လွိုင်ကော်နဲ့ ဒီမော့ဆိုမှာ လက်နက်ကြီးကျလို့ ၁ယောက်သေ၊၂ယောက်ဒဏ်ရာရခဲ့

ဇန်နဝါရီ ၄ – ၂၀၂၃
GG (VOM)

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်က စစ်ရှောင်စခန်းတခုနဲ့ လွိုင်ကော်မြို့နယ်ထဲက ရွာတရွာမှာ လက်နက်ကြီးကျပြီး ၁ ယောက်သေဆုံးကာ ၂ ယောက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့၊ ချိကယ်အုပ်စုအနောက်ဘက်ခြမ်း၊ ဒေါမူကလားရွာထဲကို မနေ့ ဇန်နဝါရီ ၃ရက် နေ့လယ်ပိုင်းမှာ လက်နက်ကြီး ၄ ကြိမ်ကျရောက်ကာ ဒေသခံရွာသား၂ယောက် မိုင်းစထိမှန်ပြီး ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်းနဲ့ လက်ရှိမှာတော့ စိုးရိမ်စရာမရှိဘူး လို့သိရပါတယ်။

” လွိုင်ကော်မှာ ပထမ လက်နက်ကြီးထိတဲ့သူကိုတော့ ရွာသားတွေကပဲ ဆေးရုံပို့လိုက်တယ်။နောက်တယောက်ကိုတော့ ပရဟိတအသင်းတခုက ပို့လိုက်တယ်။ ပရဟိတအသင်းကပို့လိုက်တဲ့သူကတော့ ဒေါမူကလားရွာကပဲ ဦးဦးရယ် ပါ။အသက်ကတော့ ၆၅ နှစ်ပါ။ လောလောဆယ် လွိုင်ကော်ဘက်မှာ တိုက်ပွဲဖြစ်နေတာမျိုးမကြားမိဘူးဗျ”လို့ လွိုင်ကော်ဒေသခံတဦးကပြောပြပါတယ်။

နောက်ပြီး ဇန်နဝါရီလ ၃ ရက်နေ့ ညပိုင်းမှာပဲ
ဒီမော့ဆိုမြို့က ၊ထွီးဆို(ထုံးကျောက်တောင်) စစ်ရှောင်စခန်းပေါ်ကိုလည်း လက်နက်ကြီး ၂ ကြိမ် ကျရောက်ပေါက်ကွဲခဲ့လို့ စစ်ဘေးရှောင်နေတဲ့အမျိုးသမီးတဦးရဲ့ပေါင်ကို လက်နက်ကြီး ထိမှန်ကာ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ရှောင်စခန်းမှာ လက်နက်ကြီးထိမှန်သေဆုံးသူက ဒေါနိုကူးရွာ နေထိုင်သူ ဒေါ်စူးမြာဆိုသူ ဖြစ်ပြီး ၊ အသက်က ၅၅နှစ်အရွယ် ဖြစ်တယ်လို့သိရပါတယ်။

ကယားပြည်နယ်မှာ ပြီးခဲ့တဲ့၂၀၂၂ခု နှစ်တုန်းကဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအကြားမှာ အရပ်သားပြည်သူသေဆုံးမှု ၂၉၃ ယောက်ရှိခဲ့ပြီး စစ်ဘေးရှောင်နေစဥ် သေဆုံးသူက ၁၂၆ ယောက်နဲ့ ပျက်စီးခဲ့တဲ့ဘာသာရေးအဆောက်အဦ၂၇ လုံး၊ပျက်စီးခဲ့တဲ့ အိမ်ပေါင်းက ၁၃၀၉ လုံးနဲ့ ဖမ်းဆီးခံခဲ့ရသူက ၃၀၀ နီးပါးရှိခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။

Photo – LKW
#voiceofmyanmar #VOM #ကယား #လက်နက်ကြီးကျရောက်ပေါက်ကွဲမှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW