ဧရာဝတီတိုင်းမှာ စိုက်ဘဏ်ချေးငွေ အတင်း တောင်းနေလို့ တောင်သူတွေ အခက်တွေ့နေ

စက်တင်ဘာ၊၇-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်းမှာ အစိုးရစိုက်ပျိုးစရိတ်ချးငွေတွေကို တရားစွဲမယ်လို့ဆိုပြီး အတင်းတောင်းနေတာကြောင့် အပြင်ကနေ ငွေ ၁ သိန်းကို တလအတိုး ၂သောင်းနဲ့ပေးရတဲ့သူတွေဆီကနေ ချေးငှားဆပ်နေရလို့ ဒေသခံတွေအခက်အခဲတွေ့နေရတယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။

ချေးငွေကြွေးကျန်တွေကို အခုနှစ် စိုက်ပျိုးရာသီမကုန်မီ နောက်ဆုံးထားပြန်လည်းပေးဆပ်ဖို့နဲ့ ပေးဆပ်ဖို့ပျက်ကွက်ရင် ဘဏ်ရဲ့တည်ဆဲဥပဒေအရလည်းကောင်း၊ မြေခွန်မပြေကျန်ငွေ ဖြစ်ဘိသကဲ့သို့လည်းကောင်း အရေးယူမည်ဆိုတာကို ချေးငွေကျန်တောင်သူလယ်သမားတွေဆီ နို့တစ်စာပို့ အကြောင်းကြားနေလို့ ငွေ ၁သိန်းကို တလအတိုး ၂ သောင်းနှုန်းပေးရတဲ့ အပြင်ကနေချေးယူပြီး စိုက်ပျိုးရေးဘဏ်ကိုပေးဆပ်နေရတာဖြစ်တယ်လို့သိရပါတယ်။

“စိုက်ပျိုးရေး စရိတ်ချေးငွေတွေကို ဆပ်ကြတဲ့သူတွေလည်းရှိတယ်၊ မဆပ်နိုင်သူတွေလည်း မနည်းရှိနေတယ် ၊ မဆပ်နိုင်သူတွေက စပါးတွေအထွက်နှုန်း လျော့ကျ ၊ ဓာတ်မြေသြဇာဈေးတွေတက် ၊ စက်သုံးဆီဈေးတွေတက်တော့ စပါးတွေကို စိုက် ဧကပြည့်အောင် မစိုက်နိုင်ခဲ့တာကြောင့် စပါးအထွက်နည်းတော့ စိုက်ဘဏ်ချေးငွေကို ပြန်ဆပ်ဖို့ကျွန်တော်တို့မှာ ခက်ခဲသွားတယ် ၊ ဒါ့ကြောင့် အရင်နှစ်တွေတိုင်း လွယ်လွယ် ပြန်မဆပ်နိုင်တာပါ ၊ ပြန်မဆပ်ရင် တရားစွဲမယ်လို့ လုပ်လာတော့ ကြောက်လို့ အပြင်ကနေ အတိုးကြီးကြီးနဲ့ ယူပြီး ပြန်ဆပ်နေရတာပါ ၊ ငွေ ၁သိန်း အတိုးတလက ၂ သောင်းနှုန်းနဲ့ ယူပြီးပြန်ဆပ်နေရတာ။”လို့ ဧရာဝတီတိုင်းက တောင်သူတဦးကပြောပါတယ်။

ဒေသခံ တောင်သူတွေအနေနဲ့ အစိုးရစိုက်ပျိုးစရိတ်ချေးငွေတွေပြန်ဆပ်ဖို့ အပြင်ကနေ ငွေ ၁သိန်းကိုတလ အတိုး ၂ သောင်းပေးယူနေရတဲ့အတွက် ချေးငွေ သိန်း ၂၀ နဲ့ သိန်း ၃၀ အထိပြန်လည်ဖို့အတွက် ချေးယူနေရတဲ့ တောင်သူတွေက ငွေသိန်း ၂၀ အတွက်တလ အတိုး ၄သိန်း နဲ့ သိန်း ၃၀ အတွက် တလ အတိုး ၆သိန်းအထိပေးနေရလို့ အတိုးနှုန်း နဲ့ သက်ဆိုင်ရာက တရားစွဲမယ့်ဒဏ် ၂ မျိုးကို ရင်ဆိုင်နေရပါတယ်။

ယခင်ကတည်းက လုပ်ကိုင်နေတဲ့ လယ်ကို အပြတ်ရောင်းပြီး ချေးငွေဆပ်ဖို့ပြင်ဆင်နေကြတဲ့ တောင်သူတွေလည်းရှိနေတယ်လို့ ဒေသခံတောင်သူတွေပြောပြချက်အရ သိရပါတယ်။

” အကြောင်းကြားလာတဲ့ စာထဲမှာ ပြန်ဆပ်ဖို့ပျက်ကွက်ရင် အရေးယူမယ်လို့ ရေးထားလို့ကြောက်ပြီးပြန်ဆပ်နေတာ ၊ ပြန်ဆပ်တဲ့အခါမှာလည်း ကိုယ့်လက်ထဲမှာ အရန်သင့်ပိုက်ဆံရှိနေလို့ မဟုတ်ပါဘူး ၊ လက်ရှိ လုပ်ကိုင်နေတဲ့ လယ်ကွက်ကို ငွေလည်ပတ်နိုင်သူတွေဆီ အပေါင်းထားပြီး ပြန်ဆပ်နေတာပါ ၊တချို့ကတော့ အပြတ်ကိုရောင်းဆပ်နေတာ ၊ ကိုဗစ်ဖြစ်လိုက် ၊နိုင်ငံရေးမကောင်းလိုက်၊ စိုက်ပျိုးရေးစရိတ်တွေ အဆမတန်ကုန်လိုက်ဖြစ်နေလို့ ဆပ်ဖို့ငွေကို မစုမိလို့ မဆပ်နိုင်တော့တာ”လို့ ဘိုကလေးမြို့မှ ဒေသခံတောင်သူတဦးကပြောပါတယ်။

သက်ဆိုင်ရာဘက်က တောင်သူတွေအခက်အခဲနဲ့ ဖြစ်ပွားတွေ့ကြုံနေရတဲ့အခြေအနေတွေကို စီစစ်ပြီး စိုက်ပျိုးစရိတ်ချေးငွေ အကြွေးကျန်တွေကို အရစ်ကျစနစ် ဒါမှမဟုတ် ပုံစံတမျိုးမျိုး ပြင်ဆင်ဆောင်ရွက်ပေးဖို့ လိုလားနေပြီး ဆိုင်းငံ့ပေးနိုင်ရင်တော့ ပိုအဆင်ပြေလို့ မျှော်လင့်နေကြတယ်လို့သိရပါတယ်။

“အားလုံး အဆင်ပြေအောင် သက်ညှာတဲ့အနေနဲ့ အမှန်တကယ် ခက်ခဲကျပ်တည်းနေတဲ့ တောင်သူတွေကို စနစ်တကျ သုံးသပ်စီစစ်ပြီး အရစ်ကျပြန်ပေးဆပ်တဲ့ စနစ်လေးလုပ်ပေးရင် အဆင်ပြေမယ်ထင်ပါတယ် ၊ ဥပမာ သိန်းသုံးဆယ်သမားကို တနှစ် ငါးသိန်းပြန်တောင်းတာမျိုး ဒါမှမဟုတ်ရင်လည်း အတိုးငွေကိုပဲ ပြန်ကောက်တာဆို အဆင်ပြေနိုင်တယ်၊ ချေးငွေဆိုတဲ့ စနစ်ကြီးမရှိရင်လည်း ကောင်းလိမ့်မယ်လို့ ထင်လာတယ် ၊ တော်တော်ကို ခက်ခက်နေလို့ပါ ၊ စပါးစိုက်တိုင်းလည်း ရွှေခရုအန္တရာယ်ကကြုံနေရတယ်။”လို့ ဝါးခယ်မမြို့နယ်မှ တောင်သူတဦးကပြောပါတယ်။

ချေးငွေတွေ အတင်းပြန်တောင်းယူနေတဲ့ကိစ္စနဲ့ပတ်သက်လို့ တောင်သူလယ်သမားအရေး ဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေတဦးကလည်း ”တောင်သူတွေအတွက် အခက်အခဲအမျိုးစုံ ကြုံနေရတော့ တမျိုးမျိုးတော့ဆောင်ရွက်ပေးသင့် တယ်လို့ယူဆတယ် ၊ဒီလို အခက်အခဲတွေ ဘက် ပေါင်းစုံ ကြုံနေရတာကို အတင်း စိုက်ဘဏ်ချေးငွေတွေကိုပြန်တောင်းတာဟာ မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ်လို့ယူဆတယ် ၊ ဧရာဝတီတိုင်းက တောင်သူတွေ စပါးတွေမထွက်တာ၊ စပါးတွေမိုးမိတာ စက်သုံးဆီနဲ့ဓာတ်မြေသြဇာ တွေဈေးတက်လို့ ဧကပြည့်မီအောင်မစိုက်နိုင်တာ ၊ ရှိတာလေးနဲ့ စပါးစိုက်လို့ပြီးတဲ့အခါ ရွှေခရုတွေကျပြီး ကိုက်ဖျက်နေတာတွေ တွေ့မြင်ကြားသိနေရတယ်။”လို့ ပြောပါတယ်။

ဧရာဝတီတိုင်းက တောင်သူတွေဟာ ယခုနှစ်မှာလည်း မိုးစပါးတွေကို စတင်စိုက်ပျိုးချိန်ကနေ စတင်လို့ ဓါတ်မြေဩဇာ ဈေးကြီးမြင့်နေတာ ၊ စက်သုံးဆီ ဒီဇယ်နဲ့ ဓါတ်ဆီဈေးကြီးမြင့်တက်နေတာ ၊ စပါးအပင် ဖျက်ဆီးတဲ့ ရွှေခရုတွေကျရောက်နေတာစတဲ့အခက်ခဲ အကျပ်တည်းတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့သိရပါတယ်။

ပြည်တွင်းမှာ ဧရာဝတီတိုင်းဟာ ဆန် ၊ စပါး စိုက်ပျိုးရေးလုပ်ငန်းကို အခြေခံလုပ်ကိုင်တဲ့ တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး မိုးစပါး ၃ ဒသမ ၇ သန်းကျော်နဲ့ နွေစပါး ၁ ဒသမ ၄ သန်းကို နှစ်စဉ် စိုက်ပျိုးထုတ်လုပ်နေတယ်လို့ သတင်းမှတ်တမ်းတွေအရသိရပါတယ်။

#voiceofmyanmar #VOM #ဧရာ၀တီ #စိုက်ဘဏ်ချေးငွေ #တောင်သူအခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW