မြန်မာဘက်က လက်နက်ကြီးကျည်တွေ ကျရောက်မှုဆက်ဖြစ်နေရင် ကုလသမဂ္ဂမှာ တိုင်ကြားမယ်လို့ ဘင်္ဂလားဒေ့ရ်ှပြော

ဒါကာ၊ စက်တင်ဘာ-၁၉-၂၀၂၂
မျိုးဆက်(VOM)

မြန်မာဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ကျရောက်မှုတွေကို သတိပေးဖို့အတွက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေး၀န်ကြီးဌာနက မြန်မာသံအမတ်ကို တလအတွင်း စတုတ္ထအကြိမ် မြောက်ဆင့်ခေါ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရ်ှသတင်းရင်းမြစ်တွေက ပြောပါတယ်။

မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ မော်တာကျည်တွေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ကြိမ်ဖန်များစွာ ကျရောက်ခဲ့တာနဲ့ပတ်သက်ပြီး မြန်မာသံအမတ်ဖြစ်သူ ဦးအောင်ကျော်မိုးကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေး၀န်ကြီးဌာနက ဆင့်ခေါ်ကန့်ကွက်ခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်မတော်(AA) တို့ဟာ မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ်မှာ ပြီးခဲ့တဲ့လကတည်းက တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

ဒီလိုတိုက်ပွဲတွေအတွင်း သေနတ်ကျည်တွေနဲ့ မော်တာကျည်တွေဟာ နယ်စပ်ကိုဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရ်ှလူနေရပ်ကွက်တွေထိ ကျရောက်ခဲ့တဲ့အတွက် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထိတ်လန့်နေကြပါတယ်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အရှေ့တောင်ပိုင်းနယ်စပ် ဘန်ဒါဘန်ခရိုင်မှာ စက်တင်ဘာ ၁၄ ရက်ညပိုင်း မြန်မာဘက်က ပစ်လိုက်တဲ့ကျည်တွေကျရောက်မှုကြောင့် ရိုဟင်ဂျာလူငယ်တဦးသေဆုံးပြီး အခြားခြောက်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရ်ှပြည်ထဲရေး၀န်ကြီး Asaduzzaman Khan ကတော့ နှစ်နိုင်ငံနယ်စပ်ပြသနာနဲ့ပတ်သက်ပြီး သံတမန်နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း၊ ဒါပေမယ့် အခြေအနေတိုးလာမလာဘဲ ဆက်ဖြစ်နေရင် မြန်မာနိုင်ငံကို ကုလသမဂ္ဂမှာ တိုင်ကြားမယ်လို့ စက်တင်ဘာ ၁၇ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒီအတောအတွင်း မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ကျည်တွေ ဘင်္ဂလားဒေ့ရ်ှကို စက်တင်ဘာ ၁၈ ရက်ထိ ကျရောက်နေဆဲဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရ်ှအာဏာပိုင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

Ref:Anadolu
Photo: ANI
#voiceofmyanmar #VOM #ဒါကာ

Related posts

Leave a Comment

VOM News

FREE
VIEW