ရွှေသောင်ယံမှာ စက်လှေနဲ့လာတဲ့ အထောက်အထားမဲ့သူ ၃၁ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ၊ ၁၉-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ နွယ်ညိုချောင်းကျေးရွာ ပင်လယ်ကမ်းစပ်အနီးမှာ မနေ့ စက်တင်ဘာ ၁၈ရက်က စက်လှေသမား ၅ ဦးနဲ့ လာတဲ့ နိုင်ငံသား အထောက်အထားမဲ့သူ ၃၁ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စက်လှေမောင်းပို့တဲ့ အမျိုးသား ၅ ယောက်နဲ့အတူ အသက် ၁၈ နှစ်အောက် ကလေး ၁ ယောက်အပါအဝင် နိုင်ငံသားအထောက်အထားမဲ့သူ အမျိုးသား ၁၉ ယောက်နဲ့ အမျိုးသမီး ၁၂ ယောက်ကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကသွားရောက် ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

”ဖမ်းမိတာ မှန်တယ် ကလေး ၁ ယောက်ပါတယ် ၊ နွယ်ညိုချောင်းကျေးရွာမှာ ဖမ်းမိတာ ၊အဲ့ဒီ နွယ်ညိုချောင်းကျေးရွာက ပင်လယ်ကမ်းစပ်မှာရှိတာ ၊ အဲ့ဒီရွာနားမှာ ဖမ်းမိတာ ၊ စက်လှေမောင်းပို့တဲ့သူ ၅ ယောက်နဲ့အတူမိတာ ၊ စက်လှေသမားတွေကတော့ အငှားလိုက်လာတာလို့ ပြောတယ်။”လို့ သက်ဆိုင်ရာ နဲ့ နီးစပ်သူတဦးကပြောပါတယ်။

ဖမ်းမိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေဟာ ရခိုင်ပြည်နယ်ဘက်ကနေ ထွက်လာကြတာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ သူတို့ကို ပုသိမ်အကျဉ်းထောင် ပို့လိုက်တယ်လို့ သူတို့ကို ကူညီပေးတဲ့သူဆီကနေ သိရပါတယ်။

”အချုပ်ကားနဲ့ လာခေါ်သွားတာ တွေ့ရတယ် ၊ ရခိုင်ဘက်ကနေ ကျွန်တော်တို့ဘက်ကိုလာတဲ့အခါ လိုရာခရီး မရောက်ဘဲ အဖမ်းခံရတာများတယ် ၊ သူတို့ကလည်း ဖမ်းပါတယ်ဆိုတဲ့ ဒီဘက်ကို ခပ်စိပ်စိပ်လာနေကြတာ ၊တချက်ရှိတာက ဒီရက်ပိုင်းအတွင်းမှာ ရခိုင်ပြည်နယ် မောင်တောဒေသမှာ AA နဲ့တပ်တို့ရဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာကြောင့် ဒီဘက်ကို ထွက်ခွာလာကြတာဖြစ်လိမ့်မယ်။”လို့ ပုသိမ်မြို့ခံတဦးကပြောပါတယ်။

ယခုနှစ် ဇူလိုင်လ ၂၃ ရက်ကလည်း ဧရာဝတီတိုင်း ရွှေသောင်ယံကမ်းခြေအနီးမှာ နိုင်ငံသားအထောက် အထားမဲ့သူ အမျိုးသား ၂၂ ယောက်နဲ့ အမျိုးသမီး ၂၄ ယောက်ကို ဖမ်းဆီးခံခဲ့ရပါသေးတယ် ။

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်က ၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဂရယက်ကြီးကျွန်းအနားကို စက်လှေပျက်ပြီး မျောပါလာတဲ့ နိုင်ငံသား အထောက်အထားမဲ့သူ ၅၈ ယောက် အဖမ်းခံခဲ့ရပြီး သူတို့ကို ဘိုကလေးမြို့နယ် တရားရုံးက စက်တင်ဘာ ၇ ရက်နဲ့ ၉ ရက်တွေမှာ ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ – ၆ (၃) နဲ့ ထောင် ၂နှစ်စီချမှတ်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပုသိမ် #အထောက်အထားမဲ့သူ၃၁ဦးဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW