သတိလစ်ပြီး ဆေးရုံတက်ခဲ့တဲ့ ၇ တန်းကျောင်းသူ ကိုဗစ်ရောဂါနဲ့သေဆုံး၊ စာသင်ကျောင်းကို ပိတ်တာမျိုးမရှိဘဲ ဆက်ဖွင့်နေ

စက်တင်ဘာ ၆-၂၀၂၂
VOM (GG)

ပဲခူးတိုင်း အရှေ့ပိုင်း၊ အုတ်တွင်းမြို့၊အထက်တန်းကျောင်းက ၇ တန်းကျောင်းသူ ၁ ဦး သတိလစ်ပြီး မူးလဲကျလို့ ဆေးရုံပို့ခဲ့ပေမယ့် ဒီနေ့ စက်တင်ဘာလ ၆ ရက်နေ့မနက်အစောပိုင်းက နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံမှာ ကိုဗစ်ရောဂါ နဲ့သေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ကိုဗစ်ပိုးတွေ့တဲ့ ကျောင်းသူရုပ်အလောင်းကို ဆေးရုံမှာပဲ ချက်ခြင်းသဂြိုလ်လိုက်ကြောင်း၊ အဲ့ဒီနောက် အုတ်တွင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းသူရဲ့ မိဘအပါအဝင် ဆက်စပ်သူ ၁၀ ယောက်ကို ရောဂါပိုးစစ်ဆေးခဲ့ပေမယ့် အားလုံးက Negative ပိုးမတွေ့ရှိတာကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

” ကလေးက ကိုဗစ် positive နဲ့ဆုံးတယ် အလောင်းတောင်ပြန်မရဘဲ ဟိုမှာသဂြိုလ်လိုက်ပြီလို့ သတင်းရတော့ ကလေးရဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုဆက်မေးတော့ ဟုတ်တယ်ပြောတယ်။ကလေးက ဒီမနက် ၆ နာရီခွဲမှာဆုံးတယ်။ ကလေးက မနေ့က သတိလစ်တော့ အုတ်တွင်းဆေးခန်းပြတယ်၊နောက်တောင်ငူဆေးရုံပို့တယ်၊ နူတ်ခမ်းတွေပါပြာတော့ နေပြည်တော်ကိုလွှဲတယ်။ ဘုန်းဘုန်းတို့ အသင်းကတော့ ဘယ်လူနာဖြစ်ဖြစ် လက်အိပ် ၊မက်စ်အပြည့်စုံနဲ့လူတိုင်းပါပါတယ်။ကာကွယ်ဆေးလွှမ်းခြုံမှုရှိပါတယ်၊အကုန်လုံးက လေးကြိမ်ရှိပါတယ် “လို့ လိုက်ပါကူညီပေးခဲ့တဲ့ ရင်ခုန်သံရှင်ရေးကူညီမှုအသင်း တာဝန်ရှိသူကပြောပါတယ်။

လက်ရှိမှာ ကိုဗစ်ရောဂါ နဲ့သေဆုံးတဲ့ ကျောင်းသူနေထိုင်တဲ့ ကြက်သွန်ခင်း ၂ ရပ်ကွက်က နေအိမ်ကို အသွားအလာပိတ်ထားသလို ကျောင်းသူရဲ့မိဘအပါအဝင် ဆက်စပ်သူ ၁၀ ယောက်ကိုလည်း အုတ်တွင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပိုးစစ်ဆေးခဲ့ရာ အားလုံးမှာ ပိုးမတွေ့ရှိရဘူးလို့ သိရပါတယ်။

ဒါ့ကြောင့် ပြည်သူ့ကျန်းမာရေးဘက်က ကလေးငယ်ဟာ အဆိပ်ရှိတဲ့သတ္တဝါကောင်တကောင်ကိုက်တာကိုခံရတာဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုမှုရှိပေမယ့် နေပြည်တော်ကုတင်၁၀၀၀ ရဲ့ရလဒ်အပေါ်လည်း ငြင်းပယ်တာမျိုးမရှိဘူးလို့ ဒေသခံတဦးကပြောပါတယ်။

“ကွန်တက် ၁၀ ယောက်စစ်တာမှာ all negative ဖြစ်နေတော့ သူတို့ ​မြို့နယ်ကျန်းမာကတော့ ကလေးကို အဆိပ်ရှိတဲ့သတ္တဝါတကောင်ကိုက်တယ်လို့သုံးသပ်တယ်။အဲ့ဒီတော့ ကုတင်တထောင်ရလဒ်ကို ဒီဘက်ကပယ်တာလားဆိုတော့လည်း မဟုတ်ဘူးပေါ့။ကိုဗစ်ဖြစ်တယ်မဖြစ်ဘူးလည်းမငြင်းလိုဘူးပေါ့။သတင်းတွေပွလို့ပဲ တမင်ပိတ်တာလားတော့မသိဘူး “လို့ ဒေသခံတဦးကပြောပါတယ်။

လက်ရှိမှာတော့ ကျောင်းသူတက်ရောက်နေတဲ့ အုတ်တွင်းမြို့ အထက်တန်းကျောင်းကို ပိတ်ထားတာမျိုးမရှိဘဲ ဆက်လက်ဖွင့်လှစ်နေတယ်လို့သိရပါတယ်။

အခုလ စက်တင်ဘာလ ၃ ရက်နေ့ကလည်း ပဲခူးမြို့မှာ ကိုဗစ်ရောဂါနဲ့ အမျိုးသား ၁ ဦးသေဆုံးခဲ့​ပြီး ပဲခူးတိုင်းထဲကမြို့နယ်အချို့မှာ ကိုဗစ်ပိုးတွေ့ လူနာအချို့ကို ပြန်လည်တွေ့ရှိနေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #အုတ်တွင်း

Related posts

Leave a Comment

VOM News

FREE
VIEW