်တင်ဘာ ၁ ရက်နေ့ အကယ်ဒမီ မီးလင်းရွှေ အပိတ်ဈေးကတော့ တကျပ်သားကို 2003000(ကျပ်သိန်း နှစ်ဆယ်သုံးထောင်)သာရှိပြီး ကမ္ဘာ့ရွှေဈေးက(World Gold Price)1 Ounce- 1707 USD အထိ ရှိနေပါတယ်။

ဗဟိုဘဏ်ကတော့ အမေရိကန် တဒေါ်လာ ၂၁၀၀ ကျပ်သာသတ်မှတ်ထားပြီး ပြင်ပမှာ ဒေါ်လာနဲ့ပတ်သက်လို့ ရောင်းခြင်း၊ဝယ်ခြင်း၊လဲလှယ်ခြင်းတွေ လုပ်မယ်ဆိုရင် ဗဟိုဘဏ် သတ်မှတ်တဲ့ ၀.၃ ဘောင်အတွင်းကနေသာ အတိုးအလျှော့ပြုလုပ်ရမှာဖြစ်ပြီး မလိုက်နာပါက အရေးယူမှာဖြစ်တယ်လို့ ဗဟိုဘဏ်က အသိထားပါတယ်။

#voiceofmyanmar #VOM #ရွှေ၊ဒေါ်လာ၊ဘတ်၊စက်သုံးဆီဈေး #ပြန်ကျ

Related posts

Leave a Comment

VOM News

FREE
VIEW