အီရန်ဆန္ဒပြပွဲ ဖြိုခွင်းခံရ ၇၆ ဦးသေဆုံး

တီဟီရန်၊ စက်တင်ဘာ-၂၈-၂၀၂၂
မျိုးဆက်(VOM)

အီရန်မှာ ဖမ်းဆီးထ်ိန်းသိမ်းခံရတဲ့ အမျိုးသမီးတဦးသေဆုံးမှုကြောင့် ဖြစ်ပွားခဲ့တဲ့ ၁၁ ရက်ကြာ ဆူပူအုံကြွမှုအတွင်း လုံခြုံရေးတပ်ဖွဲ့၀င်တွေရဲ့ ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူ ၇၆ ဦးထိသေဆုံးသွားပြီဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူတွေက စက်တင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။

အီရန်အာဏာပိုင်တွေဟာ ဆန္ဒပြမှုတွေကို ဖြိုခွင်းရာမှာ အင်အားအလွန်အကျွံသုံးခဲ့ပြီး ကျည်အစစ်တွေကို အသုံးပြုခဲ့ကြောင်း နော်ဝေအခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ကပြောပါတယ်။

အီရန်နိုင်ငံပိုင် သတင်းဌာနကတော့ လုံခြုံရေးတပ်ဖွဲ့၀င်တွေအပါအ၀င် သေဆုံးသူ ၄၁ ဦးရှိကြောင်း ဖော်ပြထားပြီး ဆူပူဆန္ဒပြသူတွေကို အပြစ်တင်ထားပါတယ်။ လူရာနဲ့ချီဖမ်းဆီးခံထားရပြီး သူတို့ထဲမှာ သတင်းသမား ၂၀ ဦးလည်း ပါ၀င်နေပါတယ်။

ဆန္ဒပြသူတွေကို ဖမ်းဆီးနှိပ်စက်ညှဉ်းပန်းမှုနဲ့ ကျည်အစစ်တွေအသုံးပြုဖြိုခွဲမှုဟာ နိုင်ငံတကာရာဇ၀တ်မှုမြောက်ကြောင်း၊ ကမ္ဘာကြီးအနေနဲ့အီရန်ပြည်သူတွေရဲ့ အခြေခံအခွင့်အရေး တောင်းဆိုမှုကို ကာကွယ်ပေးရမယ်လို့ အီရန် လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး မာမွတ်အမ်မီရီမိုဂါဒမ်က ပြောပါတယ်။

ဆန္ဒပြသူတွေကို အီရန်အာဏာပိုင်တွေရဲ့ ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး လွန်စွာစိုးရိမ်ကြောင်းနဲ့ ငြိမ်းချမ်းစွာဆန္ဒပြခွင့်ကို လေးစားလိုက်နာဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးကလည်း ထုတ်ပြန်တိုက်တွန်းထားပါတယ်။

Ref: BBC
Photo:Getty Images

#voiceofmyanmar #VOM #အီရန်ဆန္ဒပြပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW