မုံရွာ – ပုသိမ်ကားလမ်းမှာ လူ ၃ ဦး ပစ်သတ်ခံရပြီး ဆိုင်ကယ်တွေလုယူခံရ

စက်တင်ဘာ ၊ ၁၁ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ပေခုနှစ်ပင်ကျေးရွာအနီး ၊ မုံရွာ ပုသိမ်ကားလမ်းပေါ်မှာ မနေ့ စက်တင်ဘာ ၁၀ ရက် ညနေပိုင်းက စျေးဝယ်လာသူ ၃ ဦး ပစ်သတ်ခံရပြီး ဆိုင်ကယ်တွေ လုယူခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က ညနေပိုင်း ၄ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ ဒီးဒုတ်ကွင်းရွာကနေ ပေါက်မြို့ကို စျေးဝယ်သွားတဲ့ ဦးဌေးပိုင် ၊ ဦးနေစိုးနဲ့ မသန္တာဦး ၃ ယောက်ဟာ ပစ်သတ်ခံရပြီး သူတို့စီးလာတဲ့ ဆိုင်ကယ် ၃ စီး လုယူခံရတာ “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဒီးဒုတ်ကွင်းရွာက စျေးဝယ်သွားတဲ့ အမျိုးသား ၂ ဦး နဲ့ အမျိုးသမီး ၁ ဦး ဆိုင်ကယ်စီးလာတဲ့အချိန် ပေ ခုနှစ်ပင်ရွာထိပ်က မုံရွာ ပုသိမ်ကားလမ်းအရောက်မှာ ရီမုမိုင်း ၁ လုံးကွဲတယ် ၊ အဲ့ဒီနောက် သူတို့ ၃ ယောက် ပစ်သတ်ခံရပြီး ဆိုင်ကယ် ၃ စီး လုယူခံရတယ် ၊ သူတို့က သာမန် ပြည်သူတွေဖြစ်ပြီး နိုင်ငံရေး အရောင်အသွေး မရှိဘူး ” လို့ ပြောပါတယ်။

အဲ့ဒီ ပစ်သတ်ခံရသူ ၃ ဦးနဲ့ ပတ်သက်လို့ ပေါက်မြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်ကလည်း ဒီးဒုတ်ကွင်းကျေးရွာနားက ယာခင်းတောထဲမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ဒီးဒုတ်ကွင်းရွာက အမျိုးသား ၁ဦးနဲ့ ကလေးငယ် ၁ဦး မိုင်းစထိမှန် ဒဏ်ရာတွေရသွားတာလည်း ဖြစ်ခဲ့ပါတယ်။

#voiceofmyanmar #VOM #ပေါက်

Related posts

Leave a Comment

VOM News

FREE
VIEW