သူရဦးအောင်ကို၊ ဒေါ်သန်းမြင့်အောင်နဲ့ ဦးထင်လင်းဦးတို့ ပြန်လွတ်လာတယ်လို့ သတင်းထွက်ပေမယ့် သူရဦးအောင်ကို တဦးသာ နေအိမ်ပြန်ရောက်နေ

ဇန်နဝါရီ ၄ -၂၀၂၃
SN (VOM)

သူရဦးအောင်ကို၊ ဆရာမဒေါ်သန်းမြင့်အောင်နဲ့ ဆရာထင်လင်းဦးတို့ အကျဉ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

အရင် NLD အစိုးရလက်ထက်မှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သူရဦးအောင်ကိုဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အဂတိလိုက်စားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှာ အလုပ်နဲ့ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

“ဇန်နဝါရီ ၃ ရက်နေ့ ညပိုင်းကတည်းက ပြန်လည်လွတ်မြောက်လာတာပါ။ ရဲတွေကိုယ်တိုင် နေအိမ်ကို ပြန်ပို့ပေးခဲ့တာပါ။ သွေးအားနည်း၊ နှလုံးကြီးတဲ့ရောဂါတွေနဲ့ ကျန်းမာရေးတော့ သိပ်မကောင်းဘူး”လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

NLD အစိုးရလက်ထက်မှာ ရန်ကုန်တိုင်း စည်ပင်သာယာကော်မတီဝင် တာဝန်ကိုထမ်းဆောင်ခဲ့တဲ့ စာရေးဆရာမဒေါ်သန်းမြင့်အောင်ကတော့ တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်လုပ်ဆောင်မှုနဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

“ဆရာမဒေါ်သန်းမြင့်အောင်က ပြန်လွတ်လာပြီဆိုပေမယ့် အခုထိ အိမ်ပြန်မရောက်သေးဘူး”လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒါ့အပြင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတဲ့ စာရေးဆရာထင်လင်းဦးလည်း လွတ်မြောက်တဲ့စာရင်းမှာ ပါဝင်နေတယ်လို့သိရပေမယ့် အိမ်ပြန်မရောက်သေးဘူးလို့ သိရပါတယ်။

လက်ရှိမှာတော့ သူရဦးအောင်ကို တဦးတည်းသာ အိမ်ပြန်ရောက်ပြီး ကျန်တဲ့သူတွေကတော့ လွတ်မြောက်တဲ့ သတင်းသာ ကြားသိရပြီး အိမ်ပြန်မရောက်ကြသေးတဲ့အတွက် မိသားစုဝင်တချို့ အကျဉ်းထောင်ရှေ့ သွားရောက်စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။

နစက က ဒီနေ့ လွတ်ပေးတဲ့သူတွေကို ကြေညာချက်နဲ့ ထုတ်ပြန်လွှတ်ပေးတာမျိုးမဟုတ်ဘဲ သီးခြားလွှတ်ပေးတာလည်းဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သူရဦးအောင်ကို #ဒေါ်သန်းမြင့်အောင် #ဦးထင်လင်းဦး #လွတ်ငြိမ်းသက်သာ

Related posts

Leave a Comment

VOM News

FREE
VIEW