အသက်နဲ့ရင်းပြီး ရှာဖွေနေရတဲ့ စားဝတ်နေရေး

KK(VOM)

ရန်ကုန်ဟာ စက်ရုံအလုပ်ရုံများပြားပြီး လူဦးရေအထူထပ်ဆုံးမြို့တော်ဖြစ်တဲ့အပြင် နေ့စဥ်စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရသူတွေလည်း များပြားပါတယ်။

၂၀၂၁ ဖေဖော်၀ါရီလနောက်ပိုင်း ရန်ကုန်တိုင်းက မြို့နယ်အသီးသီးမှာ နေ့စဥ်နဲ့အမျှ လုယက်မှု၊ခိုးမှုနဲ့ခါးပိုက်နိူက်တွေကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်နေရသူတွေဟာ ကျီးလန့်စာ စား ဘဝတွေလိုဖြစ်နေတယ်လို့ လှိုင်သာယာမြို့ခံတဦးက ပြောပါတယ်။

“တနေကုန်အလုပ်လုပ် အိမ်အပြန်လမ်းမှာ အလုခံရမှာ ကြောက်နေရတယ်၊ ပိုက်ဆံနဲ့ဖုန်းလုသွားတာဆို တော်သေးတယ် လူကိုပါသတ်သွားမှာစိုးရိမ်တာ”လို့ ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှာ နေ့စဥ်နဲ့အမျှ ခိုးမှု၊လုယက်မှု၊ဓားပြတိုက်မှုတွေဖြစ်လာပြီးနောက်ပိုင်း စားဝတ်နေရေးအတွက် သွားလာလှုပ်ရှားနေရသူတွေဟာ အခက်တွေ့လာပါတယ်။သမုဒ္ဒရာဝမ်းတစ်ထွာအတွက် နေ့စဥ်ရုန်းကန်နေရသူတွေဟာ အိမ်အပြန်ခရီးတွေမှာ နေ့စဥ်လုယက်တာတွေကြုံလာရတာကြောင့် စိုးရိမ်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ တောင်ဒဂုံမြို့နယ်မှာ နေသူတဦးက ပြောပါတယ်။

“ကျွန်မဆို အိမ်ကိုယောက်င်္ကျားပြန်ရောက်မှ သက်ပြင်းချလို့ရတယ်၊ တောင်ဒဂုံမှာလည်း လုယက်မှုတွေရှိတာပဲ နည်းနည်းလေးနောက်ကျရင် စိတ်ပူနေရတယ်၊ ဘုရား တနေရတယ်”လို့ ပြောပါတယ်။

ကုန်စျေးနှုန်းကြီးမြှင့်မှု့ ၊အလုပ်အကိုင်ရှားပါးမှုတွေအပြင် တရားဥပဒေစိုးမိုးမှုမရှိတာကြောင့် အခြေခံလူတန်းစားတွေရဲ့ဘဝဟာ ဘေးကျပ်နံကျပ်ဖြစ်နေတယ်လို့ အရှေဒဂုံမြို့နယ်က ဆိုင်ကယ်ကယ်ရီမောင်းနှင်းသူတစ်ဦးက ပြောပါတယ်။

“ဆီစျေးကကြီး ခရီးသည်ကမရ လုယက်တဲ့သူတွေကပေါတော့၊ တော်ရုံလူစိမ်းဆိုမလိုက်ရဲဘူး အခုက မင်းမဲ့တိုင်းပြည်လို ဖြစ်နေတာ၊ ကျနော်တို့ဘက်မှာ ဆိုင်ကယ်ကိုဓားနဲ့ထိုးပြီးလုတာနဲ့ ဝိုင်းရိုက်ပြီးလုတာနဲ့ အဲ့သတင်းတွေက မကြားချင်မှ အဆုံးလို့”ရှင်းပြပါတယ်။

ဒီလို လုယက်မှုတွေသာမက အလုပ်သွားလာရာတွင် YBSခရီးသည်တင်ယာဥ်များပေါ်တွင် အုပ်စုဖွဲ့ခါးပိုက်နှိုက်မှုတွေကလည်း တနေ့တခြားဆိုးလာတယ်လို့ မြောက်ဒဂုံမြို့နယ်နေသူတဦးက ပြောပါတယ်။

“မြို့ထဲမှာ အလုပ်သွားလျှောက်တဲ့ ကျနော့်ညီမဆို ကားပေါ်မှာ ခါးပိုက်နှိုက်ခံရတာ ဖုန်းရောပိုက်ဆံအိတ်ရောပါသွားတယ် ပိုက်ဆံအိတ်ထဲမှာ ဘွဲ့လက်မှတ်တွေ၊ မှတ်ပုံတင် အိမ်ထောင်စုစာရင်းတွေပါသွားလို့ ငိုလိုက်တာ စိတ်ထဲလည်းမကောင်းဘူး”လို့ ပြောပါတယ်။

အချို့မြို့နယ်တွေမှာလည်း လမ်းသွားလမ်းလာများကို လုယက်လာတဲ့အထိ အတင့်ရဲလာတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်နေသူတဦးက ပြောပါတယ်။

“အိမ်မှာ အဖေနေမကောင်းလို့ အစ်မက wave money နဲ့ ပိုက်ဆံငါးသိန်းလွဲလိုက်တယ်၊ သွားထုတ်ပြီးအပြန်လမ်းမှာ လုသွားတယ် သူတို့က သုံးယောက် ဓားကိုယ်စီနဲ့ မျက်နှာတွေဖြတ်ရိုက်တာ”လို့ ပြောပါတယ်။

YBS ကားပေါ် မှာ ခါးပိုက်နှိုက်ခံရတာတွေ လမ်းသွားလမ်းလာတွေ လုယက်ခံရတာအပြင် စျေးဆိုင်တွေမှာ အုပ်စုဖွဲ့လုယက်လာတဲ့ဖြစ်လာတယ်လို့ အင်းစိန်မြို့နယ်နေသူတဦးက ပြောပါတယ်။

“စတိုးဆိုင်လေးပါ လူနှစ်ယောက်ရှိတယ် စျေးဝယ်ဟန်ဆောင်ပြီး လေးယောက်က ဝင်လုတယ်၊ ဓားနဲ့ထောက်ထားတယ် ပြန်လုပ်ဖို့မကြိုးစားနဲ့ ကိုယ်အရင်သေမှာ လေးယောက်စလုံးက ဓားကိုယ်စီနဲ့”လို့ ပြောပါတယ်။

နေအိမ်အတွင်းနေထိုင်သူတွေ လုယက်ခံရတာမဟုတ်ဘဲ ဌာနဆိုင်ရာရုံးအတွင်းထိ ဓားကိုင်ကာ လုယက်လာတာဟာ တရားဥပဒေစိုးမိုးမှုမရှိတာကို သက်သေပြနေတယ်လို့ လှည်းကူးမြို့ခံတဦးက ပြောပါတယ်။

“လှည်းကူးမှာဆို ဌာနဆိုင်ရာရုံးထဲအထိဝင်ပြီး ဓားထောက်ပြီး ဆိုင်ကယ်သော့တောင်းတာ၊ ရုံးစာရေးမလေးကလည်း ပေးလိုက်ရတယ် မဟုတ်ဘူးလို့ ငြင်းလို့မရဘူး၊ ရုံးကိုထည့်မပြောချင်တာ တစ်မြို့လုံးသိတယ်”လို့ ပြောပါတယ်။

အုပ်စုဖွဲ့လုယက်သူတွေဟာ ပြန်လည်ခုံခံပါက အသတ် သေတဲ့အဆင့်ထိ ကျူးလွန်လာပြီး လုယက်သူတွေကို ဖမ်းဆီးရမိတယ်ဆိုတာ မရှိဘူးလို့ သာကေတမြို့နယ်နေသူတဦးက ပြောပါတယ်။

