ဂန့်ဂေါမှာ ရာသီပေါ်သီးနှံတွေ မရောင်းရဘူးလို့ တားမြစ်ထားတာကြောင့် တောင်သူအချို့ အခက်တွေ့နေ

စက်တင်ဘာ ၅ ၊ ၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ်ထဲက ထွက်ရှိလာတဲ့ ရာသီပေါ် ကောက်ပဲသီးနှံတွေနဲ့ ဆန် ၊ စပါးတွေကို သယ်ဆောင်တာ ရောင်းချတာ မလုပ်ရဘူးဆိုပြီး ကန့်သတ်တားမြစ်ထားတာကြောင့် ဒေသခံ တောင်သူအချို့ဟာ အခက်တွေ့နေရတယ်လို့ သီးနှံပွဲရုံ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” အခုချိန်က နှမ်းပေါ်တဲ့ ရာသီဖြစ်တယ် ၊ ရာသီပေါ် ကောက်ပဲသီးနှံတွေနဲ့ ဆန် ၊ စပါးတွေကို သယ်ယူတာ ၊ ရောင်းချတာတွေ မလုပ်ရဘူးလို့ တားမြစ်ထားတာကြောင့် ဝယ်လက်ပွဲစားတွေက ရွာတွေဘက်ကို မလာရဲကြဘူး ၊ နယ်ကတောင်သူတွေကလည်း ပွဲရုံတွေဆီကို သယ်ပြီး မရောင်းရဲဘူးဖြစ်တယ် ၊ ပြီးခဲ့တဲ့နှစ်က နှမ်းစျေး ၃ သောင်းခွဲဝန်းကျင်ပဲရှိခဲ့တာ ၊ ဒီနှစ်တော့ စျေးတဆတက်ပြီး ၇ သောင်းခွဲအထိရှိတယ် ၊ ရာသီပေါ်နှမ်းတွေရောင်းပြီး ရတဲ့စိုက်ပျိုးစရိတ်နဲ့ စပါးနဲ့ ပဲကို စိုက်ကြရမှာ ၊ ဒီနှစ် ရာသီပေါ် နှမ်းတွေ မရောင်းရတာကြောင့် နောက်စိုက်မယ့် သီးနှံအတွက် စရိတ်ပြတ်နေကြတာ ၊ အခုပေါ်တဲ့ နှမ်းတွေကိုလည်း လက်ထဲမှာ ကြာကြာမထားရဲဘူး၊ မီးဘေးအန္တရာယ်က ကြောက်ရတယ် ၊ အဲ့ဒါကြောင့် ရောင်းစရာရှိတာ ရောင်းချင်တယ် ၊ ပေးစရာရှိတာ အမြန်ပေးချင်တယ် “လို့ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း မြင်သားကျေးရွာက နှမ်းစိုက်တောင်သူတယောက်က ပြောပါတယ်။

ဂန့်ဂေါမြောက်ပိုင်းက သီးနှံပွဲစားတယောက်ကလည်း ” ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်က ၊ ဂန့်ဂေါနယ်မြောက်ပိုင်းက ထွက်ရှိတဲ့ ဆန်၊စပါးနဲ့ကောက်ပဲသီးနှံတွေကို သယ်ယူတာ ၊ ရောင်းချတာ မလုပ်ရဘူးလို့ လူမှုကွန်ရက်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆိုတာက အမိန့်ထုတ်တယ် ၊ အဲ့ဒီလို ထုတ်ရတာဟာ ဂန့်ဂေါနယ်အတွင်း ဆန်နဲ့ ဆီစျေးကို ထိန်းညှိနိုင်ဖို့လို့ ဖော်ပြထားတယ် ၊ အဲ့ဒါကြောင့် သီးနှံပွဲစား ဝယ်လက်တွေလည်း ရွာတွေဘက်ကို မလာရဲတော့ဘူး ၊ ရာသီပေါ်သီးနှံ ဝယ်ရဲတာလည်း မရှိတော့ဘူး ၊ တောင်သူတွေက သီးနှံမရောင်းရတဲ့အတွက် စားဝတ်နေရေးအပြင် နောက်စိုက်မယ့် စိုက်ပျိုးစရိတ်ပါ အကြပ်ရိုက်ကုန်တာ “လို့ ပြောပါတယ်။

ဟံသာဝတီကျေးရွာက တောင်သူတယောက်ကလည်း ” တောင်သူအများစုက စိုက်စရိတ်ရအောင် နှမ်းပေး ၊ ပဲပေး စနစ်နဲ့ သီးနှံကိုကြိုရောင်းကြရတာပါ ၊ ဒီနှစ် သီးနှံပေါ်တဲ့အချိန်မှာ ကြိုပြီးယူထားတဲ့ သီးနှံအရေအတွက်ကို တာဝန်ကျေ မပေးသွင်းနိုင်ဘူးဆိုရင် နောက်နှစ်ကြတော့ ဆတိုးနဲ့ ပေးရတယ် ၊ အခုလို ကောက်ပဲသီးနှံတွေ မရောင်းရဘူးဆိုတော့ လာမယ့်နှစ်အတွက် ဆတိုးနဲ့ ဆပ်ကြရမယ်ဆိုရင် တောင်သူတွေအတွက် ပိုပြီးနစ်နာလာမှာကို စိုးရိမ်နေရတယ် “လို့ ပြောပါတယ်။

မကွေးတိုင်းမှာ ဂန့်ဂေါမြို့နယ်ဟာ ဆီးထွက်သီးနှံ အများဆုံး ထွက်ရှိပြီး နှစ်စဥ် သြဂုတ်လဆိုရင် နှမ်းအမျိုးမျိုးထွက်ရှိတာ ဖြစ်ပါတယ်။ အဲ့ဒီ ဂန့်ဂေါနယ်က ထွက်ရှိလာတဲ့ ကောက်ပဲသီးနှံတွေဟာ ဂန့်ဂေါဝယ်လက် ပွဲစားတွေဆီကနေတဆင့် ပခုက္ကူမြို့မှာရှိတဲ့ သီးနှံပွဲရုံတွေဆီ တင်ပို့ရောင်ချရတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဂန့်ဂေါမြို့နယ်ပိုင်းက ထယ်လှော်ရွာ ၊ မောက်ရွာနဲ့ လက်ပံရွာတွေမှာ လူနေအိမ်တွေနဲ့ အဆောက်အဦတချို့ မီးရှို့ဖျက်ဆီးခံရပြီး ရာသီပေါ် သီးနှံဖြစ်တဲ့ နှမ်း တင်းပေါင်း ၃ ထောင်ကျော် မီးလောင်ပျက်စီးတာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဆောင်းရာသီကလည်း ကလေးမြို့နယ် ၊ တောင်ပိုင်းက ထွက်ရှိတဲ့ ပဲမျိုးစုံဟာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း အခက်အခဲတွေဖြစ်ပြီးနောက် ပဲဂိုဒေါင်တချို့ မီးလောင်ဆုံးရှုံးခဲ့ရတာ ဖြစ်ခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ဂန့်ဂေါ

Related posts

Leave a Comment

VOM News

FREE
VIEW