ကြက်သွန်နီကို အလုံးအရေအတွက်နဲ့ ဝယ်စားရတော့မှာလား

နိုဝင်ဘာ ၂၈ – ၂၀၂၂
SN (VOM)

လက်ရှိ မြန်မာနိုင်ငံတွင်းမှာ စိုက်ပျိုးထုတ်လုပ်တဲ့ ကြက်သွန်နီ လက်လီ၊ လက်ကားဈေးနှုန်းတွေဟာ အရင်နှစ်တွေထက် များစွာ မြင့်တက်လာနေတာကို တွေ့ရပါတယ်။

ပြည်တွင်းက ကြက်သွန်နီတွေဟာ အသစ်ပေါ်ချိန်မှာ ဈေးနှုန်း ကျဆင်းလေ့ရှိပေမယ့် ကြက်သွန်ဒိုင်တွေနဲ့ ကုန်စည်ဒိုင်တွေကို ကြက်သွန်ဝင်ရောက်မှု နည်းပါးနေတာကြောင့် ဈေးနှုန်းအမြင့်ပိုင်းမှာသာ ဆက်လက် တည်ရှိနေတာဖြစ်တယ်လို့ ကြက်သွန်ကုန်သည်တွေနဲ့ ပွဲရုံတွေဆီက သိရပါတယ်။

“ကြက်သွန်က လက်ရှိမှာ ပွဲရုံတွေကိုလည်း ကားအဝင်နည်းတယ်။ လိုအပ်တာထက်ကို ပိုပြီးတော့ ကားအဝင်နည်းတယ်။ အဲ့ဒီတော့ ရောင်းလိုအားလည်း နည်းတယ်။ ပြီးတော့ တောင်သူတွေ လက်ထဲမှာလည်း နည်းတယ်။ ကုန်သည်တွေ လက်ထဲမှာလည်း ထိုက်သင့်သလောက်ပဲ ရှိကြတယ်ဆိုတဲ့အတွက် ဈေးနှုန်း မကိုက်ညီတော့ မတင်ဘူးပေါ့။ မတင်တဲ့အတွက် ကြက်သွန်က ကုန်ဝင်နည်းတော့ ဈေးမကျဘူးပေါ့” လို့ ကုန်သည်တဦးက ပြောပါတယ်။

လက်ရှိ ကြက်သွန်နီ ၁ ပိဿာ လက်ကားပေါက်ဈေး အသစ် (အသေး)မှာ ငွေကျပ် ၁၅၀၀ ဝန်းကျင်၊ အစိုဖြစ်ပါက ငွေကျပ် ၁၂၀၀-၁၃၀၀ ဝန်းကျင်၊ မြစ်သား ထိပ်စမှာ ငွေကျပ် ၃၆၀၀၊ မြင်းခြံ၊ ပခုက္ကူမှ ကြက်သွန်နီအကြမ်း (မိတ်စား)မှာ ငွေကျပ် ၃၅၀၀ ဝန်းကျင် ပေါက်ဈေးရှိပြီး ကြက်သွန်နီ အဟောင်းများမှာတော့ လက်ကျန် နည်းပါးနေတဲ့အတွက် ၁ ပိဿာ ၄၀၀၀-၄၅၀၀ ဝန်းကျင်အထိ ရှိတယ်လို့ သိရပါတယ်။

ပြည်တွင်း ကြက်သွန်နီဈေးနှုန်းဟာ အခုနှစ် ဇွန်လအတွင်း ၁ ပိဿာ ကျပ် ၉၀၀ လောက်သာ ရှိခဲ့ရာကနေ နောက်ပိုင်းမှာ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး သြဂုတ်လဆန်းပိုင်းမှာတော့ ၁ ပိဿာ ၅၀၀၀ နီးပါးအထိ စံချိန်တင် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် နယ်စပ်ကတဆင့် ကြက်သွန်တွေ ဝင်ရောက်လာတာကြောင့် အောက်တိုဘာလအတွင်း ကျပ် ၃၀၀၀ ကျော်ဝန်းကျင်နဲ့ ဈေးအနည်းငယ် ကျဆင်းခဲ့ပေမယ့် လက်ရှိမှာတော့ ၁ ပိဿာ ကျပ် ၄၀၀၀ ကျော်ဝန်းကျင်ကို ပြန်လည်ရောက်ရှိနေတာဖြစ်ပါတယ်။

“စျေးတွေတက်တုန်းကလည်း တောင်သူတွေမမြတ်ပါဘူး။ သွင်းအားစုတွေက စျေး ၃ ဆလောက်တက်သွားတာ။ အရင်းအနှီးက များတယ်။ မိရိုးဖလာမို့သာ စိုက်ပျိုးနေရတာ အဆင်မပြေပါဘူး။ တောင်သူတွေကတော့ အရှုံးပဲရှိတယ်”လို့ အောင်လံမြို့မှ ကြက်သွန်စိုက်တောင်သူကတဦးက ပြောပါတယ်။

မြန်မာနိုင်ငံထဲကို လက်ရှိမှာ တရုတ်ဘက်ကနေ ကြက်သွန်နီ အကြီးအမျိုးအစားနဲ့ မြစ်သားကြက်သွန်နီ အလုံးပုံစံ နှစ်မျိုး ဝင်ရောက်နေတာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ကတော့ ၁ ပိဿာ ၃၂၀၀ ကျပ်ဝန်းကျင်ရှိပြီး မြန်မာကြက်သွန်နီထက် ဈေးသက်တယ်လို့ သိရပါတယ်။

အရင်က တရုတ်နိုင်ငံကို မြန်မာ့ကြက်သွန်နီတွေ တင်ပို့နေရတာဖြစ်ပေမယ့် အခုနှစ်မှာတော့ ကြက်သွန်နီဈေးနှုန်း စံချိန်တင် မြင့်တက်ခဲ့တဲ့အတွက် တရုတ်နိုင်ငံကနေ ပြည်တွင်းကို ပြန်လည်ဝင်ရောက်နေတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့လို ဈေးနှုန်းချိုသာတဲ့ တရုတ်နိုင်ငံက ကြက်သွန်နီအလုံးကြီးမျိုး (ကြက်သွန်နီအချိုမျိုး)တွေ တင်သွင်းလာပေမယ့်လည်း မြန်မာအိမ်ရှင်မတွေအနေနဲ့ ဝယ်ယူစားသုံးမှု နည်းပါးလာတာကို တွေ့ရပါတယ်။

“တရုတ်ကြက်သွန်ထက် မြန်မာကြက်သွန်နီ အရသာက ပိုကောင်းတယ်။ ဟင်းအနှစ် ပိုရတယ်။ ပြီးတော့ အမွှန်အရသာလည်းများတယ်။ အဲ့ဒါကြောင့် ဈေးကြီး‌ပေမယ့် မြန်မာကြက်သွန်နီပဲ စားဖြစ်တယ်။ ဈေးကလည်း ခေါင်ခိုက်နေလို့ ဟင်းချက်ရင် အရင်လို ကြက်သွန်နီ ၃ ‌လုံးလောက် ထည့်မချက်ဖြစ်တော့ဘူး။ တလုံးချင်းစီနဲ့ ချွေတာစားနေရတယ်။ သူက ဟင်းချက်ဖို့အတွက် မရှိမဖြစ်ဆိုတော့ ဈေးအရမ်းတက်နေပေမယ့် မသုံးလို့ကလည်း မဖြစ်ပြန်ဘူးလေ။ အခု ကြက်သွန်နီ ၅၀၀ ဖိုးဝယ်ရင် ၅ လုံးပဲရတော့တယ်။ ၁ လုံးကို ၁၀၀ ဖြစ်နေပြီ”လို့ အိမ်ရှင်မတဦးက ပြောပါတယ်။

အခုလို ပြည်တွင်းမှာ ကြက်သွန်နီဈေးတွေ တက်နေပေမယ့် စိုက်ပျိုးတဲ့ ကြက်သွန်နီတောင်သူတွေ လက်ထဲမှာတော့ ကြက်သွန်နီလက်ကျန် မရှိတော့ဘဲ ကြက်သွန်နီလှောင်ထားတဲ့ ကုန်သည်နဲ့ ပွဲရုံတွေမှာသာ လက်ကျန်ရှိနေတာ ဖြစ်တဲ့အတွက် အခုအချိန် ကြက်သွန်နီဈေးတက်ခြင်းဟာ ကြက်သွန်စိုက်တောင်သူတွေအတွက် အကျိုးလုံးဝမခံစားရဘူးလို့ သိရပါတယ်။

“အခု ကြက်သွန်ဈေးတွေ တက်နေပေမယ့်လည်း ကျွန်တော်တို့ တွက်ခြေမကိုက်ပါဘူး။ ကျွန်တော်တို့ တောင်သူတွေလက်ထဲမှာ ကြက်သွန်မရှိတော့ဘူး၊ ကုန်ပြီ၊ လက်ကျန်နည်းသွားပြီဆိုရင် ဈေးကအတက်ကနေ မဆင်းတော့ဘူး။ ဒီဈေးက လှောင်ထားတဲ့ ကုန်သည်တွေပဲ တွက်‌ခြေကိုက်ပါတယ်။ တောင်သူတွေအတွက်ကတော့ အစစအရာရာ ခံဘက်ကချည်းပါပဲ“လို့ ကြက်သွန်စိုက်တောင်သူတဦးက ပြောပါတယ်။

တောင်သူတွေအနေနဲ့ ကြက်သွန်နီ စိုက်ပျိုးရာမှာလည်း ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲရဲ့ ဆိုးရွားတဲ့ အကျိုးဆက်ဖြစ်တဲ့ စိုက်ပျိုးရေးသွင်းအားစု ဈေးနှုန်း မြင့်တက်တာ၊ စက်သုံးဆီဈေးနှုန်း အပါအဝင် အထွေထွေကုန်ကျစရိတ် ကြီးမြင့်နေတာတွေကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကြက်သွန်နီ အဓိကစိုက်ပျိုးရာဖြစ်တဲ့ အညာဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လမ်းခရီး သွားလာရ အခက်အခဲအပြင် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် ကြီးမြင့်နေတာကြောင့် ကြက်သွန်နီ စိုက်ပျိုးမှု ထက်ဝက်နီးပါး လျော့ကျလာတာ ဖြစ်ပါတယ်။

လက်ရှိ စိုက်ပျိုးရေး အဓိကလုပ်ဆောင်ရာ ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေး မုံရွာတို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စိုက်ပျိုးရေးလုပ်လို့ မရဘူးလို့လည်း သိရပါတယ်။

အဲ့ဒီ့လို အညာဒေသတွေမှာ စစ်မက်ဖြစ်ပွားခြင်း၊ ကျေးရွာတွေ မီးရှို့ခံရခြင်းတို့အပြင် ဒေသခံတွေ ထွက်ပြေးတိမ်ရှောင်နေကြရတဲ့အတွက် ကြက်သွန်စိုက်ဒေသတွေမှာ စိုက်ပျိုးဧကတွေလည်း နည်းပါးခဲ့တယ်လို့ သိရပါတယ်။

စိုက်ပျိုးမှုနည်းခဲ့သလို မြေဩဇာလည်း ကောင်းကောင်းမသုံးနိုင်ခဲ့တဲ့အတွက် အထွက်နှုန်းအပြင် ကြက်သွန်နီအရည်သွေးလည်း ကျဆင်းနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် နွေကြက်သွန်ကုန်ချိန် မိုးကြက်သွန်လည်း လှိုင်လှိုင်မပေါ်သေးခင် ကာလမှာ ပြည်ပနိုင်ငံတွေကပါ ကြက်သွန်နီ အဝယ်လိုက်နေတာကြောင့် ကြက်သွန်နီဈေးတွေဟာ အတက်ဘက်ကိုပိုပြီး ဦးတည်နေတာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့ကြက်သွန်နီကို လက်ရှိမှာ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့က အဝယ်လိုက်နေတာဖြစ်ပြီး အဲ့ဒီလို ပြည်ပထွက်ပေါက်ရှိနေတာကြောင့် ဈေးနှုန်း မြင့်တက်နေခြင်းလည်းဖြစ်ကာ ပြည်တွင်းစားသုံးမှုအရဆိုပါက ဈေးမြင့်တက်နိုင်ခြေမရှိဘူးလို့ ကုန်သည်တဦးက ပြောပါတယ်။

“အရင်ကတော့ မိုးကြက်သွန်နီတွေပေါ်လာရင် ဈေးကျမယ်လို့ ခန့်မှန်း‌ထားပေမယ့် အခုတော့ ကုန်အဝင်နည်းနေသေးလို့ ဈေးကကျမလာသေးဘူး။ ဒီနှစ်မှာက တိုက်ပွဲတွေကလည်းဖြစ်နေတော့ စိုက်ပျိုးဧကလည်း နည်းနေတယ်။ မိုးကလည်း အခုထိကို မပြတ်သေးတော့ အခင်းတွေထဲ ရေဝင်ကုန်လို့ ပျက်စီးတာတွေလည်းရှိတယ်၊ အဲ့ဒီတော့ အထွက်နည်းတယ်။ ပြီးတော့ ပြည်ပနိုင်ငံတွေကပါ အဝယ်လိုက်နေတော့ ကြက်သွန်ဈေးက အမြင့်ပိုင်းမှာပဲ ဆက်ရှိနေတာပေါ့”လို့ သူက ပြောပါတယ်။

ဒါ့အပြင် အခုနှစ်အတွင်း မုန်တိုင်းမိုး ရွာသွန်းမှုတွေကြောင့်လည်း ကြက်သွန်ခင်းတွေထဲ ရေဝင်ရောက်ခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကြက်သွန်အထွက်နှုန်း ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

”နောက်မိုးများတဲ့အတွက် စိုက်ပျိုးဖို့အခက်ခဲတွေအပြင် မြေဆီစျေးတွေမြင့်တက်နေတာ၊ စက်သုံးဆီစျေးနှုန်းတွေ မြင့်တက်နေတာကြောင့်လည်း စိုက်ပျိုးရေးလုပ်ရာမှာ ပိုပြီးတော့ အခက်ကြုံနေရပါတယ်။ နေ့ရောညပါ မိုးကမပြတ်တော့ စိုက်လို့မရတဲ့နေရာတွေ အများကြီးပဲ။ ကြက်သွန်အသစ်ပေါ်ချိန် နောက်ကျမယ်။ နောက်ပြီး ကိုယ့်သီးနှံပေါ်ချိန်ကျမှ နယ်စပ်ကဝင်လာလို့ အမြဲအောက်စျေးပဲရတယ်။ အခုက အရင်းနှီးလည်းများတော့ ရှုံးမှာ။ နောက်ပြီး တိုက်ပွဲအခြေနေတွေကြောင့် မကွေးအစွန်ဖျားဘက် သိပ်မစိုက်ပျိုးနိုင်ဘူး”လို့ မကွေးတိုင်းရှိ တောင်သူတဦးက ပြောပါတယ်။

ပြည်တွင်း ကြက်သွန်နီဈေး မြင့်တက်နေတာကို ထိန်းချုပ်နိုင်ဖို့ အရင်နှစ်တွေက အိန္ဒိယနိုင်ငံက တဆင့် ကြက်သွန်နီတွေကို တင်သွင်းလေ့ရှိပေမယ့် အခုနှစ်မှာတော့ တင်သွင်းချိန်ကာလ နောက်ကျတဲ့အတွက် အပင်ထွက်လာနိုင်တဲ့အပြင် ပြည်တွင်းစိုက်ပျိုးမှုနှုန်းကို ထိခိုက်နိုင်လို့ တင်သွင်းမှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက ပြောကြားထားပါတယ်။

ဒါ့အပြင် ကြက်သွန်နီ စိုက်ပျိုးရာမှာ ရာသီဥတုကြောင့် ပျက်စီးတာတွေ ရှိခဲ့သလို လက်ရှိမှာ လက်ကျန်ပစ္စည်း မရှိတော့တဲ့အတွက် အကျိုးအမြတ် မရှိကြဘူးလို့ သိရပါတယ်။

“ကြက်သွန်ကလေ ကျွန်တော်ဆိုလို့ရှိရင် ပထမဆုံး စစိုက်တဲ့အချိန်မှာ မိုးများတာကြောင့် အပုပ်ခံလိုက်ရတယ်။ ကြက်သွန်နီက စိုက်သလောက် မအောင်မြင်ဘူး။ အပင်တွေက ပေါက်တယ်။ ပေါက်ပေမယ့်လို့ သူက စိုအားများတဲ့ အတွက်ကြောင့် နေရာတကာ စိုထိုင်းမှုတွေဖြစ်ပြီး မိုးရိုက်လာတော့ အပင်လေးတွေ သေးသေးလေးတွေ ဖြစ်တယ်။ တချို့အပင်က ပုပ်ပြီး သေတယ်။ အဲ့လိုလေးတွေ ဖြစ်တယ်။ ကြက်သွန်က အမှန်တကယ် မရှိတော့တာ။ ကျွန်တော်တို့ ဒေသမှာဆိုရင် ဒီကျေးလက်တောရွာမှာ ဆိုလို့ရှိရင် မရှိသလောက် ဖြစ်သွားပြီ”လို့ သူက ပြောပါတယ်။

တိုက်ပွဲတွေဖြစ်နေတာ၊ နယ်မြေမငြိမ်းချမ်းတာ၊ ဓာတ်မြေဩဇာ၊ စက်သုံးဆီ၊ မျိုးစေ့ စတဲ့ သွင်းအားစု‌စျေးတွေ ကြီးမြင့်နေတာ၊ သယ်ယူပို့ဆောင်ရေး အပါအဝင် တခြား အခက်ခဲများစွာ ရှိနေတာ‌တွေကြောင့် ပြည်တွင်းမှာ ကြက်သွန်နီအထွက်နှုန်း နည်းပါးလာသလို ကြက်သွန်စိုက်တောင်သူတွေလည်း တနှစ်ထက် တနှစ်နည်းပါးလာနေပါတယ်။

ကြက်သွန်နီဟာ မြန်မာပြည်သူတွေရဲ့ မီးဖိုဆောင်အတွက် မရှိမဖြစ် အသုံးပြုနေရတဲ့ အခြေခံစားသောက်ကုန်တခု ဖြစ်တာကြောင့် အခုလို ကြက်သွန်နီဈေးတွေ မြင့်တက်နေတာဟာ အခြေခံ လက်လုပ်လက်စား ပြည်သူတွေအတွက်ကတော့ ကြီးမားတဲ့ရိုက်ခတ်မှုတခုပါပဲ။

လက်ရှိမှာတော့ ကြက်သွန်နီ ခပ်လတ်လတ်တလုံးကို ၁၀၀ ကျပ်နှုန်းနဲ့ ဝယ်ယူနေရတဲ့အထိ ကြက်သွန်နီရှားပါးလာတာ၊ ဈေးတွေခေါင်ခိုက်လာတာဟာ နောက်ပိုင်းမှာ ကြက်သွန်နီကို ကြက်ဥဝယ်သလို တလုံးချင်းစီ ဝယ်စားရတော့မှာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

အခုလို မြန်မာနိုင်ငံအတွင်းမှာ အခြေခံ မီးဖိုဆောင် ကုန်ပစ္စည်းတွေဖြစ်တဲ့ ဆန်၊ ဆီနဲ့ ကြက်သွန်ဈေးတွေအပြင် ဟင်းလျာ ဈေးနှုန်းတွေလည်း အပြိုင်အဆိုင် မြင့်တက်လာနေတာကြောင့် ဝင်ငွေနည်း ပြည်သူတွေအတွက်ကတော့ နေ့စဉ် စားသောက်နေထိုင်မှုမှာ အခက်အခဲများစွာ၊ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ။

#voiceofmyanmar #VOM #ကြက်သွန်နီးစျေးကွက်ကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW