သားရေဖုံးနှင့် ရွှေစာလုံးနှင့်

ဆူးငှက်

အရင်က မန္တလေးဈေးချိုတော်ကြီးမှာ ရုံတွေအလိုက် ရောင်းကုန်တွေ၊ ကုန်ပစ္စည်းအမျိုးအစားတွေ တူရာစုပြီး ဖောက်ကားသည်။ စီ ရုံက နာရီစင်ထောင့်က ရုံဖြစ်သည်။ ၂၆ ဘီလမ်းနှင့် ၈၄ လမ်းထောင့်ဆုံရာ နေရာဖြစ်သည်။ တကယ် အချက်အချာ အကျဆုံးနေရာပါပဲ။ ထိုရုံကြီးထဲမှာ စာရေးကိရိယာတွေ ဗလာစာအုပ်တွေ၊ စက္ကူတွေ၊ ဂျပ်တွေအပြင် ဘာသာရေးဆိုင်ရာ ကျမ်းစာအုပ်အမျိုးမျိုးကိုလည်းရောင်းချသည်။ ထို့ပြင် စာအုပ်ချုပ်လုပ်ငန်းတွ လည်းရှိ၏။

ထိုစဉ်က ဘာသာရေးစာအုပ်များ၊ ပိဋကတ်တော်ဆိုင်ရာ စာအုပ်များကိုလည်း အလှူအတန်းများတွင် လှူဒါန်းကြသည်။ ထိုအခါ ထိုကျမ်းစာအုပ်များကို သားရေဖုံးများ ကျကျနန ဖုံးကြသည်။ ထို့နောက် စာအုပ်အနှောင့်တွင် ကျမ်းစာအုပ် အမည်၊ လှူဒါန်းသူ ဒကာ၊ ဒကာမများ အမည်များကို ရွှေစာလုံးဖြင့် ရေးထိုးကြသည်။ ထို့ကြောင့် မန္တလေးမြို့ပေါ်မှာဖြစ်စေ အလှူ့ဒကာ၊ အလှူဒကာမများက ဈေးချိုထဲတွင်
လှူစရာ၊တန်းစရာ၊ ကျွေးစရာ၊ မွေးစရာများ ဝယ်ယူ ပြီးသည်နှင့် ဦးဆောင် ဦးရွက်ပြုသူ ဆရာတော်၏ အစီအစဉ်ဖြင့် ကျမ်းစာအုပ်များကို စီ ရုံထဲက ဆိုင်တွေမှာ ဝယ်ယူကြသည်။ ထို့နောက် သားရေဖုံးနှင့် ရွှေစာလုံးများ အပ်နှံကြသည်။ ထိုကိစ္စများအားလုံး စီရုံထဲမှာ ပြီးစီးသွား၏။

အကြမ်းဖျင်း မှတ်မိနေသော ဘာသာရေးဆိုင်ရာ စာအုပ်များမှာ ပိဋကတ်တော်ပြန့်ပွားရေး၊ အနန္တသုခ၊ အောင်မင်္ဂလာ၊ ဗမာ့ခေတ်၊ သဗ္ဗမင်္ဂလာ၊ မိဘဂုဏ်ရည်၊ သမ္မတ၊မေတ္တာမဏ္ဍိုင်တို့ဖြစ်သည်။ အများကြီး ကျန်ပါသေးသည်။

ဘာသာရေးဆိုင်ရာစာအုပ် ကျမ်းစာအုပ်အများစုက စာမျက်နှာများသည် ထူထဲသည်။ ရှေးမြန်မာများ တီထွင်ကြံဆခဲ့သည့် သစ်သားလက်ယှက် ခုံလေးပေါ်စာအုပ်ကို ဖြန့်တင်ပြီး ကြည့်ရှုလေ့လာနိုင်ရန် သီချုပ် ချုပ်ကြသည်။ စာအုပ်သီချုပ်က ပညာသားပါသည်။ လက်ဝင်သည်။ ခိုင်ခံ့သည်။ ထိုစာအုပ်ကြီးများကို သားရေဖုံးကြရ၏။ သားရေက ဆိတ် သားရေအပါးမျိုးဖြစ်သည်။ ထို့ကြောင့်ဈေးချိုတော် စီ ရုံထဲဝင်လိုက်လျှင်ပင် ဆိတ်သားရေ အပါးများကို ဆေးနီဆိုးထားပြီး လှန်းထားတာတွေ တွေ့ရမည်။ စာအုပ် ချုပ်နေသူများ၊ မီးဖိုလေးများဖြင့် ရွှေစာလုံး ထိုးနေကြသူများလည်းတွေ့ရ၏။ ရွှေစာလုံးကို ခဲစာလုံးများ အပူပေးပြီး ထိုးကြသည်။ သားရေဖုံးကိုပဲ အပြည့်ဖုံးတဲ့…။ တစ်ဝက်ဖုံးတဲ့။ အစားစားရှိသည်။

ယခုလို ကျောင်းဖွင့်ရာသီရောက်ပြီဆိုလျှင် ပြဋ္ဌာန်းစာအုပ်အထူတွေ ဥပမာ…၉ တန်းရော၊ ၁၀ တန်းပါ
နှစ်တန်းစလုံး သုံးလို့ရသည့် ဓာတုဗေဒစာအုပ်လို၊ ရူပဗေဒ စာအုပ်လို၊ အဘိဓာန်လို စာအုပ်မျိုးတွေ စီ ရုံထဲသွားပြီး သားရေဖုံး ဖုံးကြသည်။ ထို့ကြောင့် စီရုံထဲက စာအုပ်ချုပ်ဆိုင်တွေဆီ ကျောင်းသူ၊ ကျောင်းသားတွေပါ အပေါက်အရောက်များသည်။

ကျွန်တော်လည်း ဈေးချိုတော်ရုံကြီး ၁၂ ရုံထဲမှာ ကိုယ်ကိုယ်တိုင် ပစ္စည်းဝယ်ယူဖူးတာ စီရုံတစ်ရုံပဲရှိသည်။ အရင်က ဗလာစာအုပ်တွေကို အခုလို အပြင်က ဝယ်စရာမလို။ ကျောင်းကပေးတာနဲ့ လောက်ငသည်။ စီရုံထဲက ဝယ်တာက စာရေးပတ် လှလှလေးတွေ၊ စာအိတ်လှလှလေးတွေနဲ့ တစ်ခါတစ်ရံ ပိုင်းလော့ဖောင်တိန်၊ ခရက်ဖောင်တိန်တို့ ဖြစ်သည်။ဖောင်တိန်တွေ သုံးရသည့်ခေတ်မို့ မှင်အိုးလည်း ဝယ်ရ၏။ ထိုစဉ်က ကျောင်းက မှင်အိုးလည်းပေးသည်။ သို့သော် ကိုယ်လိုချင်တာ ပက်ကားအနက် မှင်အိုးဖြစ်၍ အပြင်ကဝယ်ရတာမျိုးဖြစ်၏။ ကျောင်းက ပိုင်းလော့ မှင်အပြာရင့်ပဲ ပေးတတ်သည်။

အီး ရုံ ခေါ် ရွှေဆိုင်တန်းထဲကိုတော့ တစ်လတစ်ခေါက်လောက် ရောက်ဖြစ်သည်။ နယ်မှ ရွှေပန်းထိမ်ဆိုင်ပိုင်ရှင် အစ်မက တစ်ပတ်တစ်ခေါက် လာပြီး ပစ္စည်းရွေး ပစ္စည်းအပ်၊ ပစ္စည်းဝယ်ပြုလုပ်သည်။ ထိုအခါ ကျွန်တော်ကို အဖော်ခေါ်သည်။ ရွှေဆိုင်တန်းထဲ လိုက်ချင်သား။ ရွှေဆိုင်တန်းသူတွေကို အခုလိုတန်းတူဆက်ဆံနိုင်မဲ့ အခွင့်အရေးရရှိဖို့ ဆိုတာ လွယ်တာမှ မဟုတ်တာ။ အစ်မ၏ စိန်နားကပ် အရောင်နှင့် ကျွန်တော်ပါး ပြောင်နိုင်သည်။ တစ်ခုပဲ စိတ်ညစ်တာ။ ပစ္စည်းရောင်း၊ ပစ္စည်းဝယ်ဖို့ ငွေချေပြီဆိုလျှင် အစ်မက ကျွန်တော်ကိုလည်း ပိုက်ဆံရေခိုင်းသည်။ တစ်ရာကိုပင် မကိုင်ဖူးသော ကျွန်တော်မှာ ငွေ သောင်းဂဏန်း၊ သိန်းဂဏန်း ပိုက်ဆံအုပ်တွေကို ကျင်လည်စွာ မရေတွက်တတ်။ (အခုလည်း မရေတွက်တတ်)။ အစ်မတို့ကတော့ လက်တစ်ဖက်တည်းနဲ့ပင် လက်ညှိုးလက်မ အသုံးပြုပြီး ကျင်လည်စွာ ရေတွက်သည်။မြန်ဆန်သလို အမှားကင်းပြီး တိကျသည်။ ကျွန်တော့်မှာတော့ဖြင့် လက်နှစ်ဖက်စလုံး အသုံးပြုကာ လက်မှာရော တစ်ကိုယ်လုံးမှာ ချွေးတွေပြန်။ ပါးစပ်ထဲက တံတွေးတွေလည်းကုန်။ ခဏခဏလည်းမှား။ ဘေးဘီလည်း မကြည့်ရဲ။ ရွှေဆိုင်တန်းသူလေးတွေအဖို့ ကျွန်တော် ပိုက်ဆံရေတာပဲကြည့်ကာ အတွင်းသိ အစင်းသိဖြစ်ပြီး နှာခေါင်းရှုံ့ကြမှာပေါ့။ အလကားကပ်ပါး။

ထို့ကြောင့် ရွှေဆိုင်တန်းလိုက်ရတာ ပျော်စရာလည်းကောင်းသလို ထိုပျော်စရာနှင့် မကာမိအောင်လည်း စိတ်ညစ်ရ၏။ ရွှေဈေးက ညနေမှဖွင့်သည်။ ရွှေဈေးအဖွင့်ကို စောင့်ရတာလည်း ပျော်စရာကောင်းသည်။ ဘာမှ လုပ်စရာလည်းမလို။ ခုံမှာထိုင်နေရုံပဲ။ ဈေးဝယ်တွေငေးရုံပဲ။ ရွှေဈေးအဖွင့်ကိုတော့ မြောက်မလွယ်ပေါက်က ဦးခွန်ကြည် ရွှေဆိုင်က ထိုင်စောင့်ရသည်။ မုန့်လည်း မျိုးစုံအောင် စားရ၏။ ရွှေရင်အေး၊ ပဲလမုန့်၊ ဝက်စာဥကြော်၊ နနွင်းမကင်း၊ ခနုံထုပ်။ တစ်ခါတစ်ရံ အစ်မက ရွှေဈေးအဖွင့်ကိုစောင့်ရင်း မြောက်မလွယ် မြီးရှည်ကျွေးသည်။ တစ်ခါတစ်ရံ
ထိုးမုန့်တန်းဘက်ခေါ်သွားပြီး ထိုးမုန့်တွေ တနင့်တပိုး ဝယ်သည်။ ထိုးမုန့်ဆိုင်က ချကျွေးသော အမြည်းတွေက အစိတ်သားလောက်ရှိမည်။

ထိုခေတ်က မှောင်ခိုခေတ်ဖြစ်သည်။ အလယ်ပေါက်၏တောင်ဘက် အိတ်ချ်ရုံ၊ အိုင်ရုံများမှာ မှောင်ခို အထည်တန်း ရှိသည်။ ရုံကြီးနှစ်ရုံ၏ အလယ်ကြော အရှေ့အနောက်တန်းလျက်ဖြစ်၏။ စည်ကားသော ဈေးတန်းဖြစ်သည်။ကော့သောင်း၊ တက်ထရွန်၊လေယာဉ်မောင်၊ ခရစ်လှိုင်းကြီး၊ လှိုင်းသေး၊ လှိုင်းလတ်၊ အရိပ်ပန်း စသည့်ယိုးဒယားဖြစ်ပစ္စည်းတွေ စုံလှ၏။ ပါတိတ်လုံချည်တွေလည်း ရှိသည်။ ခေါက်ထီးလည်း ရှိသည်။ သုံးပေပတ်လည် ဆိုင်နေရာလေးတွေပင် အတော်အလုပ်ဖြစ်သည်။ လက်လီဆိုင်တွေအပြင်၊ လက်ကားဆိုင်ကြီးတွေလည်း ရှိသည်။ ကျွန်တော်တို့ အင်္ကျီချုပ်ချင်လျှင် ထိုဈေးတန်းသို့ သွားရသည်။ ကျွန်တော်တို့ အများဆုံးဝယ်ဖြစ်တာက တက်ထရွန်အကွက် အဆင်အစများဖြစ်သည်။ ဈေးမများ၊ ဝတ်ရတာလည်း ရာသီဥတုနှင့် အဆင်ပြေသည်။ ချုပ်ခကလည်း ဘာရှိမှာလဲ။ တစ်ထည်မှ ၈ကျပ်လောက်ပဲရှိမှာ။ အင်္ကျီတစ်ထည် အပြီးအစီး အစိတ် သုံးဆယ်နှင့်ရသည်။ သည်အချိန်မှာပဲ ဖောရိန်းရှပ် ဆိုတာ ပါ်လာသည်။ အမလေး လေး တစ်ထည်တစ်ရာတဲ့။ သူဌေးတွေမှ ဝယ်နိုင်မှာ။ ထိုစဉ်က ဈေးချိုတော်ကြီးမှာ စီ ရုံ၌သာ အရောက်ပေါက်များပြီးနောက် ရွှေဆိုင်တန်း အီးရုံကိုလည်း ရောက်သည်။ အဝတ်အထည်တွေဝယ်ဖို့ အိတ်ချ်ရုံ၊ အိုင်ရုံတွေထဲ ရောက်ဖူးသည်။ အခြားရုံတွေမရောက်ဖူးလှ။

စကားစပ်လို့ပြောရလျှင် မြောက်မလွယ် မြဂုဏ်ရောင်ဆိုင်သို့လည်းရာက်ဖြစ်၏။ မြဂုဏ်ရောင်မှာ အသင့်ချုပ်ပြီး အင်္ကျီတွေရောင်းသည်။ အထူးသဖြင့် စတစ်ကော်လံနှင့် အဖြူထည်ကွက်များဖြစ်သည်။ ထို့နောက် တက်ထရွန် အကွက်စိပ်၊ အကွက်ကျဲလက်ရှည်၊ လက်စက အင်္ကျီများလည်း ရှိသည်။ မြဂုဏ်ရောင်မှာ အထူးသဖြင့် ရနိုင်တာက တိုက်ပုံအင်္ကျီဖြစ်သည်။ ထိုစဉ်ကပေါ်သော တက်ထရက်အစ မျိုးစုံနှင့် ချုပ်ထားသည်။ အသင့်ချုပ်ပြီး တိုက်ပုံများအပြင် အစပေး၍ အော်ဒါအပ်နိုင်သည်။ သို့မဟုတ် သူ့ဆိုင်မှာ အဆင်သင့်ရှိသော အစများမှ ကြိုက်တာရွေးချယ်၍လည်း အပ်နိုင်၏။ ကိုယ်ကြိုက်သော အစကို ရွေးပြီးလျှင် ဆိုင်ရှင် ဦးမြမောင်ကိုယ်တိုင်
တိုင်းပေးသည်။ တစ်ခါတစ်ရံ ဆိုင်ရှိ စက်ချုပ်ဆရာတစ်ယောက်က ပေကြိုးဖြင့်တိုင်းသည်။ တိုက်ပုံတစ်ထည် ချုပ်ဖို့အတွက် တိုင်းလိုက်သမှ ခါးတိုင်းသည်။ ရင်ဘတ်တိုင်းသည်။ လည်ပင်းတိုင်းသည်။ ပခုံးတိုင်းသည်။ လက်ဖျံအိုးတိုင်းသည်။ လက်ကောက်ဝတ် တိုင်းသည်။ နောက်ကျောလည်ကုပ်အစပ်မှသည် တင်ပါး မီးညှောင့်ရိုးအထိ တိုင်းသည်။ ပခုံးအစွန်းမှသည် လက်ကောက်ဝတ်ကျော်ကျော်အထိ တိုင်းသည်။ထို့နောက် ပြေစာမှာ ထိုအတိုင်းအထွာတွေကို ရေးမှတ်ပေးပြီး ကိုယ်ရွေးချယ်ထားသော အထည်စလေးကို လက်မလောက်ဖြတ်ကာ ပြေစာတွင် စတက်ပလာဖြင့် ချုပ်ပေးလိုက်၏။ ရက်ချိန်းမရောက်မချင်း ပြေစာလေးကို တစ်ကိုင်ကိုင်နှင့် ရင်ခုန်လိုက်ရတာ အမော…။ ပြေစာပါ ရက်ချိန်းအတိုင်း အတိအကျရသည်။ စနစ်ကျသည်။ စိတ်ရှည်လက်ရှည်တိုင်းကာ စေတနာပါပါ ချုပ်ထားလို့ အပိုအလိုမရှိ ပုံပန်းကျနသည်။ စိတ်တိုင်းကျသည်။ ဈေးချိုတော်မြောက်မလွယ်ပေါက်က မြဂုဏ်ရောင်သည် ယခု ဈေးချိုတိုက်တန်းကြီး မြေညီထပ်နှင့် မင်္ဂလာလမ်းက ပင်ရင်းဆိုင်အပါအဝင် ဆိုင်ခွဲများဖြင့် အောင်မြင်နေဆဲဖြစ်ပါ၏။

ကြုံသဖြင့်ပြောရဦးမည်။ ကုန်လွန်ခဲ့သော နှစ်၂၀လောက်က ကျွန်တော့်သားငယ် ၈ တန်းကျောင်းအတတ်မှာ ကျောင်းဝတ်အင်္ကျီအဖြူရောင်လိုချင်သဖြင့် ၂၆ လမ်းပေါ်က ကိုရီးယားတံဆိပ်နာမည်နှင့်ချုပ်ပြီး အထည်များရောင်းချသောဆိုင်သို့ ဝင်ကြည့်သည်။ ကျွန်တော်က ချုပ်ပြီး အဖြူရောင်အင်္ကျီတွေ ကြည့်သည်။ အရောင်းစာရေးမများ စကားပြော မပျက်ကြ။ သူတို့စကားဝိုင်း လက်စသတ်မှ ကိုယ်လိုချင်တာ မေးရသည်။ မဖြေချင်ဖြေချင်။ မထချင်ထချင် ထပြီး ကောင်တာဖွင့်သည်။ အင်္ကျီတစ်ထည်ပြသည်။ ဆိုက်ကြီးသည်။ ဒီထက် ဆိုက်သေးတာပြပါဟု ဆိုသည်နှင့် မရှိတော့ဘူးတဲ့။ ဒါအသေးဆုံးပဲတဲ့။ချေချေငံငံမရှိလှ။ ကျွန်တော်ပြန်ခဲ့ကာ ဈေးချိုဝင်သည်။ တိုက်တန်းကြီးမြေညီထပ်က မြဂုဏ်ရောင်ကို ဝင်သည်။ ကြိတ်ကြိတ်တိုးနေ၏။ ဈေးရောင်းချနေရာမှ ကျွန်တော့်ကိုမြင်တော့ ““အစ်ကိုကြီး ဘာလိုချင်ပါသလဲ ခင်ဗျာ”ဟု ပျာပျာသလဲမေးသည်။ ကျောင်းဝတ်အင်္ကျီအဖြူဆိုတော့ ဘယ်အရွယ်ဝတ်မှာပါလဲတဲ့။ ၁၃ နှစ်အရွယ်ပါဟု ဆိုတော့ လူကထွားသလား၊ သေးသလားခင်ဗျာဟု သေချာအောင်မေးသည်။ကျွန်တော်က နည်းနည်းသေးတယ်ဟုပြောသည်နှင့် အင်္ကျီဆိုက်ကို တစ်ခါတည်းပြောပြီး အရောင်းဝန်ထမ်းတွေက ထိုဆိုက်အင်္ကျီ အထပ်လိုက်ပြသည်။ ဖြန့်ပြလိုက်တာနဲ့ ကွက်တိ။ ဘာမှရွေးစရာမလို။ ဘယ်လောက်ကျသလဲမေးတော့ ဈေးကလည်းသင့်တင့် ချိုသာနေသည်။ စိတ်ချမ်းသာလှချည့်။ ငွေချေသောအခါ ပြန်အမ်းရမည့်ငွေအတွက်။ ““အစ်ကိုကြီးရေ အစ်ကိုကြီးပေးတဲ့ငွေနဲ့ဆိုရင် စွပ်ကျယ် တစ်ထည်ရသေးတယ်။ ယူလိုက်မလား”ဟုမေး၏ အဆင်သင့်ပါဘိ။ စွပ်ကျယ် တစ်ခါတည်း ယူခဲ့သည်။ ပြန်မအမ်းနဲ့တော့ပေါ့။ ကိုင်း ဒီဈေးသည်တွေက မန္တလေး၏ မူလလက်ဟောင်း ဈေးချိုတော်ကြီး၏ ဂုဏ်ကျက်သရေဖြစ်သော ဈေးရောင်းဈေးဝယ်ပညာကို လက်ဆင့်ကမ်း အမွေဆက်ခံခဲ့ကြခြင်းဖြစ်သည်။ စေတနာက အဓိကဖြစ်ချေ၏။ စိတ်ရင်းစိတ်ဓာတ်က အဓိကဖြစ်ချေ၏။ အပေါက်ဝက တောင့်တောင့်ကြီး ရပ်စောင့်ပြီး စက်ရုပ်တစ်ရုပ်လို“မင်္ဂလာပါ” ဟု အသံထွက်ပြစရာမလို။ အလုပ်နှင့် သက်သေပြခဲ့ကြသည်။

ကျွန်တော်ဖြင့် မူလ လက်ဟောင်းဈေးချိုကို လွမ်းလှချည့်။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW