စစ်ကိုင်းတိုင်းမှာ မိုင်းနင်းမိလို့ သေဆုံးဒဏ်ရာရတဲ့သတင်းတွေ ခဏခဏဖြစ်လာ

စက်တင်ဘာ ၊ ၂၈ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ဇင်းကျေးရွာ ၊ ရွှေဘို မြစ်ကြီးနားကားလမ်းမှာ မနေ့ စက်တင်ဘာ ၂၇ ရက် ၊ မွန်းလွဲ ၂ နာရီဝန်းကျင်က ယာခင်းတောသွားတဲ့ မိသားစုဟာ လမ်းမှာ မိုင်းနင်းမိပြီး သေဆုံးဒဏ်ရာရတာတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ဒေါ်ကြည်ကြည်ဝင်းတို့ မိသားစုဟာ ယာခင်းတောကိုသွားရင်း မိုင်းပေါက်ကွဲတာကြောင့် သေဆုံးတာဖြစ်တယ် ၊ အသက် ၁၂ နှစ်အရွယ် မခေတ်သစ်ဦး နဲ့ ဒေါ်ကြည်ကြည်ဝင်းတို့ ၂ ယောက်ကတော့ ကိုယ်ခန္ဓာ အပိုင်းပိုင်းပြတ်တောက်ဒဏ်ရာနဲ့ နေရာမှာတင် သေဆုံးနေတယ် ၊ အဲ့ဒီအပြင် အသက် ၈ နှစ်အရွယ် မောင်ဖြိုးစည်သူအောင်ကတော့ မိုင်းစထိမှန် ဒဏ်ရာရတာ ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ မိုင်းစထိမှန် လူသေဆုံး ၊ ဒဏ်ရာရတဲ့ ဖြစ်စဥ်ကို ၊ ကန့်ဘလူမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒီမိုင်းတွေဟာ ဘယ်သူတွေ ထောင်တယ်ဆိုတာတော့ မသိရပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်း အခုလ ၂၅ ရက် ၊ ည ၇ နာရီဝန်းကျင်ကလည်း စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ် ၊ ဂွေးပင်တောကျေးရွာအနီး မုံရွာ မန္တလေး ကားလမ်းမှာ ပျားရည်ပေပါတွေတင်ဆောင်လာတဲ့ ၁၂ ဘီးကုန်ကားတစီး မိုင်းထိမှန်ပြီး ကားမောင်သူ ဦးအောင်ဇော်ဦး ဆိုသူဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အခုလ ၂၅ ရက် မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်က ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ ကြို့ကန်ကျေးရွာနားမှာ ကုန်ကားတစ်စီး မိုင်းစထိမှန်ပြီး ကားမောင်းသူ ဦးဟိန်းဇော်မျိုး ဆိုသူဟာ ပြင်းထန်ဒဏ်ရာရလို့ ဆေးကုသနေရတယ်လို့ သိရပါတယ်။

စက်တင်ဘာ၂၂ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် ၊ ၅၆ မိုင်ကျေးရွာနားမှာ မိုင်းပေါက်ကွဲပြီး ယာခင်းတောရေသွင်းနေတဲ့ ဦးဆန်းထူး ခေါ် အောင်အောင် ဆိုသူဟာ မိုင်းစထိမှန်တာကြောင့် ဆေးကုသနေရတယ်လို့ သိရပါတယ်။

စက်တင်ဘာ၂၅ ရက် ၊ မွန်းလွဲ၁ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ ရွာသာကြီးကျေးရွာထဲမှာ မိုင်းပေါက်ကွဲပြီး မကေသွယ်ဦးဟာ မိုင်းစထိမှန် ပြင်ထန်ဒဏ်ရာရတာကြောင့် ဆေးကုသနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာ၂၁ ရက် ၊ မနက် ၁၀ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း ရွှေဘိုမြို့ ၊ အမှတ် ၇ ရပ်ကွက် ၊ ရွှေဘို မန္တလေး မြို့ရှောင်လမ်းမှာ ပေါက်ကွဲမှုဖြစ်ပြီး ခရီးသည် ဦးထွန်းဟန်ဆိုသူဟာ မိုင်းစထိမှန် သေဆုံးသွားပါတယ်။

အဲ့ဒါကြောင့် အခုလ ၂၀ ရက်နောက်ပိုင်း စစ်ကိုင်းတိုင်းထဲမှာ မိုင်းစထိမှန် သေဆုံးသူ ၁၀ ထက်မနည်း ရှိခဲ့ပြီး ဒဏ်ရာရသူ ၃၀ ကျော်ရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ တိုက်ပွဲငယ်တွေ ခဏခဏဖြစ်နေတာကြောင့် စစ်ရှောင်တွေများလာသလို မိုင်းအန္တရာယ်ကလည်း စိုးရိမ်စရာဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #မိုင်းထိသူများလာ

Related posts

Leave a Comment

VOM News

FREE
VIEW