ကော့ကရိတ်မှာ ကုန်ကား၄စီးမီးရှို့ခံရလို့ လမ်းပိတ်ဆို့မှုတွေ ဒီကနေ့မနက်အထိဖြစ်ပေါ်ခဲ့

စက်တင်ဘာ ၄-၂၀၂၂
VOM (GG)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အထွက်မှာ မနေ့ စက်တင်ဘာလ ၃ ရက် ညနေပိုင်းက ကုန်တင်ကား ၄ စီး မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အဲ့ဒီလို ကားမီးရှို့ခံရတဲ့ဖြစ်စဥ်ကြောင့် ကော့ကရိတ်လမ်းတလျှောက်မှာ ကားပိတ့်ဆို့မှုတွေဖြစ်ပေါ်ခဲ့ပြီး ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့မနက်အထိ ဖြစ်ပေါ် ခဲ့တယ်လို့ သိရပါတယ်။

” မနေ့ကညနေ ၄နာရီခွဲဝန်းကျင်လောက်ကဖြစ်တာ။ သာမန်မီးလောင်မှုမျိုး မဟုတ်ဘူး ယာဥ်ကြောပိတ်ဆို့အောင် ကားတွေကို ကန့်လန့် နီးပါးထားပြီး ရှို့တဲ့သဘောရှိတယ်။လမ်းပိတ်ဆို့တော့ အိမ်စီးကားတွေက မီးလောင်တဲ့ကားကြားထဲကနေ ပတ်မောင်းရတယ်။၆ဘီကားတွေဆို မလွတ်ဘူး။ဒီနေ့မနက်ထိကိုဖြစ်နေတာပေါ့။၈ နာရိခွဲဝန်းကျင်လောက်မှ သွားလာလို့ရတာပေါ့ ။မီးရှို့ခံရတာက ပထမတော့ ၂ စီးလိုလို၊ ၃စီးလိုလိုကြားတယ်၊အခုတော့ ၄စီးပေါ့အဲ့ဒီလိုကြားတယ်။သေချာတော့မသိရဘူးပေါ့ ၊ ဖြစ်ချိန် သွားလာလို့ကလည်းမရဘူးလေ” လို့ ဒေသခံ ပရဟိတသမားတဦးက ပြောပြပါတယ်။

ကားမီးရှို့ခံရမှုဖြစ်စဥ်မှာ လူထိခိုက်မှုမရှိကြောင်း ၊ မီးရှို့ခံရတဲ့အထဲမှာ ၂၂ ဘီးကုန်တင်ကားနဲ့ ၆ ဘီး ကုန်ကားတွေဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ ကုန်ကားတွေမီးရှို့ခံရတာနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုပြီး ထုတ်ပြန်တာမျိုးလည်းမတွေ့ရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

ကော့ကရိတ်လမ်းမှာ ကုန်တင်ကားတွေမီးရှို့ဖျက်ဆီးခံရမှုဟာ ကားအစီးရေ ၂၀ ထက်မနည်းရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ကော့ကရိတ်

Related posts

Leave a Comment

VOM News

FREE
VIEW