ပုသိမ်မြို့က ရေယာဉ်လုပ်ငန်းတွေ ရပ်နားလာရတာကြောင့် ဆက်စပ်လုပ်ငန်း လုပ်သူတွေ အခက်အခဲဖြစ်နေ

နိုဝင်ဘာ ၉-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကို အခြေပြုပြေးဆွဲနေတဲ့ ရေယာဉ်တွေ အခေါက်ရေလျှော့ချပြေးဆွဲတာနဲ့ ရပ်နားလာရတာတွေကြောင့် ရေယာဉ်နဲ့ ဆက်စပ်တဲ့ နယ်ပယ်က လူတွေ အခက်အခဲဖြစ်ပေါ်နေရတယ်လို့ သိရပါတယ်။

ဧရာဝတိုင်း ၊ ပုသိမ်မြို့ကို အခြေပြုကာ ဟိုင်ကြီးကျွန်း ၊ မော်ကျွန်း ၊ ငပုတော ၊ လပွတ္တာ ၊ ငရုတ်ကောင် ၊ ပြင်စလူ ၊ ကျုံမငေး ၊ ကျုံပျော် ၊ ဘိုကလေး ၊ ဒလ ၊ ရန်ကုန် ၊ ချောင်းသာ ၊ မြောင်းမြ ၊ ဖျာပုံ စတဲ့မြို့တွေနဲ့ မြို့နယ်တွေကို ပြေးဆွဲနေတဲ့ရေယာဉ်တွေရှိပါတယ်။

အဲ့ဒီမြို့တွေနဲ့ မြို့နယ်တွေကို ပြေးဆွဲနေတဲ့ ရေယာဉ် တွေဟာ အကျိုးအမြတ်ထက် ကုန်ကျစရိတ်က အရမ်းများနေတာကြောင့် အခေါက်ရေလျှော့ချပြေးဆွဲတာ ၊ လုံးဝ ရပ်လိုက်တာတွေကို အခုလ ပထမ အပတ်ကနေ စတင်လုပ်လာကြတာဖြစ်တယ်လို့ သိရပါတယ်။

ရေယာဉ်ကို အဓိကအသုံးပြုနေရဆဲဖြစ်တဲ့ ငပုတောမြို့နယ်ရှိ ဆားလုပ်ငန်းရှင်တဦးက”။ သူများတွေ အတွက်တော့ မပြောတတ်ဖူးပေါ့နော် ကိုယ့်အတွက်တော့ ရေယာဉ်တွေ အခေါက်ရေလျှော့ဆွဲက တည်းက အခက်အခဲဖြစ်နေတာ ၊ အခုလို ရပ်နားလာရင် ပိုဆိုးပြီ ၊ အခုဆို ဒေသရဲ့စီးပွားရေး ဆားလုပ်ငန်းကစတင်တဲ့အချိန်ပါ ၊ ဆားလုပ်ငန်း စတင်တဲ့အချိန်လည်း ရောက်ရော ကိုယ်အဓိက အသုံးပြုတင်ပို့ရတဲ့ ရေလမ်းကြောင်းက အရင်လို အဆင်မပြေတော့ တဲ့အတွက် အခက်အခဲ အတော်ရှိနေတယ် ၊ရေယာဉ်စင်းလုံးစုငှားပြီး တင်ပို့ရင် အဆင်ပြေမလားလို့တော့ တိုင်ပင်နေတယ် ၊ အခုဆီဈေးနဲ့ တင်ပို့ရမယ့်ကုန်ချိန် ၊ ငှားခတွေကို တွက်ချက်တိုင်ပင်နေတယ် ၊ကျွန်တော်တို့ ဒေသတွေကတော့ အခုအချိန်အထိ ရေယာဉ်ပဲအားကိုးနေရတာ။”လို့ ပြောပါတယ်။

ရေယာဉ်ပြေးဆွဲတဲ့ လုပ်ငန်းတွေ ရပ်နားရတာနဲ့ ပတ်သက်လို့ ရေယာဉ်လုပ်ငန်းရှင်တဦးက”။
ဦးလေးတို့ ရေယာဉ်လိုင်းကတော့ ပုသိမ်နဲ့ တိုင်းအတွင်း ပြေးဆွဲနေတာပါ ၊ ပြန်ကျမလာတဲ့ ဆီဈေးနဲ့ ခရီး အသွား အလာ အရမ်းနည်နေတဲ့ခေတ်ကို ရောက်နေတော့ ဘယ်လို တွက်တွက် ဘယ်လောက်ပဲ အရှုံးခံပြေးဆွဲပြေးဆွဲ အရှုံးပဲ ဆက်တိုက်ဖြစ်နေလို့ ရပ်လိုက်တာပါ ၊ ပထမတော့ စီးနင်းခနဲ့ ကုန်စည်တင်ခတွေကို ထပ်တိုးတောင်းပြီး ဆွဲတော့လည်း အလုပ်မဖြစ်ဖူး လူစီးတာလျော့ကျသွားတာပဲ ရှိတယ် ၊ ကုန်စည်သယ်ယူရတာကလည်း ၂ နှစ်လောက် ရှိလာပြီ အရင်နှစ်တွေကို လုံးဝမမှီဘူး ၊ အဓိက ကတော့ အရှုံးခံစရာမရှိတော့လို့ ရပ်လိုက်တာပါ”လို့ ပြောပါတယ်။

အခုလို ရပ်နားတာ ၊ အခေါက်ရေလျှော့ချပြေးဆွဲတာကြောင့် ဟိုင်ကြီးကျွန်း ၊ မော်ကျွန်း ၊ ငပုတော ၊ လပွတ္တာ ၊ ငရုတ်ကောင် ၊ ပြင်စလူ ၊ ကျုံမငေး ၊ ကျုံပျော် ၊ ဘိုကလေး ၊ ဒလ ၊ ရန်ကုန် ၊ ချောင်းသာ ၊ မြောင်းမြ ၊ ဖျာပုံစတဲ့မြို့တွေ နဲ့ မြို့နယ်တွေက သူတွေအများဆုံး အခက်အခဲဖြစ်ပေါ် နေတာလို့ သိရပါတယ်။

ရေယာဉ်တွေရပ်နားလာတာကြောင့် တပတ်တခါ ရန်ကုန်ဈေး တက်ဝယ်ရတဲ့ လပွတ္တာမြို့ ကုန်စိမ်းဈေး ကွက်က ဈေးသည်တဦးက “ကုန်ကျစရိတ်လည်း သက်သာတယ် ကုန်ပစ္စည်းလည်း အများကြီး တင်ပို့ရတာက ရေယာဉ်ပဲရှိတာ၊ အခုဆို ပုသိမ်ကနေ ရန်ကုန် သွားတဲ့ ရေယာဉ်တချို့ အခေါက်ရေ လျှော့ချတာကြောင့် တပတ်တခါ ရန်ကုန်ကိုတက် ဒီက ငါးပိ နဲ့ ငါးခြောက်တွေရောင်း ကုန်စိမ်းဈေးတက်ဝယ်ရတာ အရင်လို အဆင်မပြေတော့ဘူး ၊ ငုတ်တုတ်ကိုမေ့ပြီး တော်တော် အခက်အခဲဖြစ်နေတယ် ၊ ဒေသကုန်စိမ်းဈေးကွက်မှာလည်း ပြတ်တာတွေဖြစ်နေတယ် ဒီအတိုင်းသာ ဆက်သွားရင် မလွယ်ဘူး။”လို့ ပြောပါတယ်။

ဒါ့အပြင် ရေယာဉ်လိုင်းတွေ ရပ်နားလာတာကြောင့် ရေယာဉ်လိုင်းတွေနဲ့ ကုန်တင်ယာဉ်တွေကို အဓိက မီခိုလုပ်ကိုင်စားသောက်နေရတဲ့ ကုန်တင် ကုန်ချ လုပ်သားတွေလည်း အခက်အခဲစတင်ဖြစ်ပေါ်လ တာ တပတ်လောက်အထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

”ရေယာဉ်မှာလုပ်တဲ့ လုပ်သားတွေလည်းရှိတယ် ၊ ကုန်တင်ကားတွေမှာ လုပ်တဲ့ လုပ်သားတွေလည်းရှိတယ် ၊ အခု ရေယာဉ်တွေမှာလုပ်တဲ့ လုပ်သားတွေက အလုပ်မရတာ တပတ်လောက်ရှိနေပြီ ၊ ထမင်းငတ်ဖို့ ကပ်က ဆိုက်လာတာပဲ ၊ အလုပ်ဘာမှကို အသစ်ရှာလို့ မလွယ်လို့ ဖက်တွဲနေခါမှ အခုလိုဖြစ်တော့ ကျွန်တော်တို့အတွက် ဘဝပျက်တာနဲ့အတူတူပဲ။”လို့ ကုန်တင်ကုန်ချ လုပ်သားတဦးကပြောပါတယ်။

အခုလို အခက်အခဲတွေ ပြေလည်အဆင်ပြေဖို့အတွက် လုပ်ငန်းရှင်တွေ ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ၊ ဒေသခံတွေ ပေါင်းစပ်ဆောင်ရွက်ရင် အဆင်ပြေနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ပြောပြချက် အရသိရပါတယ်။

ဧရာဝတီတိုင်းမှာ စက်သုံးဆီဈေး ဂယက်ကြောင့်အခုလို နယ်ပယ် အသီးသီးကသူတွေ အခက်အခဲမျိုးအမျိုးကို အရင်က မကြုံခဲ့ရဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #ပုသိမ် #ရေယာဥ်လုပ်ငန်းကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW