အမေရိကန်ထိရောက်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည် မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေး၀န်ကြီးပြော

ဆိုးလ်၊ နို၀င်ဘာ-၁၈-၂၀၂၂
မျိူးဆက်(VOM)

မြောက်ကိုရီးယားဟာ အမေရိကန်ထိ ရောက်ရှိနိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်တစင်းကို နို၀င်ဘာ ၁၈ ရက်မှာ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားရဲ့ တာဝေးပစ်တိုက်ချင်းပစ်ဒုံးကျည်တွေဟာ အမေရိကန်ပြည်မကြီးထိ ရောက်ရှိနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။

အဲဒီဒုံးကျည်ဟာ ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းအနောက်ဘက် မိုင် ၁၃၀ အကွာရှိ ပင်လယ်ပြင်အတွင်း ကျရောက်ခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကပြောပါတယ်။

ဒုံးကျည်ဟာ ၆၁၀၀ ကီလိုမီတာအမြင့်ကနေ ကီလိုမီတာ ၁၀၀၀ ထိပျံသန်းခရီးရောက်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂျပန်ကာကွယ်ရေး၀န်ကြီး ယာဆူကာဇူဟာမာဒါကတော့ အဲဒီဒုံးကျည်ဟာ ကီလိုမီတာ ၁၅၀၀၀ (၉၃၂၀ မိုင်)ထိ ပျံသန်းနိုင်စွမ်းရှိပြီး အမေရိကန်ထိ ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ ပြောပါတယ်။

ဒေသတွင်းမှာ အမေရိကန်ကသူ့ရဲ့စစ်အင်အား ခိုင်မာတောင့်တင်းဖို့ လုပ်ဆောင်နေတဲ့ အစီအစဉ်တွေကို ပိုမိုပြင်းထန်စွာ တုံ့ပြန်သွားမှာဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေး၀န်ကြီး ချိုဆွန်ဟီက နို၀င်ဘာ ၁၇ ရက်မှာ သတိပေးပြောဆိုထားပါတယ်။

အဲဒီနေ့မှာပဲ တာတိုပစ်ဒုံးကျည်တစင်းကို မြောက်ကိုရီးယားက ပစ်ခတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ရန်စတဲ့ အပြုအမူတွေအပေါ် မဟာမိတ်သုံးနိုင်ငံအနေနဲ့ယခင်ကထက် ပိုမိုညီညွတ်လာကြောင်း တောင်ကိုရီးယားသမ္မတ၊ ဂျပန်၀န်ကြီးချုပ်တို့နဲ့ လွန်ခဲ့တဲ့ သီတင်းပတ်မှာ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW