ထနောင်း ကုက္ကို တမာလမ်း

ဆူးငှက်

“မျက်နှာသုတ်ပဝါပေါင်းပြီး ဆောင့်ကြောင့်ထိုင်လိုက်လာသော လူကြီးက ဆေးပေါ့လိပ်ကြီးကို ခဲနေသည်။ မီးပွားမကျအောင် ဒူးနှစ်လုံးကြားတွင် ညှပ်ကိုင်ထားသည့် ဆီဘူးခွံတွင် ဆေးလိပ်ခေါင်းကို စိုက်ထားသည်။ သူသည် ဆေးလိပ်မှတစ်ပါး တစ်လောကလုံးကို မေ့နေဟန်တူသည် ။ဟောင်းလွန်းသဖြင့် အချို့နေရာမှာဖြူဖတ်ဖြူရော်ပင်ဖြစ်လာနေပြီးသော သက္ကလပ်အနက်အပေါ်အင်္ကျီကိုဝတ်ထားသော လူကြီးကား သျှောင်ထုံးကြီးပြောင်ပြောင် နူတ်ခမ်းမွေးထောင်ထောင်နှင့်ဖြစ်နေသည်။ သို့ရာတွင် မျက်နှာကား ရုပ်သေးစင်က ဝန်ကြီးရုပ်လို အတွင်းစိတ်ကို ဖတ်လို့မရသော မျက်နှာဖြစ်၏။ အထက်နှုတ်ခမ်းကွဲပြီး ရှေ့သွားနှစ်ချောင်း သွားဖုံးကစပြီး ပေါ်နေသော ကျောင်းသားအရွယ် တစ်ဦးသည် ဘတ်စ်ကား အတွင်းဘက်သို့ တစ်ခါမှ မကြည့်။ ဘေးပတ်ဝန်းကျင်ရှိ ယာခင်းပြင်ကြီးများ ဆီသို့သာ ငေးမောနေသည်။””
ကျွန်တော်သည် ဆရာသိန်းဖေမြင့်၏ “အညာပြန်” စာအုပ်ကို ဖတ်မိတိုင်း မုံရွာ-ဘုတလင် ကားလမ်းပေါ်က “တောကား” တစ်စီးနှင့် ခရီးသည်မြင်ကွင်းတွေကို သဘောကျမိသည်။ ဆရာသိန်းဖေမြင့်ကလည်း ကားပေါ်ပါလာသူ တစ်ဦးချင်းစီ၏ စရိုက်ကိုဖော် လာနိုင်သည်။

ခရီးသည်တွေ၏ စရိုက်တင်လား။ မဟုတ်။ မုံရွာဘုတလင် ပြေးဆွဲသော ဘတ်စ်ကားကိုလည်း ““စီးနေကျ ဘတ်စ်ကားများထက်ပင် အမြင်စုတ်နေလသည်။ အကာမပါ။ စက်ခေါင်းတွင် အဖုံးမရှိ။ မည်မျှပင် စုတ်ပြတ်စုတ်ပြတ်၊ စက်ခေါင်းမှာတော့ အဖုံးရှိထိုက်သည် မဟုတ်ပါလား။ စုံစမ်းကြည့်သောအခါ တမင်စုတ်ပြတ်အောင် ထားခြင်းဖြစ်သည်။ တမင် စက်ခေါင်းအဖုံးဖြုတ်ထားခြင်းဖြစ်သည်ဟု သိရပေသည်။ စက်ခေါင်းအဖုံးနှင့် အကာနှင့် သပ်သပ်ရပ်ရပ်ဆိုလျှင် အာဏာပိုင်တို့က စစ်မြေပြင်သို့​ ချောဆွဲသွားမည်ကို စိုးရသည်ဟု ဆိုလေသည်””တဲ့ ။ ကားမြင်ကွင်းကို သာမက ထိုခေတ်အချိန်၏ အခြေအနေကိုပါ ဖော်ပြသည်။

ဆရာသိန်းဖေမြင့်၏ မုံရွာ- ဘုတလင်သွားတာလားကို ဖတ်သည်နှင့် ထိုခရီးလမ်းကို သွားချင်နေ​ပြန်သည်။ ဟုတ်သည်။ မုံရွာကံသာယာကိုကျော်၊ကွေ့ကြီးရပ်ကို ဖြတ်ပြီး မြို့က ထွက်သည်နှင့် ပေတစ်ရာလမ်းမ တစ်ဖက် တစ်ချက်တွင် တမာပင်ကြီးတွေက အုပ်မိုးထားသည်။ တမာရနံ့တို့ကသင်းပျံ့နေ၏။ ညာဘက် မလှမ်းမကမ်းမှာ မုံရွာ-ရေဦး မီးရထားလမ်းက ကြေးနန်းတိုင်လေးတွေလှစ်ခနဲ၊ လှစ်ခနဲ ကိုယ်ထင်ပြသည်။ တကယ်တမ်း ကျွန်တော် ဒီခရီးလမ်းကို သွားခဲ့ဖူးတာက မုံရွာပေပင်ကျောင်း အနီးက စီးရသည့် ဦးသိန်းကားနှင့်ဖြစ်သည်။ ဦးသိန်းကားက နောက်ဖွင့် ဘတ်စ်ကားကြီးဖြစ်သည်။ ဘေးတစ်ဖက်တစ်ချက်မှာ ခုံတန်းရှည်ကြီးရိုက်ထားသည်။ အလယ်မှာက တောင်းတွေပလုံးတွေ အိတ်တွေနှင့် ခရီးသည်တွေ ပြွတ်ညှပ်လိုက်ပါလာသည်။ ခုံတန်းရှည်ပေါ် ထိုင်ရသူတွေကတော့ အခွင့်ထူးခံတွေပေါ့။ အလယ်ကောင်တာင်းတွေပလုံးတွေနှင့် လိုက်ပါရသူတွေက “ဆရာသိန်းဖေမြင့်”“အညာပြန်”ထဲက ဇာတ်ကောင်တွေနှင့် မခြား။ ဆရာသိန်းဖေမြင့် ဇာတ်ကောင်များနှင့် ကျွန်တော် မြင်တွေ့ရသော ဦးသိန်း ဘတ်စ်ကားပေါ် ကခရီးသည်များမှာ နှစ်ပေါင်းလေးငါးခြောက်ဆယ် ကွာခဲ့ပေမဲ့ ဘာမှမထူးခြား။ ထိုအဝတ်အစား၊ ထိုအနေမထိုင်၊ ထိုအမူအကျင့်များပဲဖြစ်ပါသည်။ ဘတ်စ်ကားကတော့ ဘာထူးမှာလဲ။ ထူးတာက ဆရာသိန်းဖေမြင့် စီးခဲ့သလို စက်ခေါင်းမှာ အဖုံးမပါတာ စုတ်ပြတ်သတ်နေတာမျိုးတော့မဟုတ်။ စစ်လက်ကျန် ကားဟောင်းကိုပင် ဘော်ဒီကို အကျအနပြင်ထားသည်။ဆေးသစ်သုတ်ထားသည်။ သို့သော် ယခင်ကလိုပဲ ဂီယာတဒီးဒီး ထိုးပြီး စက်သံတအီးအီးပေးကာ ရွာပေါက်စေ့ရပ်သည်။ ခရီးသည် တင်သည်၊ ချသည်၊ စကားတွေ ကျယ်ကျယ်လောင်လောင် ပြောကြသည်။ ခရီးသည်နှင့် စပယ်ယာ ကွမ်းယာ အပြန်အလှန် ထောက်ပံ့ကြသည်။

ကျွန်တော်ငယ်စဉ်က တစ်နှစ်တစ်ခေါက် ဆိုသလို မုံရွာ-ဘုတလင် ဘတ်စ်ကားကြီး စီးရဖူးသည်။ နေ့လယ် မွန်းတည့်ချိန်လောက်မှထွက်သောပေပင်ကျောင်းဂိတ်အနီးက ဦးသိန်းကားကို၊ ဦးသံ၏ စာပို့ကားကို အချိန်ကုန်ခံ မစောင့်ဘဲ စိန်သုံးလုံး မုံရွာ-ရေဦး အမြန်ယာဉ်ကို စီးကြမည်ဟု မိဘများက စီစဉ်လျှင်မကြိုက်ချင်။ စိန်သုံးလုံးကတာ ဓလေ့တောစရိုက်တွေမရ။ ဇွတ်အတင်းခေတ်မီထားပုံမျိုးဖြစ်သည်။ ခေါ်ဝေါ်သုံးစွဲတာကိုက အမြန်ယာဉ်တဲ့။ အမြန်ယာဉ်မကြိုက် ဖြည်းဖြည်းနှေးနှေး တစ်ရွာဝင်တစ်ရွာထွက် အိပဲ့အိပဲ့ ဘတ်စ်ကားမျိုးပဲ ကြိုက်သည်။ ထို့ကြောင့် မန္တလေးမှ မုံရွာသို့ မည်မျှပင် အချိန်စောရောက်ပါစေ၊ ကားမူးလို့ ကားတောက်လို့ ဟူသော အကြောင်းပြချက်ဖြင့် မွန်းတည့်မှထွက်သည့် ဦးသိန်းကားနှင့်ပဲလိုက်သည်။ အလုံဝါးထောင်တွေလွန်တော့ ဦးသိန်းဘတ်စ်ကားက အရှိန်ရလာသည်။ လယ်ကွင်းတွေကျော်လာသည်။ တမာပင်တန်းကြီးနှင့် ပေတစ်ရာလမ်းက ကားချင်းရှောင်လျှင် လမ်းဘေးချကာ အရှိန်လျှော့ပေးရသော်လည်း ဖြောင့်ဖြူးသည်။ မည်မျှပင်အရှိန်ကောင်းနေစေ လမ်းဘေးမှာ ဇရပ်လေးတွေနှင့် ရွာကိုတွေ့လျှင် အရှိန်ကိုလျှော့၍ ရပ်သည်။ ခရီးသည်များ စိမ်ပြေနပြေဆင်းကြသည်။ ရွာထဲက စပယ်ယာမှအစ ခရီးသည်အားလုံး သိကျွမ်းနေသည်။ ရင်းနှီးနေသည်။ သူတို့အပြောအဆို၊ သူတို့အအော်အဟစ်မှာ သံယောဇဉ်တွေရှိသည်။ ဇာတ်လမ်းတွေရှိသည်။ ကျွန်တော်က ပွဲကြည့်ပရိသတ်. . ။

မုံရွာသည် အခုတော့ အလုံနှင့်လည်း ဆက်သွားပြီ။ ကမ်းနဘေး အိမ်ခြေအဆောက်အအုံတွေလည်း ပြောင်းလဲသွားသည်။ စတီး လက်ရန်း၊ အလူမီနီယံသွပ်မိုးပြားနှင့် အထပ်မြင့်များ။ သို့သော် သက်ကြီးဝါကြီး ကုဣိုပင်ကြီးအောက်က အလုံဘိုးဘိုးကြီး နတ်နန်းကတော့ မပြောင်းလဲ။ လမ်းပေါ်မှာ ကားတွေထက် တရုတ်ဆိုင်ကယ်တွေကိုပဲ အများအပြားတွ့ရသည်။ ပို့သူ၊ ဈေးသွားသူ၊ ပွဲရုံသွားသူ၊ သီးနှံပို့သူ၊ကျောင်းတက်သူ၊ ရုံးတက်သူ၊ ပဲအိတ်သယ်သူ၊မြေဆီဈေးမေးသူ။ အလှုပ်အရှား အလုပ်များသူ အားလုံး တရုတ်ဆိုင်ကယ်တဝီဝီနှင့်ဖြစ်သည်။

ကျွန်တော်သည် ငယ်စဉ်ကတည်းက မုံရွာ- ဘုတလင်ကားလမ်းမကို သဘောကျသည်။ လမ်းတစ်ဖက်တစ်ချက် တမာပင်ကြီးတွေ ဆီးမိုးထားသဖြင့် နေပြောက်မထိုးအောင် အရိပ်ရနေသည့် လမ်းမသည် ကားနှစ်စီး ရှောင်သာရုံသာဖြစ်သော်လည်း ကတ္တရာလမ်းသားက ကောင်းမွန်သည်။ ထိုစဉ်က အသွားအလာနည်းသည်ဟု ဆိုရမှာမို့ လမ်းမှာ ကားအရှောင်အတိမ်းသိပ်မရှိ ။ မျက်နှာချင်းဆိုင်မှ လူတွေအပြည့်နှင့် ပါစင်ဂျာကားတစ်စီးဆုံလျှင် နှစ်စီးစလုံးက လမ်းဘေးချရပ်ပြီး ဖြည်းဖြည်းချင်းရှောင်တိမ်းကြသည်။

ကားလမ်းနဘေးရွာတွေကလည်း ရွာထိပ်မှာဇရပ်တွေရှိသည်။ ဇရပ်တွေက ကျွန်းတိုင်လုံး ခိုင်ခိုင်မာမာတွေချည်းဖြစ်၏။ ဇရပ်မှာ သစ်သားကြမ်ခင်းအပြည့်(သို့မဟုတ်) တစ်ဝက် ခင်းထားသည်။ ပြီးတော့ ဇရပ်ခေါင်းရင်းမှာ(သို့မဟုတ်) ဇရပ်ဆီးမိုးထားသော မန်ကျည်းပင် (သို့မဟုတ်) တမာပင်ရင်းမှာ ရေအိုးစင်ရှိမည်။ အချို့ရေအိုးစင်က ခိုင်ခိုင်မာမာဖြစ်၏။ အချို့ရေအိုးစင်ကတောသားများဖြင့် သပ်သပ်ရပ်ရပ်ဖြစ်သည်။ ထိုရေအိုးစင်ပေါ်တွင် ရေအိုးနှစ်လုံး အနည်းဆုံးရှိမည်။ အိုးအောက်ခြေ သဲစိုစိုပေါ်မှာ စပါးစေ့လေးတွေ၊ ပဲစေ့လေးတွေ ကျဲထားလို့ အပင်ပေါက် စိမ်းစိမ်းစိုစိုလေးတွေက မျက်စိပသာဒ အေးမြစေသည်။ ဝါးနှီးဖြင့် ရက်လုပ်ထားသော ကန်တော့ပုံ ရေအိုးဖုံးများအောက်တွင် သန့်ရှင်းသပ်ရပ်သော ရေအိုးဖုံးနှင့်ရေခွက်(သို့မဟုတ်) အရိုးတပ် အုန်းမှုတ်ခွက် ရှိမည်။ ဇရပ်ဘေးက သစ်ပင်ရိပ်မှာ ချွတ်ထားသော လှည်းတစ်စီးစ နှစ်စီးစရှိမှာပေါ့။ အရိပ်မှာ ဝပ်နေသောနွားတွေက အေးအေးလူလူ စားမြုံပြန်နေကြ၏။ ဇရပ်ပေါ်မှာ ခေါင်းပေါင်းတွေနှင့် တောသားကြီးတွေ၊တောသူမကြီးတွေ ထိုင်နေကြသည်။ ကလေးအမေတွေက သူတို့ကလေးတွေကို အားရပါးရ နို့လှန်တိုက်နေကြသည်။ဘေးမှာ တောင်းတွေ၊ ပလုံတွေ၊ဝန်စည်စလှယ်တွေလည်း ရှိမည်။ ဇရပ်ကြမ်းခင်းပေါ်က သစ်သားတန်းကို ခေါင်းအုံးပြီး မျက်နှာပေါ် ချည်တဘက်အုပ်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသူလည်း ရှိပါ၏။ အချို့သော ရွာကြီးများထိပ်က ဇရပ်ဘေးမှာ ကွမ်းယာဆိုင်လေး အချို့ကိုလည်း တွေ့ဖူးသည်။ ကားလမ်းဘေးက ဇရပ်တွေနှင့်ကပ်လျက်ရွာကိုလည်း တွေ့ရသလို အချို့ရွာများက ဇရပ်နှင့် ခပ်လှမ်းလှမ်းမှာ ရှိတတ်သည်။

ဇရပ်ဘေးကြောင်းကနေ ဟို အဝေးဆီမျှာ်ကြည့်တော့ သစ်ပင် ခပ်အုပ်အုပ်နှင့် ရွာကလေးတွေလည်း လွမ်းဆွတ်ဖွယ်မြင်ရသည်။ ရွာတိုင်းလိုလို သစ်ပင်အုပ်အုပ်တွေဆီမှ ဘုန်းကြီးကျောင်း၏ ပြာသာဒ်နှင့် ထုံးဖြူဖြူ ဘုရားအဆူဆူကိုလည်း ဖူးတွေ့ရတတ်၏။ အကယ်၍ ထိုသို့သော ကားလမ်းနဘေးဇရပ်တွေမှာ ကားထိုးဆိုက်လိုက်ပြီး ဆင်းရမည့် ခရီးသည်က လာကြိုသူကို အားရဝမ်းသာနူတ်ဆက်ပြီး လာကြိုသူကလည်း မျက်ခမ်းစပ် မျက်လုံးကိုမှေး၊နေရောင်ကို လက်နှင့်ကာ၍ ကားပေါ်မှ အသံလာရာကို ကြည့်ရင်း သဲသဲကွဲကွဲမြင်ရတော့ ရင်းရင်းနှီးနှီးအပြန်အလှန် နာမည်အော်ခေါ်ပုံများကလည်း ကြည်နူးစရာကောင်းလှသည်။ ထိုဇရပ်မှကားပေါ်တက်၍ ရှေ့ခရီးလိုက်ပါမည့်သူဆိုပါတော့။ လိုက်ပို့သူများက လက်ဆွဲ၊ ပခုံးဆွဲ၍ နူတ်ဆက်လို့ အားမရနိုင်၍ စပယ်ယာက စိတ်ရှည် လက်ရှည်စောင့်သည်။ မိမိရွာမှ အခြားမြို့ရွာသို့ သွားမည့်သူဆိုပါက ရွာဦးဘုန်းကြီးမှာတာတွေ အမြဲသတိရဖို့၊ ရတနာသုံးပါး အနန္တောအနန္တငါးပါးကို ကန်တော့ဖို့၊ရေချိုးမိုးချိုး ဆင်ခြင်ဖို့၊ လူကြုံနှင့် စာထည့်ဖို့ တတွတ်တွတ် မှာလို့မဆုံး…။ ရွာကိုအလည်လာသူပြန်မည်ဆိုပါက မျက်ရည်လေးတွေ တစမ်းစမ်း၊ ဖျင်တဘက်နှင့် မျက်ရည်တတို့တို့ဖြင့် “အဲ. . .အေ ၊နေပါဦးတော့၊ အခုတော့ လာလိုက်တာမှ မျက်စိတစ်မှိတ်၊ အိပ်မက်သလိုပါ့အေ.၊ ညည်းပြန်တော့ တစ်ရွာလုံးလွန်း(လွမ်း) ကျန်ရစ်ကြတော့အေ။ ညနေရေခပ်ချိန်ဆို သတိအရဆုံးနေမှာ။နောက်နှစ်နွေအခါ ဆက်ဆက် လာခဲ့ပါဦးအေ။ ကဲ… ကဲ သွားရော့၊ သွားရော့”ဟု လေသံလေးလေးကြီးတွေနှင့်နူတ်ဆက်ကြတာ ဝမ်းနည်းစရာကောင်းလှသည်။ ဂီယာပြောင်း၍ စက်သံတဒီးဒီးပေးကာ ဘီးလှိမ့်၍ ထွက်သည်အထိ ကားဘေးက ကပ်လိုက်ကာနူတ်ဆက်ကြသည်။ကားပေါ်က ဧည့်သည်လက်ကို မလွတ်တမ်းဆွဲ၍ အပြေးလိုက်ကြ၏။ စပယ်ယာက ဇွတ်အတင်းအော်ငေါက်မှ လက်ကိုဖြုတ်ကာ မျက်ရည်တွေကျရင်း လက်ပြနှုတ်ဆက် ကျန်ရစ်ကြ၏။

အခုတော့ ငယ်ဘဝပုံရိပ်များက ပိတ်ကားပေါ် ဖျပ်ဖျပ်ပေါ်ပြီး ပျောက်ကွယ်သွားပုံမျိုးဖြစ်သည်။တကယ်မြင်သောမြင်ကွင်းက လမ်းမသည် ကျယ်လွင့်သွား၏။ တမာပင်တွေနှင့်မတူ တစ်အုပ်တစ်ကျေးရွာသုံး ထင်းစိုက်ကွင်းတွေတွေ့သည်။ ဆိုင်းဘုတ်တွေတွေ့သည်။ လမ်းပေါ်မှာ ခရီးသည်တင် ကားတွေ မှန်လုံအမြန်ယာဉ်တွေနှင့်အတူ တရုတ်ဆိုင်ကယ်တွေက အစာရှာသော ပျားကောင်များပမာ လှုပ်ခတ်ပြေးလွှားနေသည်။
ဖန်ခါးကျင်း၊ ထနောင်းကုန်း၊ ယုန်လှေးကုန်း၊ ဆုံကုန်း၊ သားရိုးကုန်း၊ ကျီးပင်ချောင်……။ မုံရွာ- ဘုတလင်လမ်းမပေါ်မှာ ကြည်နူးလွမ်းဆွတ်ဖွယ် ရသများကိုပဲ အတိတ်မှသည် ပစ္စုပ္ပန်အထိ တနုံ့နုံ့ ခံစားချင်သေးသည်။ မှတ်မှတ်ထင်ထင်မြင်ကွင်းများဖြင့် နာကျည်း ဝမ်းနည်းမှုများကို ထိုလမ်းပေါ်ရောက်တိုင်း သတိရမိသည် ဟူသော ဝေဒနာမျိုးကိုတော့ ဘယ်နံရောအခါမှ မကြုံတွေ့ရပါစေကြောင်းလည်း ဆုတောင်းမိပါ၏။ အညာမြေက ထနောင်း ကုက္ကို တမာလမ်း၊ အေးချမ်း စိမ်းမြ ရွက်သစ်ဝေ။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW