စစ်တွေမှာ ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး လုပ်ကြံခံရ

နိုဝင်ဘာ ၇- ၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်မှာ မနေ့ နိုဝင်ဘာလ ၆ ရက်၊ ညနေပိုင်း ၇ နာရီကျော်လောက်က ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးသက်ဦး(၆၀) နှစ်ကို သေနတ်နဲ့ အနီးကပ်လုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အခင်းဖြစ်ပွားတဲ့ နေရာဟာ စစ်တွေမြို့ ၊ရှုခင်းသာလမ်း၊ ကစ္စပနဒီမြစ်ကမ်းဘေးက RV (River Valley) စားသောက်ဆိုင်မှာ မိသားစုနဲ့အတူရှိနေစဉ် သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး သေနတ်ဒဏ်ရာ (၄) ချက်ရရှိသွားကာ ဦးခေါင်းမှာ တချက်၊ လည်ပင်းသေနတ် ဒဏ်ရာတချက်၊ ပါးကျည်ဖောက်ဒဏ်ရာတချက်နဲ့ လည်ပင်းဓားဒဏ်ရာတချက် တို့ ဖြစ်ကြောင်း သိရပါတယ်။

သူရဲ့ဒဏ်ရာအခြေအနေဟာ လက်ရှိမှာ ခွဲစိပ်ကုသမှုခံယူပြီးလို့ အခြေအနေ ကောင်းမွန်ကြောင်းပြောပေမယ့် အသက်အန္တရာယ်နဲ့ ပတ်သက်ပြီး ပြောရခက်ကြောင်း ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တဲ့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ပြောပါတယ်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်းတာဝန်ရှိသူတဦးက “ဖြစ်တာက RV ထဲမှာပါ။ ကျနော်တို့ ရောက်သွားတော့ အဲနေရာမှာ သေနတ်မှန်ပြီး လဲကျနေပြီ။ ဆေးရုံကတော့ ဒဏ်ရာလေးချက်လို့အတည်ပြုတယ်။ ခွဲစိပ်မှုတွေလည်းအကုန်လုပ်ပြီးပြီလို့ သိရတယ်” လို့ ပြောပါတယ်။

ဒီလုပ်ကြံပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာမသိရသေးပါဘူး။
ဒီလို စစ်တွေမြို့ပေါ်မှာ ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး သေနတ်နဲ့ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

စစ်တွေမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ က ဒု- ရဲအုပ်တဦး ပြည်သူ့ဆေးရုံကြီးအနီး၊ လမ်းမကြီးပေါ် မီးပွိုင့်ဖြတ်ဖို့စောင့်နေစဥ် သေနတ်နဲ့ အနီးကပ်ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

အလားတူဖြစ်စဥ်မျိုး စစ်တွေမှာ ၂၀၂၀ ပြည့်နှစ်က တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီတုန်းက ရဲတပ်ကြပ်ကြီးတစ်ဦးကို နေအိမ်ထဲထိဝင်ရောက်ပြီး ဓား၊ စကေဘာ စတဲ့ လက်နက်တွေနဲ့ တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဥ်လည်းရှိခဲ့ဖူးပါတယ်။

၂၀၂၀ ပြည့်နှစ် မေ ၂၅ ရက်နေ့ကလည်း စစ်တွေမြို့၊ ​မောလိတ်ရပ်ကွက်၊ စက်ရုံစုရပ်ကွက်အုပ်ချုပ်ရေးမှူးဦးသိန်းလှိုင်ကို အမည်မသိလူတစုက ဓား၊ သံစူးတို့နဲ့ လုပ်ကြံခံရပြီး သေဆုံးသွားတဲ့ ဖြစ်စဥ်လည်း ရှိခဲ့ဖူးပါတယ်။

ဓါတ်ပုံ-ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

#voiceofmyanmar #VOM #စစ်တွေ #ပြည်နယ်ငါးလုပ်ငန်းဦးစီးလုပ်ကြံခံရ

Related posts

Leave a Comment

VOM News

FREE
VIEW