ကျုံပျော်မှာ လောင်းကစားဝိုင်းတွေကို တရားဝင်ပုံစံပေါ်ပေါ်တင်တင်လုပ်နေတယ်လို့ ဒေသခံတွေပြော

စက်တင်ဘာ၊ ၁-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်က၊ ဆင်နှစ်ကောင်ကျေးရွာမှာ လောင်းကစားဝိုင်းတွေကို ငွေကြေးပြည့်စုံတဲ့ သူတဦးက ဦးဆောင်ပြီးတော့ ပြီးခဲ့တဲ့ သြဂုတ်လ ပထမ အပတ်ကနေစတင်ကာ တရားဝင်ပုံစံ ပေါ်ပေါ်တင်တင် လုပ်နေကြတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတွေဆီက နေသိရပါတယ်။

”ဖွင့်ထားတာ တော်တော်လေးကိုကြာနေပြီ အခုဆို တလကျော်ပြီ ၊ ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူတွေဆီ လောင်းကစားဝိုင်း တစ်ခုကို ငွေကျပ် ၁သိန်းပေးလုပ် တာဆိုပြီး ဂျင် လောင်းကစားဝိုင်း ၂၀ နီးပါးဖွင့်ထားတာ ၊ သွားဆော့တဲ့သူတွေကလည်း ကြိတ်ကြိတ်တိုးလို့တအားစည်ကားတာပဲ ၊အဲ့ဒီငွေကြေးပြည့်စုံသူက ဒီလောင်းကစားဝိုင်းတွေဖွင့်ရင် အကောက်ရတယ် ဈေးရောင်းရတယ်လေ၊ အခုရွာမှာက ဘယ်တုန်းကမှမရှိတဲ့ လောင်းကစားကို ပေါ်ပေါိတင်တင်တရားဝင်ပုံစံ လုပ်နေတာ။”လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးကပြောပါတယ်။

လောင်းကစားဝိုင်းတွေ ပြုလုပ်လာတဲ့ကာလအတွင်း ထိုးသားတဦး နဲ့ ဒိုင်တဦး ဓားနဲ့ထိုးတဲ့အထိ ပြဿနာတွေဖြစ်ပွားတာရှိခဲ့ပြီး ခိုးလုယက်မှု နဲ့မိသားစုအတွင်း ပြဿနာတွေ၊ အခြားပြဿနာအမျိုးမျိုးလည်း
မကြာခဏဆိုသလိုဖြစ်ပွားနေတယ်လို့ သိရပါတယ်။

”ဒီ တရားမဝင် လောင်းကစားဝိုင်းတွေက တနေ့နဲ့တနေ့ ပိုမိုကြီးကျယ်လာတယ် ၊ ပြဿနာကလည်း တနေ့နဲ့ တနေ့ ပိုများလာတယ် ၊စဖွင့်တဲ့အချိန်ကတည်းက လာဆော့တဲ့သူတွေ နေ့တိုင်းရှိတယ် ၊ သောက်စားမူးရူး အော်ဟစ် ပြောဆိုနေတဲ့သူတွေကလည်း အများကြီးပဲ ၊ ဒါတွေဟာ အများပြည်သူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်ရလို့ မရှိသင့် မသင့်လျှော်ဘူးလို့ ထင်တယ် ၊ ကိုဗစ်ဖြစ်ပွားအပြီး နိုင်ငံရေးတွေမကောင်းတဲ့အချိန် စီးပွားရေးတွေ အဆင်မပြေဖြစ်နေတာကို လောင်းကစားဝိုင်းတွေ ထလုပ်တော့ ခိုးယူတာတွေ လုယက်တာတွေကခပ်စိပ်စိပ်ဖြစ်လာတယ်”လို့ အမည်မဖော်လို့တဲ့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီဒေသမှာ လောင်းကစားဝိုင်းတွေကြောင့် တရားဥပဒေ စိုးမိုးရေးနဲ့ဒေသတွင်း လုံခြုံရေးတွေ မရှိသလောက်ဖြစ်နေပြီး ရွာထဲ၊ ရပ်ကွက်ထဲက အိမ်သုံးဆိုလာ
တွေ ၊ စလောင်းတွေ ၊ စက်လှေတွေ ၊ဆိုင်ကယ်တွေ ၊ ကားဘက္ထရီတွေ ၊ မီးစက် စတာတွေ အခိုးခံရတာ မကြာခဏဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးတွေဘက်ကို တုန့်ပြန်ရှင်းလင်းချက်သိရဖို့ ဆက်သွယ်ပေမယ့် လတ်တလောထိ ဆက်သွယ်လို့မရသေးပါဘူး။

နိုင်ငံရေးနဲ့ စီးပွားရေးတွေ ရှုပ်ထွေးခက်ခဲနေချိန် တရားဝင်အလောင်းကစားတွေ ပေါ်ပေါ်တင်တင် အခကြေးငွေယူပြီး ပြုလုပ်နေသူတွေကို တရားဥပဒေစိုးမိုးရေးနဲ့ ဒေသခံတွေရဲ့ စီးပွားရေးမထိခိုက်စေဖို့ အချိန်မီအရေးယူစေချင်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

#voiceofmyanmar #VOM #ကျုံပျော်

Related posts

Leave a Comment

VOM News

FREE
VIEW