ရုရှားငွေကြေးနဲ့ တိုက်ရိုက်ချိတ်ဆက်မှုက ကျပ်ငွေတန်ဖိုး ကျဆင်းမှုကို မထိန်းချုပ်နိုင်ဘူးလို့ လုပ်ငန်းရှင်တွေ ပြော

နိုဝင်ဘာ ၂၁ – ၂၀၂၂
SN (VOM)

ရုရှား ရူဘယ်နဲ့ မြန်မာကျပ်ငွေ တိုက်ရိုက်ချိတ်ဆက် အသုံးပြုမှုက ကျပ်ငွေတန်ဖိုး ကျဆင်းမှုကို မထိန်းချုပ်နိုင်ဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

မြန်မာကျပ်ငွေနဲ့ ရုရှားငွေကြေးဖြစ်တဲ့ ရူဘယ်တို့ တိုက်ရိုက်ချိတ်ဆက်ပြီး ဖလှယ်အသုံးပြုမယ်ဆိုရင် ကျပ်ငွေတန်ဖိုး မြင့်တက်လာနိုင်တယ်လို့ နစကက နိုဝင်ဘာ ၁၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ဒါက ဖြစ်နိုင်ချေမရှိဘူး။ မြန်မာကျပ်ငွေတန်ဖိုး တက်လာအောင် လုပ်ဖို့က ဒီလို နှစ်နိုင်ငံငွေကြေး ချိတ်ဆက်နိုင်ရုံနဲ့ ဖြစ်မလာနိုင်ဘူး။ ပြီးတော့ ဒီအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ရုရှားနဲ့ ကုန်သွယ်မှု ပြုလုပ်ထားတာလည်း ဘာမှမရှိတဲ့အတွက် နှစ်နိုင်ငံငွေကြေး တိုက်ရိုက်ချိတ်ဆက်ဖို့ဆိုတာ မလွယ်ဘူး။ ငွေကြေး ဖလှယ်သုံးဖို့ဆိုတာက ကုန်ဖလှယ်ပြီး ဝယ်လိုအား ရောင်းလိုအားနဲ့ သွားရတာလေ။ လက်ရှိမှာ မြန်မာနိုင်ငံမှာက ကျပ်ငွေတန်ဖိုး ဒီ့ထက်ကျမသွားအောင်ဘဲ မနည်းထိန်းနေရတာ။ ပြန်တက်လာဖို့ဆိုတာတော့ ဒီအချိန်မှာ မဖြစ်နိုင်သေးဘူး”လို့ အမည်မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်မှု၊ ရေလုပ်ငန်း၊ သတ္တုတူးဖော်ရေး၊ ကုန်ထုတ်လုပ်မှု၊ ခရီးသွားလုပ်ငန်း စတဲ့ ကဏ္ဍများစွာမှာ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှုတွေ ရထားတယ်လို့ နစကက ထုတ်ပြန်ထားပေမယ့် စစ်ရေးမှအပ သိသာထင်ရှားတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မတွေ့ရသေးပါဘူး။

”‌အခု အခြေအနေက ပြောသလောက်မလွယ်ဘူး။ သူ့နိုင်ငံက တင်သွင်းစရာလည်း မရှိဘူး။ ကိုယ့်နိုင်ငံက ပြန်ပို့မှုလည်း မရှိဘဲနဲ့ ငွေကြေးဖလှယ် အသုံးပြုစရာ အကြောင်းကတော့ သူတို့ ဘယ်လိုလုပ်မလဲ စောင့်ကြည့်ရမယ့် အနေအထားပေါ့။ ငွေကြေးတန်ဖိုးမြှင့်ဖို့ဆိုရင် ထုတ်ကုန်မြင့်မှရမှာ။ ဘာထုတ်ကုန်မှမရှိဘဲ ဘယ်လိုငွေကြေးက မြင့်လာမှာလဲ။ ဒါကလည်း စဉ်းစားစရာပေါ့” နောက်ထပ် စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

နစက ကလည်း ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ မပြုလုပ်ဘဲ စောင့်ကြည့်နေတာကြောင့် ကျပ်ငွေတန်ဖိုး မြင့်တက်လာဖို့ မမျှော်လင့်နိုင်ဘူးလို့ သူက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံအနေနဲ့ သွင်းကုန် ထုတ်ကုန်တွေကို နိုင်ငံတကာက လက်ခံတဲ့ အမေရိကန် ဒေါ်လာနဲ့သာပြုလုပ်နေပြီး အခြား ငွေကြေး အစားထိုးအသုံးပြုမယ်ဆိုရင် အသုံးပြုမယ့်ငွေကြေး ထုတ်ဝေတဲ့နိုင်ငံနဲ့ ကုန်သွယ်မှုပေါ် မူတည်ပြီး ငွေကြေး အသုံးပြုမှု ကွာခြားနိုင်တယ်လို့ သိရပါတယ်။

အမေရိကန်ဒေါ်လာကို ကမ္ဘာ့ကုန်သွယ်မှုရဲ့ ၈၈ ရာခိုင်နှုန်းမှာ အဓိက အသုံးပြုနေတယ်လို့ ၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ Bank for International Settlements ဘဏ်ရဲ့ စစ်တမ်းရလဒ်များအရ သိရပါတယ်။

#voiceofmyanmar #VOM #ရုရှားငွေ #မြန်မာကျပ်ငွေကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW