ဆိုက်ခေါင်မြို့မဈေးထဲက ရွှေဆိုင် ဓားပြတိုက်ခံရ ၊ သိန်း ၁ ထောင်ကျော်ဖိုးပါသွား

ဇန္နဝါရီ ၊ ၄ ၊ ၂၀၂၃
SP (VOM)

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ၊ ဆိုက်ခေါင်မြို့ ၊ မြို့မစျေးထဲက ရွှေဆိုင်မှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က ဓားပြတိုက်ခံရတယ်လို့ စျေးသည်တွေဆီက သိရပါတယ်။

” စျေးထောင့်နားက ရွှေဆိုင် ဓားပြတိုက်ခံရတာဖြစ်တယ် ၊ တိုက်တဲ့သူက သေနတ်အတိုနဲ့ တယောက်ထဲတိုက်တာပါ ၊ ရွှေထည်ပစ္စည်းမျိုးစုံ ၅၀ သားလောက်ပါသွားတာ”လို့ မြို့မစျေးသည် တယောက်က ပြောပါတယ်။

အဲ့ဒီ ဓားပြတိုက်ခံရတဲ့ရွှေဆိုင်နဲ့ နီးစပ်သူ ရွှေလုပ်ငန်းရှင် တယောက်က ” ဆိုင်ကယ်စီး ဦးထုပ်စောင်းထားပြီး ၊ Mask တပ်ထားတဲ့ လူတယောက်က သေနတ်နဲ့ချိန်ပြီး ဓားပြတိုက်သွားတာပါ ၊ ရွှေထည်ပစ္စည်းမျိုးစုံ ၄၀ ကျပ်သားကျော် ခန့်မှန်းကာလတန်ဖိုး သိန်း ၁ ထောင်ကျော်ဖိုးပါသွားတယ် ၊ အခုထိတော့ ဖမ်းမိတာ မရှိသေးဘူး”လို့ ပြောပါတယ်။

ဆိုက်ခေါင်မြို့ ၊ မြို့မစျေးထဲက ရွှေဆိုင် ဓားပြတိုက်ခံရပြီးနောက် မိနစ်ပိုင်းအကြာမှာ အဲ့ဒီ နေရာကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပအိုဝ်းပြည်သူ့စစ်တွေ ရောက်လာပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဆိုက်ခေါင်မြို့မစျေးထဲက စျေးသည်အများစု ဆိုင်တွေပိတ်သိမ်းသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လက ဆီဆိုင်မြို့နယ်မှာ ကားတစ်စီး ဓါးပြတိုက်ခံရတာ ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ဆိုက်ခေါင်မြို့မစျေး #ရွှေဆိုင်ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW