ရထားတစင်း ထပ်ပြီးမိုင်းဆွဲခံရလို့ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေ ယာယီ ရပ်နားပြန်

ဇန်နဝါရီ ၃ – ၂၀၂၃
SN (VOM)

မွန်ပြည်နယ်၊ ပေါင်မြို့မှာ ဇန်နဝါရီ ၂ ရက် (မနေ့က) မနက် ၇ နာရီ ၁၀ မိနစ်ခန့်က ကုန်တင်ရထားတစင်း ထပ်ပြီး မိုင်းဆွဲခံရတာကြောင့် ရန်ကုန် – မော်လမြိုင် မီးရထားခရီးစဉ်တွေကို ယာယီ ရပ်နားလိုက်တယ်လို့
နစက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

ပေါင်-ပဲခူးမြို့ဟောင်း ခရီးစဉ်အဖြစ် ဇန်နဝါရီလ ၂ ရက်၊ မနက် ၇ နာရီ ၁၀ မိနစ်ခန့်က ပေါင်မြို့နယ်၊ ဇင်းကျိုက်ဘူတာကနေ ကျောက်တွေ တင်ပြီး ထွက်လာတဲ့ ကုန်ရထားတွဲဆိုင်းဟာ သထုံမြို့နယ်၊ ဂေါ့ကျေးရွာ ကွင်းကူးတိုးဂိတ်အနီး မီးရထားလမ်း မိုင်တိုင် (၁၄၁) အနီးမှာ ရီမုမိုင်း ၁ လုံး ဖောက်ခွဲခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့လို အဝေးထိန်းခလုတ်နဲ့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ကုန်ရထားတွဲ၊ လူနဲ့ ပစ္စည်းတို့ ထိခိုက်ပျက်စီးမှု မရှိပေမယ့် ကုန်ရထားတွဲ ၃ တွဲ လမ်းချော်ခဲ့ပြီး ရထားသံလမ်း ၂ ချောင်း ၆ ပေခန့်နဲ့ ကွန်ကရစ်ဇလီဖားတုံး ၂ တုံးတို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် လက်ရှိမှာ ရန်ကုန်နဲ့ မော်လမြိုင်တို့ကနေ ထွက်ခွာကြမယ့် မီးရထားခရီးစဉ်တွေကို ယာယီ ရပ်နားထားတယ်လို့ သိရပါတယ်။

“လုံခြုံရေးကြောင့် ရထားခရီးစဥ်တွေကို ဖျက်သိမ်းလိုက်တာလို့ သိရတယ်။ ပြီးခဲ့တဲ့လကလည်း ဖြစ်သေးတယ်။ အခုတခါ ထပ်ဖြစ်ပြန်ပြီ။ အခုလိုတွေ ခဏခဏ ဖြစ်နေတော့ လမ်းတွေက မလုံခြုံ၊ အဲ့ဒီတော့ သွားရေးလာရေးကလည်း ခက်နေဦးမှာပါ” လို့ ခရီးသွားပြည်သူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်ကလည်း အဲ့ဒီရထားလမ်းပိုင်းမှာ အခုလိုဖြစ်စဥ် ဖြစ်ပွားခဲ့တဲ့အတွက် ရထားလမ်းပိုင်း၊ ရထားလမ်းကူးတံတားနဲ့ ရထားတွဲတွေ ပျက်စီးခဲ့တာကြောင့် ရထားခရီးစဉ်တွေ ခေတ္တရပ်နားပြီး လူစီးရထားတွေအတွက် လက်မှတ်ခ ပြန်အမ်းတာတွေရှိခဲ့ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်မှာ ရထားခရီးစဉ်ကို ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲခဲ့တာဖြစ်ပြီး ၁၈ ရက်အကြာမှာတော့ အခုလို အလားတူ ဖြစ်ရပ်မျိုး ပြန်လည် ဖြစ်ပွားခဲ့တာပါ။

“ရထားစီးတာက အချိန်ကုန်သက်သာသလို ငွေကုန်လည်း သက်သာတယ်။ ဒါ့ကြောင့် များသောအားဖြင့် ရထားခရီးစဥ်ကိုပဲ ရွေးပြီး သွားဖြစ်တာများတယ်။ အခုလိုတွေဖြစ်နေတော့ လမ်းခရီးမှာ စိတ်မချရတော့ဘူးပေါ့။ ရှေ့လျှောက် အခြေအနေတွေက ဘာဖြစ်လာမယ်ဆိုတာလည်း ပြောလို့မရသေးတော့ အရေးပေါ်ခရီးကလွဲလို့ ဖြစ်နိုင်ရင် ဘယ်ခရီးမှ မသွားတာပိုကောင်းမယ်”လို့ နောက်ထပ် ခရီးသွားပြည်သူတဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်၊ ည ၈ နာရီအချိန်ခန့်ကလည်း ပေါင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ မုကျိကျေးရွာ၊ မဟာဗောဓိ ပေါ်တော်မူစေတီတော် အနောက်ဘက်အနီးရှိ ရန်ကုန် – မော်လမြိုင် မီးရထားလမ်း၊ မိုင်တိုင်အမှတ် (၁၆၂/၈)အနီးက တံတားအမှတ် (၁၂၅)လည်း မိုင်းဖောက်ခွဲ ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်၊ ည ၁၁ နာရီအချိန်ခန့်ကလည်း ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာအနီး ရထားလမ်း မိုင်းခွဲခံရတာကြောင့် ရထားလမ်းပျက်စီးပြီး မော်လမြိုင်ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ လူစီးမီးရထားရဲ့ရထားတွဲ ၂ တွဲ လမ်းချော်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပေါင်မြို့ #ရထားမိုင်းဆွဲခံရ

Related posts

Leave a Comment

VOM News

FREE
VIEW