ရွာသာကြီးရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး ရွာခံလူ ၃၀ ကျော် ဒဏ်ရာရ ၊ လူနေအိမ် ၅ လုံးထက်မနည်း မီးလောင်

စက်တင်ဘာ ၊ ၂၆ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ ရွှေဘို မန္တလေး မုံရွာ လမ်းဆုံနေရာမှာရှိတဲ့ ရွာသာကြီးကျေးရွာမှာ မနေ့ စက်တင်ဘာ ၂၅ ရက် မနက်အစောပိုင်းက ထိတွေ့ ပစ်ခတ်တာတွေဖြစ်ပွားတဲ့အတွက် ရွာခံလူ ၃၀ ဝန်းကျင် ဒဏ်ရာရပြီး ရွာထဲက လူနေအိမ် ၅ လုံးထက်မနည်း မီးလောင်ခဲ့တယ်လို့ ရွာသာကြီးရွာခံတွေဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်း ၅ နာရီဝန်းကျင်မှာ ရွာထဲကို စစ်ကြောင်းဝင်လာတယ် ၊ အမည်မသိလက်နက်ကိုင်ထားတဲ့လူတွေနဲ့ ပစ်ကြတယ် ၊ ရွာထဲက လူ ၃၀ ဝန်းကျင်ဒဏ်ရာရပြီး ပိတ်မိနေတယ် ၊ အိမ်မွေးတိရစ္ဆာန်တွေလည်း ထိခိုက်သေဆုံးတယ် ၊ လတ်တလောကတော့ နွား၂ ကောင်သေတယ် ၊ ရွာမြောက်ပိုင်းက လူနေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံရတယ် “လို့ ရွာသာကြီးရွာခံတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ရွှေဘိုခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ရွာသာကြီးဘက်မှာ နယ်မြေရှင်းလင်းနေတာဖြစ်တယ် ၊ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က ဝက်လက်မြို့နယ် ၊ မောက်ကြိုးကျေးရွာ ၊ ရင်းကျောင်းက ကျောင်းထိုင်ဘုန်းကြီး ဆရာတော် ဥူး ပုညသီရိ သက်တော် ၃၇ ၊ ဝါတော် ၁၈ ဝါ ဖြစ်တဲ့ ဘုန်းကြီးဟာ ကျန်းမာရေး မကောင်းလို့ မုံရွာကို ဆေးခန်းပြဖို့ မောက်ကြိုးရွာကနေ ရွှေဘို-မုံရွာ ကားလမ်းအတိုင်း ဘုန်းကြီးကားနဲ့ ကြွသွားတယ် ၊ အဲ့ဒီလို ကြွသွားတဲ့အချိန်မှာ အခု နယ်မြေရှင်းလင်းနေတဲ့ ရွာသာကြီးကျေးရွာ ၊ သုဿန်နားအရောက်မှာ လူအင်အား ၃၀ ကျော်ရှိတဲ့ လက်နက်ကိုင်ထားတဲ့သူတွေက ဘုန်းကြီးကို သတင်းပေး ဒလန်လို့ စွပ်စွဲပြီး ဘုန်းကြီးရော ကားပါ ဖမ်းဆီးထားတယ် ၊ ကားမောင်းလိုက်သွားတဲ့ မောင်ထက်မြတ်နိုင်ကိုတော့ ပြန်လွှတ်ပေးလိုက်တယ် ” လို့ ပြောပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပွားနေတဲ့ ရွာသာကြီးရွာခံတယောက်က ” လတ်တလော အခြေအနေကတော့ ရွာထဲက လူနေအိမ် ၅ လုံး မီးရှို့ဖျက်ဆီးခံထားရတယ် ၊ ရွာခံလူ ၂၀ ကျော်ကို ဖမ်းဆီး စစ်ဆေးနေတယ် ၊ အဲ့ဒီထဲမှာ ဒဏ်ရာရထားတဲ့သူတွေလည်း ပါတယ် ၊ ဒဏ်ရာရနဲ့ ဖမ်းခံရသူ လူစာရင်း ကောက်ယူဖို့ အခက်အခဲရှိနေတယ်၊ ပစ်တာခတ်တာကတော့ မနက် ၉ နာရီနောက်ပိုင်း မရှိတော့ဘူး ၊ လူအနည်းငယ်ပဲ ထွက်ပြေးတိမ်းရှောင်နိုင်ပြီး အများစုက ပိတ်မိနေတာ ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း စက်တင်ဘာ ၂၃ ရက်နေ့ ၊ ညနေ ၄ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ကိုင်းရိုးကျေးရွာအုပ်စု ၊ အင်္ဂါထောင့်ကျေးရွာမှာရှိတဲ့ ရွှေအင်းဘုန်းကြီးကျောင်းကကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ ဆရာတော်ဥူးသောဘိဏ သက်တော် ၅၀ နှစ် ၊ ဝါတော် ၃၀ နဲ့ ကပ္ပိယ ဦးညိုမောင် ၆၇ နှစ် ၊ ဘုန်းကြီးကား မောင်းသူ ကိုကျော်ထွန်းဦး ၄၀ နှစ်တို့ ၃ ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #၀က်လက်

Related posts

Leave a Comment

VOM News

FREE
VIEW