ဧရာဝတီတိုင်းထဲက လူမှုကူညီရေးအသင်းတွေ စက်သုံးဆီကြောင့် ရပ်တည်ဖို့ အဆင်မပြေတော့လို့ ရပ်နားလာရ

စက်တင်ဘာ ၊ ၃-၂၀၂၂
မင်းမြတ်

စက်သုံးဆီ ဈေးနှုန်းတွ မြင့်တက်လာတာ၊ အလှူရှင်နည်းပါးလာတာနဲ့ ဆီဝယ်ယူတဲ့အခါ အခက်အခဲတွေရှိနေတာကြောင့် ကုန်ကျစရိတ် ပိုများလာလို့ ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ ပရဟိတလူမှုကူညီရေးအသင်းတွေဟာ သယ်ယူပို့ဆောင်တဲ့လုပ်ငန်းတွေ ရပ်နားလာရတယ်လို့ ပရဟိတလူမှုကူညီရေးအသင်းတွေဆီကနေ သိရပါတယ်။

စက်သုံးဆီ တလီတာကို ငွေကျပ် ၃၂၀၀ အထိ ကာလ ရှည်ဈေးမြင့်တက်နေပြီး အလှူရှင်တွေ နည်းပါးလာတာ၊ ပုံမှန်လှူပေးနေတဲ့ အလှူရှင်တွေမလှူနိုင်တော့တာ၊ စက်သုံးဆီဝယ်ယူဖို့ ခက်ခဲလာတာ စတဲ့အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ဧရာဝတီတိုင်းအတွင်းက ပရဟိတလူမှုကူညီရေးအသင်း ၅၀ ကျော်ရဲ့ယာဉ်အစီးရေ ၃၀၀ ကျော်မှာ ၂၀၀ ကျော်ဟာ လုပ်ငန်းတွေ ဆက်မလုပ်နိုင်တော့လို့ ရပ်နားလာရတယ်လို့ သိရပါတယ်။

“အခက်အခဲတွေကို တောင့်ခံလုပ်ကိုင်နေရင်း ဘယ်လိုမှ မရတော့တဲ့ အခြေအနေတွေကြောင့် နားရတဲ့အထိဖြစ်လာကြတာပါ၊ ကျွန်တော်တို့ ပရဟိတအသင်းဆိုတာ ဒုက္ခရောက်နေသူတွေကို ကူညီချင်တဲ့ စိတ်နဲ့ ဆောင်ရွက် တာဖြစ်တယ်၊ မပြည့်မစုံ ကူညီတာတက် ပြည့်ပြည့်စုံစုံနဲ့ ကူညီချင်တယ်၊ အခုလို ဓာတ်ဆီဈေးတွေ တက်လာတော့ အသင်းတွေပို့ဆောင်သယ်ယူတာတွေ ရပ်လာရ တယ်၊ အမာခံအလှူရှင်မရှိ ၊ ဆီဈေးတက် ၊အရေးပေါ်အချိန် ဆီဝယ်မရ ၊ဆီများများဝယ်မထားနိုင် စတဲ့ အကြောင်းတွေကြောင့် ရပ်ရတာ”လို့မအူပင်မြို့မှာရှိတဲ့ ပရဟိတအသင်းတစ်ခုမှ အတွင်းရေးမှူးတာဝန်ယူထားသူတဦးကပြောပါတယ်။

ဧရာဝတီတိုင်းမှာ မရပ်နားဘဲ ဆက်လုပ်နေတဲ့ ပရဟိတ
လူမှုကူညီရေးအသင်းတချို့ဟာလည်း ဆက်လက် လုပ်ကိုင်နေပေမယ့် လူနာပို့ဆောင်တဲ့အခါ လူနာရှင်တွေ ဆီကနေ အငှားလိုက်တဲ့ပုံစံနဲ့ ကားဆီဖိုးအတွက် ပိုက်ဆံတောင်းရတဲ့အထိ ဖြစ်နေတယ်လို့ သိရပါတယ်။

“မြောင်းမြမှာဆိုရင် ဆီဈေးက အတော်လေးတက်နေ တယ်၊ ဥပမာ ပုသိမ်အထိ ပို့ဆောင်မယ်ဆိုရင် ကျန်ကျစရိတ်က တစ်သိန်းအကျော်အထိ ရောက်သွားတယ်၊ အဲ့တော့ ရေရှည်မှာ အဆင်မပြေလာကြတော့ဘူး၊ အလှူရှင်နည်းပါးတဲ့ အသင်းတွေမှာဆိုရင် ခရီးမိုင် ဘယ်လောက်ဆိုရင် ကုန်ကျငွေ ဘယ်လောက်ရာခိုင်နှုန်းထိ သတ်မှတ်ကြတာတွေ လုပ်လာရတယ်၊ ဒါကလည်း အတင်းကြီး တောင်းခံတာမဟုတ်ပါဘူး အဆင်ပြေရင်ပေါ့၊ သူတို့ဘက်က အဆင်မပြေရင် ရှိတာလေးနဲ့ ပို့ဆောင်ပေးပြီး နားနေရတာပဲ။”လို့ မြောင်းမြမြို့ခံ ပရဟိတအသင်းမှ တာဝန်ရှိသူတဦးကပြောပါတယ်။

အဲ့ဒီ့လို အခြေအနေတွေကြောင့် ပရဟိတအသင်းတွေရဲ့ အရေးပေါ်ကားတွေအသုံးပြုဖို့အတွက် စက်သုံးဆီတွေကို အလွယ်တကူ ဝယ်ယူရရှိစေဖို့ ၊ သက်သာတဲ့ နှုန်းထားနဲ့ ဆောင်ရွက်ထားပေးဖို့ မျှော်လင့်တယ်လို့ ပရဟိတလူမှုကူညီရေးအသင်းတွေရဲ့ပြောပြချက်အရ သိရပါတယ်။

”သက်ဆိုင်ရာက ပရဟိတယာဉ်တွေအတွက် စက်သုံးဆီကို သီးသန့် အစီအစဉ်တစ်ခုနဲ့ သတ်မှတ်ပေးရင် အဆင်ပြေမယ်လို့ ပြောချင်တယ် ၊ ဒီလိုမှမဟုတ်ရင် အခု ကိုဗစ်ကလည်း ပိုးတွေ့နှုန်းတက်လာတယ် ပရဟိတ အသင်းတွေကလည်း လုပ်ငန်းတွေ မလုပ်နိုင်ရင် ဒုက္ခထပ်ရောက်ကြလိမ့်မယ်။”လို့ အိမ်မဲမြို့နယ်က ပရဟိတဆောင်ရွက်နေသူတဦးကပြောပါတယ်။

ပရဟိတ လူမှုကူညီရေးအသင်းတွေအနေနဲ့ ဆီဈေးနှုန်းမြင့်တက်လာတဲ့ အခက်အခဲအပြင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် လူနာပို့ဆောင်ရာမှာ အလံဖြူစိုက်ကာ ပို့ဆောင်ရခြင်း ၊ အချိန်အကန့်အသတ်နဲ့ ပို့ဆောင်ရခြင်း စတဲ့အခက်အခဲတွေလည်းဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီ #လူမှုကူညီရေးအသ်းတွေ #စက်သုံးဆီကြောင့်ရပ်နားလာရ

Related posts

Leave a Comment

VOM News

FREE
VIEW