“ကျနော်က Taxi မောင်းတာ Taxi ကားသမားတွေ ဘယ်လောက်အလုခံနေရလဲ၊ ကျနော်အသိတစ်ယောက်ဆို ဓားနဲ့အထိုးခံရပြီးသေသွားတယ်၊ နောက်တယောက်ဆို ဆေးရုံတင်ရတယ် ကျနော်သိတာတောင် ၇ဦးလောက်အလုခံရတယ်”လို့ ရှင်းပြပါတယ်။

လုယက်မှုနဲ့ခိုးမှုတွေကို ဖမ်းဆီးရမိတာမရှိသေးလို့ ပြည်သူအများစုက ရဲစခန်းကို တိုင်တာမရှိဘူးလို့ မင်္ဂလာတောင်ညွန့်မြို့နယ်နေသူတဦးက ပြောပါတယ်။

“အခုဆို အပြင်သွားရင် ဖုန်းထုတ်မဆက်ရဲဘူး အိမ်မှာနေရင်း ဓားဆောင်ထားရတယ်၊ ရဲစခန်းမတိုင်ဘူးဆိုတာ တိုင်လည်း ဖမ်းမိတယ်ဆိုတာ ရှိတာမှမဟုတ်တာ တိုင်မနေတော့ဘူး”လို့ ပြောပါတယ်။

ရန်ကုန်တိုင်းကို ခရိုင် ၁၄ ခု မြို့နယ် ၄၅မြို့နယ်၊ မြို့၂၀၊ ရပ်ကွက် ၇၄၃၊ ကျေးရွာအုပ်စု ၆၁၉၊ ကျေးရွာ ၂၁၆၂ရွာနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး ခန့်မှန်းသန်းခေါင်စာရင်းအရ လူဦးရေ ၈.၇ သန်းရှိတယ်လို့ သိရပါတယ်။

ကိုကိုကျွန်းမြို့နယ်ကလွဲလို့ ကျန်တဲ့မြို့နယ်မှာ နေ့
စဥ်နဲ့အမျှ ဖောက်ထွင်းမှု၊လုယက်မှုတွေကြောင့် ထမင်းတစ်လုပ်စားရဖို့ ရုန်းကန်နေရသူတွေဟာ မိမိအသက်ကို သရဏဂုံတင်ပြီး ရှာဖွေနေရတာဖြစ်တယ်လို့ ရွှေပြည်သာမြို့နယ်နေသူတဦးက ပြောပါတယ်။

“အခုဆို ဘုရား တရား ပိုမြဲလာတယ်၊ အပြင်သွားရင် ဘုရား တနေရတယ်၊ ဘုရား ဘုရား အိမ်ကိုမြန်မြန်ပြန်ရောက်ပါစေပေါ့ အိမ်ကယောက်င်္ကျားဆို အခု သံဗုဒ္ဓေဂါထာတောင်ရနေပြီ လုယက်တာတွေများတော့ အန္တရယ်ကင်းအောင်ရွတ်ရင်းနဲ့ “လို့ ပြောပါတယ်။

ကုန်စျေးနှုန်းကြီးမြှင့်မှု အလုပ်ကိုင်ရှားပါးမှု၊အိမ်သုံးဆေးဝါးများစျေးအဆမတန်ကြီးမြှင့်မှုတွေကို ခံစားနေရတဲ့ပြည်သူတွေဟာ တစ်ဖက်မှာ စားဝတ်နေရေးအတွက် ရုန်းကန်ရင်းရလာတဲ့ငွေကြေးတွေ လုယက်ခံရတဲ့အခါ သေဆုံးရုံနဲ့ ရေသောက်ဗိုက်မှောက်နေရုံကလွဲလို့ ဖြေရှင်းနိူင်မဲ့လမ်းစ မမြင်ရပေ….။

Photo/crd -လှည်းကူးမြို့မှာ ဓားပြကာ ဆိုင်ကယ်တောင်းနေပုံ
#voiceofmyanmar #VOM #အသက်နံရင်ပြီးရှာနေရတဲ့ #စား၀တ်နေရေး #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW