လက်ဖက်ရည်တစ်ခွက်ရဲ့ ရက်စွဲဟောင်း တန်ဖိုးများ

သွေး (စစ်ကိုင်း)

မနက်မိုးလင်းရင် လက်ဖက်ရည်ဆိုင် ထိုင်ချင်သူတွေ၊ လက်ဖက်ရည်ဆိုင် ထိုင်ပြီး စကားပြောချင်သူတွေ၊ အလုပ်ကိစ္စ ချိန်းဆိုထားသူတွေအတွက် လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုက တော်တော်လေးအရေးပါပါတယ်။ အစစအရာရာ တက်နေတဲ့ ကုန်ဈေးနှုန်းကြားမှာ လက်ဖက်ရည်တစ်ခွက်ရဲ့ ဈေးက ၁,၀၀၀ ကျပ်ဝန်းကျင် ဖြစ်နေပါပြီ။ ဝင်ငွေ နည်းသူတွေ အတွက်တော့ လက်ဖက်ရည်တစ်ခွက် ဈေးက များလွန်းနေတဲ့ အနေအထားပါ။

အိမ်ရှင်မတွေဟာ ဝင်ငွေနဲ့ ထွက်ငွေမျှတအောင် စီမံခန့်ခွဲရသူတွေ ဖြစ်ပါတယ်။ မိသားစု တစ်စုမှာ လူ ၅
ယောက် ရှိတယ် ဆိုကြပါစို့…၊ လက်ဖက်ရည် ၅ ခွက်အတွက် ၅,၀၀၀ ကျပ်ဖြစ်နေလို့ နေ့စဉ်သောက်နိုင်ဖို့ မလွယ်ကူတော့ပါဘူး။ အသားဝယ်ရင် ဘယ်လောက်၊ ငါးဝယ်ရင် ဘယ်လောက်၊ အသီးအရွက်ဝယ်ရင် ဘယ်လောက်ဆိုပြီး တွက်ချက်တာက သဘာဝကျပါတယ်။

လက်ဖက်ရည်ဈေးတက်တာတင် မကပါဘူး… တချို့သော လက်ဖက်ရည် ဆိုင်တွေ ပိတ်ပစ်လိုက်ရတာမျိုးတွေလည်း တွေ့ရပါတယ်။ ကိုဗစ်ကာလမှာကတည်း မြေငှားခ ဈေးကြီး ပေးပြီး ဖွင့်ရတဲ့ လက်ဖက်ရည်ဆိုင်တွေ ဝင်ငွေ ထိခိုက်ခဲ့တာလို့ ဆိုနိုင်ပါတယ်။

ကျွန်မတို့ ငယ်ငယ်က လက်ဖက်ရည်ဆိုင်ဆိုတာ အီကြာကွး၊ ထပ်တစ်ရာ၊ စမူဆာ၊ နံပြားလောက်ပဲတွဲဖက် ရောင်းတဲ့ ဆိုင်တွေ များပါတယ်။ ဘောလုံးပွဲ ကြည့်ချင်လို့ လက်ဖက်ရည်ဆိုင် ထိုင်ကြသူတွေလည်း အများကြီးပါ။ မြို့ပြမှာ လူနေမှုပုံစံ ပြောင်းလာတဲ့အခါ မြေကျယ်ကျယ်ရှိတဲ့နေရာတွေကို ငှားပြီး လက်ဖက်ရည် ဆိုင်ကြီးတွေ ပေါ်လာပါတယ်။ နံနက်စာရော နေ့လယ်စာတွေအတွက် ထမင်းနဲ့ ဟင်းပါရတဲ့ လက်ဖက်ရည် ဆိုင်တွေပါ။ လက်မလည်အောင် ရောင်းရတဲ့ ဆိုင်တွေ ရှိသလို စားသုံးသူဘက်က ကြည့်ရင်လည်း တစ်နေရာတည်းမှာစားစရာအစုံ ရတာကိုး။ အဲဒီဆိုင်မှာ အလုပ်,လုပ်နေတဲ့ စားပွဲထိုးတွေ ဆိုတာကလည်း အနယ်နယ်အရပ်ရပ်က ရောက်လာကြတာပါ။ များသောအားဖြင့် အသက်အရွယ် ငယ်တဲ့ လူငယ်တွေ, ကလေးတွေဖြစ်ပြီး နေစရိတ်, စားစရိတ်ငြိမ်းတဲ့ အလုပ်မို့ လစာ များများစားစား မရပေမယ့် ဝင်လုပ်ကြတာဖြစ်ပါတယ်။

ကိုဗစ်ကူးစက်မှု များပြားတဲ့ ကာလတုန်းက ဆိုရင် လက်ဖက်ရည်ဆိုင်တွေကို ပါဆယ်စနစ်နဲ့ပဲ ရောင်းချဖို့ ညွှန်ကြားခဲ့ပါတယ်။ လက်ဖက်ရည် သောက်သုံးသူ အများစုက ဆိုင်မှာထိုင်သောက်ရတာကို နှစ်သက်ကြသူတွေ၊ အလုပ်ကိစ္စအတွက် ထိုင်ကြသူတွေမို့ ပါဆယ်စနစ်နဲ့ ရောင်းချရတဲ့ ဆိုင်တွေ ရောင်းအား သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ တစ်လ, တစ်လ ဆိုင်ခန်းငှားခ၊ မြေငှားခ ပေးနေရသူတွေဟာ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာတော့ တာပါပဲ။ ဒီလိုနဲ့ ကိုယ်ပိုင်ဆိုင်တွေက ဟန်မပျက် ရပ်တည်နိုင်ပေမယ့် တချို့လက်ဖက်ရည်ဆိုင်ကြီးတွေ ပိတ်သိမ်းရတဲ့အထိ ဖြစ်သွားပါတယ်။ တချို့ဆိုင်တွေကျတော့ ကိုယ့်ဆိုင်မှာ အလုပ်, လုပ်သူတွေကို ငဲ့ညှာတဲ့ အနေနဲ့ မပိတ်ဘဲ ဆက်ဖွင့်နိုင်အောင် ကြိုးစားရုန်းကန်နေတဲ့ ဆိုင်တွေလည်း ရှိပါတယ်။

ကျွန်မ ဘဝတလျှောက် အမြဲအမှတ်တရ ဖြစ်နေတာက မကြာခဏထိုင်ခဲ့ဖူးတဲ့ လက်ဖက်ရည်ဆိုင်တွေပါ။ တချို့ ဆိုင်တွေလည်း ပိတ်သိမ်းသွားကြပြီ။ ငယ်စဉ်တုန်းက ချိုင့်လေးယူပြီး လက်ဖက်ရည် သွားဝယ်ရင် တစ်ခွက် ပြား ၆၀ ဆိုတာကို မှတ်မိနေပါတယ်။ ဒီနေ့ခေတ် လူငယ်တွေကတော့ ပြား ၆၀ ဆိုတာ ယုံမှ ယုံပါ့မလားလို့ တွေးမိတတ်ပါတယ်။ မန္တလေးတက္ကသိုလ်မှာ ကျောင်းတက်တော့ ၁၉၉၅-၉၆ ဝန်းကျင်က လက်ဖက်ရည်တစ်ခွက် ၇ ကျပ် ဖြစ်ပါတယ်။ “မန်းရတနာ” လက်ဖက်ရည်ဆိုင်ရယ်၊ ရေနီမြောင်းနားက “ယူနီဆန်” လက်ဖက်ရည် ဆိုင်တွေကို မှတ်မှတ်ရရ အရှိဆုံးပါပဲ။

တက္ကသိုလ်ကျောင်းသူ ဘဝမှာကတည်းက ကဗျာလေး, စာလေးရေးနေပြီ ဆိုတော့ ဝါသနာတူသူတွေနဲ့လက်ဖက်ရည်ဆိုင် ထိုင်ရတာက တော်တော် ပျော်စရာ ကောင်းပါတယ်။ အတန်းပြီးတာနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ပြီး ငြင်းကြ, ခုန်ကြ, စကားတွေ ပြောကြနဲ့ပါ။ ကိုယ့်လက်ထဲမှာ လက်ဖက်ရည်ဖိုး နည်းနေရင်လည်း အတူထိုင်သူတွေထဲက အဆင်ပြေသူက ရှင်းပေးတာတွေလည်း ရှိတယ်။ “ယူနီဆန်” လက်ဖက်ရည်ဆိုင်က အင်မတန် လူစည်တဲ့ ဆိုင်တစ်ဆိုင်ပါ။ နေရာ အကွက်အကွင်းကလည်း ကောင်းတာကိုး။ “ယူနီဆန်” မှာ ထိုင်မယ် ဆို ထိုင်စရာနေရာရအောင် အတော်ကြိုးစားရပါတယ်။ တက္ကသိုလ်ရဲ့ အငွေ့အသက်ကို ခံစားနိုင်တဲ့ နေရာတွေလို့ ပြောရင်လည်း မမှားပါဘူး။

နောက်ထပ် အမှတ်ရနေတဲ့ ဆိုင်ကတော့ ၇၃ လမ်းမကြီးပေါ်က “ရိုးရိုးလေး” လက်ဖက်ရည်ဆိုင်ပါ။သူငယ်ချင်းတွေနဲ့ ထိုင်ခဲ့ဖူးတဲ့ ဆိုင်လေး ဖြစ်ပြီး ဒီဆိုင်က ၂၀၂၂ ခုနှစ် အထိ ဖွင့်ထားတာ တွေ့ရလို့ဝမ်းသာရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ,က မန္တလေးကို ခေတ္တပြန်ရောက်လို့ “ရိုးရိုးလေး” မှာ လက်ဖက်ရည်သောက်ဖြစ်ခဲ့ပါသေးတယ်။ ၁၉၉၉ ခုနှစ်ဝန်းကျင်မှာ လက်ဖက်ရည် တစ်ခွက် ၁၀ ကျပ် ဖြစ်သွားတာ
မှတ်မိနေပါတယ်။ အဲဒီတုန်းက ကျွန်မက မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ် ဆက်တက်နေတဲ့
အချိန်ပါ။

“မန်းရတနာ” လက်ဖက်ရည်ဆိုင်မှာသာမက ကျွန်မတို့ သူငယ်ချင်းတစ်စု နှစ်နှစ်ခြိုက်ခြိုက် ထိုင်ဖြစ်ခဲ့တဲ့ လက်ဖက်ရည် နောက်တစ်ဆိုင်က “Ruby” ပါပဲ။ “Ruby” လက်ဖက်ရည်ဆိုင်က မိန်းအဆောက်အဦကြီးနဲ့ မလှမ်းမကမ်းမှာ တည်ရှိပြီး လက်ဖက်ရည် အရသာလည်း ကောင်းပါတယ်။ စိန်ပန်းပင်တွေအောက်မှာ ထိုင်စရာနေရာလေးတွေ ရှိတာကိုက ပျော်စရာပါ။ မန္တလေးတက္ကသိုလ်နဲ့ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်က အဲဒီတုန်းက တဆက်တည်း ဖြစ်နေလို့ မကြာခဏ သွားထိုင်ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။ ကျောင်းဖယ်ရီခ, က အသွား ၁၀ ကျပ်၊ အပြန် ၁၀ ကျပ်၊ လက်ဖက်ရည်တစ်ခွက် ၁၀ ကျပ်ဆိုတော့ လက်ထဲမှာ ၅၀ ကျပ်လောက်၊ ၁၀၀ ကျပ်လောက် ရှိရင်ပဲ အဆင်ပြေပြေသုံးနိုင်ပါတယ်။

ထူးခြားတာ မန္တလေးမှာက ရန်ကုန်ထက် လက်ဖက်ရည်ဖျော်နည်း ပိုပြီး စုံလင်များပြားတာပါ။ ချိုဆိမ့်၊ ပေါ့ဆိမ့်၊ ချိုကျ၊ ချိုကျပြင်း၊ ချိုကျဆိမ့်၊ ချိုပေါ့ကျပေါ့၊ ဆိမ့်ခါး စသဖြင့် ကျွန်မ မှတ်မိသလောက် ၁၀ မျိုးကျော် ရှိပါတယ်။ မန္တလာသားတွေမို့ အမည်ပေးရာမှာပဲ ကွဲပြား ခြားနားတာလို့ မထင်လိုက်ပါနဲ့…၊ အမျိုးအမည် စုံလင်လှတဲ့ လက်ဖက်ရည်ကိုလည်း မြည်းစမ်းကြည့်ပါဦး…၊ တစ်ခုနဲ့ တစ်ခု လုံးဝမတူ ခြားနားတဲ့အရသာတွေကို မြည်းစမ်းရမှာ လုံးဝ သေချာပါတယ်။ ဝိုင်းတစ်ဝိုင်းမှာ အကြိုက်အမျိုးမျိုး မှာသူတွေအတွက် အမှားအယွင်းမရှိ ဖျော်ပေးသူနဲ့ အမှားအယွင်း မရှိဝန်ဆောင်မှုပေးတဲ့ စားပွဲထိုးလေးတွေက တကယ့်ကို အံ့ဩရပါတယ်။ မန္တလေးက လက်ဖက်ရည်ဆိုင်မှာ အဖျော် ဒါမှမဟုတ် စားပွဲထိုး လုပ်ခဲ့သူဟာ တခြား ဘယ်နေရာရောက်ရောက် လုပ်ငန်းခွင်မှာအမှားအယွင်း ကင်းတယ်, ယုံကြည်စိတ်ချရသူတွေ ဖြစ်တယ် လို့ အသိအမှတ် ပြုကြပါတယ်။

မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်ကနေ ဒီပလိုမာ ရရှိပြီးနောက်ပိုင်း ရန်ကုန်ကို ပြောင်းရွှေ့နေထိုင်ဖြစ်ချိန်မှာလည်း လက်ဖက်ရည်ဆိုင်တွေ အများကြီး ထိုင်ဖြစ်ခဲ့ပါတယ်။ ညနေဆို ၃၃ လမ်းက “လေထန်ကုန်း” လက်ဖက်ရည်ဆိုင် ဖြစ်ပြီး စာမူခ, ရလာရင် စာရေးသူ အချင်းချင်းလက်ဖက်ရည်တိုက်ကြတာက ချစ်စရာကောင်း တဲ့ ဓလေ့တစ်ခုမို့ အခုထိ သတိရမှတ်မိနေပါတယ်။လက်ဖက်ရည် တစ်ခွက် ဈေးနှုန်းကလည်း “ရှယ်” ဆိုရင်တောင် ၁၀၀ ကျပ်ဝန်းကျင်ပါ။

အဆောင်ငှားပြီး ဖြတ်သန်းခဲ့ရတဲ့ ကျွန်မဟာ တစ်လကို အယ်ဒီတာ လ,စာနဲ့ စာမူခ စုစုပေါင်း ၅ သောင်း ဝန်းကျင် ရတာမို့ လုံလောက်ရုံမက ပိုလျှံနေပါတယ်။ ၂၀၀၅/ ၂၀၀၆ ခုနှစ် ဝန်းကျင်ကာလတုန်းက အဆောင်လခ,က နှစ်ယောက်ခန်းကို တစ်ယောက်တည်း ယူနေရင် တစ်လ ၆,၀၀၀ ကျပ်၊ဘတ်စကားခ,က အသွား ၂၀ ကျပ်၊ အပြန် ၂၀ ကျပ်၊ လက်ဖက်ရည်တစ်ခွက်က ဆင်ခြေဖုံးတွေမှာဆို ၁၀၀ ကျပ်တောင် မရှိပါဘူး။ အသီးအရွက်၊ အသားနဲ့ ထမင်းအပါအဝင် တစ်ပွဲ ၃၀၀ ကျပ် ဝန်းကျင်ပဲ ရှိပါတယ်။ မြို့ပတ်ရထား စီးမယ် ဆိုရင်လည်း အသွား ၂၀ ကျပ်၊ အပြန် ၂၀ ကျပ်ပါ။၂၀၁၅/ ၁၆ ဝန်းကျင်အထိ လက်ဖက်ရည်ဈေးက တော်တော်လေး သက်သာနေသေးတယ် ဆိုရမှာပါ။

၃၈လမ်းက လမ်းဘေး လက်ဖက်ရည် ဆိုင်လေးမှာ လက်ဖက်ရည် တစ်ခွက် ၂၀၀ ကျပ်နဲ့သောက်နိုင်ပါတယ်။ ဆိပ်ကမ်းသာ လမ်းက လမ်းဘေးဆိုင်လေးမှာ စာသမားတွေ လာထိုင်ကြပြီး အဲဒီဆိုင်ရဲ့ ထူးခြားချက်က စားပွဲထိုး မရှိဘဲ ဆိုင်ရှင် “ကိုဘုန်း” တစ်ယောက်တည်းနဲ့ လည်ပတ်နေလို့ “ကိုဘုန်းဆိုင်” လို့ပဲ လွယ်လွယ်ခေါ်ကြတယ်။ လက်ဖက်ရည် မှာရင် စောင့်နေရတတ်ပေမယ့် လက်ဖက်ရည် အရသာက ကောင်းပါတယ်။ လက်ဖက်ရည် တစ်ခွက်ဈေးက ၂၀၀ ကျပ် ဖြစ်ပြီး နောက်ပိုင်းမှာ ၃၀၀ ကျပ် ဖြစ်သွားပါတယ်။ ကိုဘုန်းဆိုင်က ကိုဗစ်ကာလမှာတောင် ရအောင် ရပ်တည်ခဲ့ပြီး ဒီနေ့အထိ
ဖွင့်နေဆဲပါပဲ။

အချိန်ကာလရဲ့ ရွေ့လျား တိုက်စားမှုအောက်မှာ မန္တလေးကို ပြန်ရောက်ဖြစ်တိုင်း ထိုင်ခဲ့ဖူးတဲ့လက်ဖက်ရည်ဆိုင်တွေ ဖွင့်သေးလားလို့ မချင့်မရဲ တွေးတော သတိရမိပါတယ်။ “မန်းရတနာ” နဲ့ “ယူနီဆန်” ဆိုင်တွေ မဖွင့်တော့ သလို ငယ်စဉ်က ပညာသင်ယူခဲ့တဲ့ အမိတက္ကသိုလ်ကြီးဆီ လွမ်းလို့ခဏတာရောက်လာသူ တစ်ယောက်ကိုတောင် “ဘာလာလုပ်တာလဲ” လို့ စစ်ဆေးမေးမြန်းတာ ခံခဲ့ရဖူးပါရဲ့။ စစ်ကိုင်းနဲ့ မန္တလေး ပြေးဆွဲတဲ့ မော်တော်ယာဉ်လိုင်းက တစ်လိုင်းပဲ တွေ့ရပြီး ယာဉ်စီးခ,က ၁,၀၀၀ ကျပ် ပေးရတဲ့အခါ ကျောင်းကားခ ၁၀ ကျပ်နဲ့ လက်ဖက်ရည် တစ်ခွက် ၁၀ ကျပ် ဆိုတဲ့ ရက်စွဲဟောင်းတွေကို လွမ်းမိတာ မဆန်းဘူး ပြောရတော့မှာပေါ့။

ရန်ကုန် ၃၃ လမ်းက “လေထန်ကုန်း”၊ ၃၄ လမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်က “လ ပြည့်ဝန်း” လက်ဖက်ရည်ဆိုင်တွေလည်း ပိတ်သိမ်းသွားခဲ့ပြီလေ။ စာမူခ, သွားထုတ်ပြီး ထိုင်ရမယ့်လက်ဖက်ရည်ဆိုင်တွေ မရှိတော့သလောက် နည်းပါးသွားရသလို ရေးစရာ မဂ္ဂဇင်း, ဂျာနယ်, စာစောင်တွေလည်း မရှိတော့ပါလားလို့ တွေးမိတော့ ရင်ထဲမှာ ဆွတ်ကျင်ကျင် ခံစားရမိတယ်။ တစ်ခါတရံမှာတော့ ဆိပ်ကမ်းသာလမ်းက ‘ကိုဘုန်း’ ဆိုင်မှာပဲ ခဏတဖြုတ် ထိုင်မိတတ်ပါတယ်။

၂၀၂၁/ ၂၂ ခုနှစ် တွေထဲမှာတော့ လက်ဖက်ခြောက်ဈေး၊ နို့ဆီဈေး၊ မီးသွေးဈေးတွေ တက်လို့ဆိုပြီး
လက်ဖက်ရည် ဈေးနှုန်းတွေ ခုန်တက်သွားတာ အခုဆို တစ်ခွက်ကို ၉၀၀ ကျပ် ဆိုပါလား။
တချို့ဆိုင်ကြီးတွေဆို တစ်ခွက် ၁,၀၀၀ ကျပ်ဖြစ်သွားပြီ။

အခုတော့ လက်ဖက်ရည်ဆိုင် မထိုင်ဖြစ်တာ အတော်ကြာပြီလို့ ပြောရမှာပါပဲ။ ကုန်းဈေးနှုန်းတွေ အဆပေါင်း များစွာ တက်လာနေတဲ့ အခြေအနေက အခြေခံလူတန်းစားတွေကို လက်ဖက်ရည်ဆိုင်နဲ့ဝေးကွာစေခဲ့သလားလို့ ကျွန်မ တွေးနေမိပါတယ်။ လက်ဖက်ရည်တစ်ခွက်ဟာ ဇိမ်ခံပစ္စည်း တစ်ခုဖြစ်လာမယ်လို့ ဘယ်တုန်းက,မှ တွေးထင် မထားပေမယ့် လက်ဖက်ရည်ဆိုင်ကို သာတောင့်သာယာ ထိုင်ဖို့တောင် မလွယ်တော့တဲ့ အခြေအနေက လက်ဖက်ရည်ဆိုင်ထိုင်ဖို့ နှစ်သက်လိုလားသူတွေ အတွက် အများကြီး ချင့်ချိန်ရမယ်ဆိုတဲ့အနေအထားက ကျွန်မ တစ်ယောက်တည်းတော့ မဖြစ်နိုင်လောက်ဘူး ထင်ပါရဲ့။ ။

#voiceofmyanmar #VOM #သွေး(စစ်ကိုင်း) #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW