ပတ်စပို့ရုံး ဒီနေ့ ပြန်ဖွင့်ပေမယ့် စာအုပ်အသစ် လုပ်မပေး ၊ ဗုဒ္ဓဂါယာဘုရားဖူး နဲ့ MOU အတွက်သာ လုပ်ပေးနေ

ဇန်နဝါရီ ၅ – ၂၀၂၃
GG (VOM)

ရန်ကုန် ပတ်စ်ပို့ရုံး ဒီနေ့ဇန်နဝါရီလ ၅ ရက်နေ့မှာ ပြန် ဖွင့်ပေမယ့် စာအုပ်အသစ်ထုတ်မပေးဘဲ MOU စနစ်အလုပ်သမားတွေနဲ့ ဗုဒ္ဓဂါယာဘုရားဖူး ခရီးစဥ်အတွက်သာ စာအုပ်ပြုလုပ်ပေးနေတယ်လို့ ဒီကနေ့မှာ စာအုပ်လုပ်ဖို့ပတ်စ်ပို့ရုံးရှေ့ရောက်ခဲ့သူတွေဆီကသိရပါတယ်။

QR ကုဒ်ရပြီးသူတွေနဲ့ စလစ် ရပြီးသူတွေ၊စာအုပ်အသစ်လုပ်မယ့်သူတွေအတွက် စာအုပ်အသစ်ထုတ်ပေးခြင်းကို ရက်သတ်မှတ်ပြီး website ကနေကြေညာပေးမှာဖြစ်ကြောင်း ပတ်စ်ပို့ရုံးဘက်က ပြောဆိုတယ်လို့ သိရပါတယ်။

“အခု သူတို့​ရုံးဖွင့်တာက MOU နဲ့ဗုဒ္ဓဂါယာဘုရားဖူးတွေအတွက်ပါတဲ့ ၊ လိုင်းကိုအမြဲဖွင့်ထားပါတဲ့ ၊ပြန်ဖွင့်တဲ့ရက်ကျရင် သူ့date နဲ့သူပြန်ချိန်းပေးမယ့်ရက်ကို လိုင်းပေါ်မှာကြော်ငြာပေးမယ်တဲ့၊ စာအုပ်ကလည်း ပြန်ဖွင့်တဲ့ရက်မှ ထုတ်ပေးပါမယ်တဲ့ရှင့် ။ဘာမှမလုပ်ရဘဲပြန်လာရပါတယ်”လို့ ဒီနေ့ ဇန်နဝါရီ ၅ရက်နေ့မှာ ပတ်စ်ပို့ရုံးပြန်ဖွင့်မယ်ဆိုလို့ သွားရောက်ခဲ့သူတဦးကပြောပါတယ်။

ပတ်စ်ပို့ရုံးတွေကနေ ပတ်စ်ပို့စာအုပ်တွေထုတ်ပေးမယ့်ရက်ကို အတိအကျထုတ်ပြန်ခြင်းမရှိတာကြောင့် အွန်လိုင်း ဘိုကင်စနစ်ကနေ QR ကုဒ်ရပြီးသူတွေ၊ စလစ်ရပြီးသူတွေ အပါအဝင် နိုင်ငံခြားထွက်ဖို့ ပြင်ဆင်နေသူတွေ၊ ပတ်စ်ပို့စာအုပ် လျှောက်ထားသူတွေ ဒုက္ခရောက်နေရတယ်လို့ သိရပါတယ်။

“အေးဂျင့်နဲ့လုပ်တဲ့လူတွေတော့ လည်ပင်းမှာ ကဒ်ပြားနဲ့တန်းစီပြီး အထဲခေါ်သွားကြတယ် ။ QR သမားတွေကျ ရက်အတိအကျလည်း ဘယ်နေ့ဖွင့်မလဲမသိရဘူး။ အဲ့ဒီတော့ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး။ အကုန်ဒုက္ခရောက်တာပေါ့။ နယ်ကနေလာစောင့်ရတဲ့သူတွေဆို ပိုဆိုးတယ်။ အခုချိန်စာအုပ်ရမယ်ဆိုရင် မယုံကြပါနဲ့လို့ပဲပြောချင်တယ် ။ကျနော်ဆို ဒီနေ့ QR ရပြီးသားပါ ဒါပေမယ့်ဘာမှလုပ်မရဘူး “လို့ ပတ်စ်ပို့ လုပ်ဖို့စောင့်နေသူ နောက်ထပ် တဦးကပြောပါတယ်။

ရန်ကုန် အပါအဝင် ကျန်နေရာအသီးသီးက နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးတွေကိုတော့ အခုလ ဇန်နဝါရီ၂ ရက်နေ့မှာ ရုတ်တရက် ပိတ်လိုက်ကာ ၊ system အဆင့်မြှင့်တင်ခြင်းဆောင်ရွက်ဖို့ လုပ်ငန်းစဥ်တွေရပ်ဆိုင်းပြီး ရုံးတွေကို ပိတ်တာဖြစ်တယ်လို့ ပတ်စ်ပို့ရုံးဘက်က အသိပေးခဲ့ပါတယ်။

ပတ်စ်ပို့ ရုံးတွေပြန်လည်ဖွင့်မယ့်ရက်ကိုတော့ အခုချိန်အသိပေးကြေညာခြင်းမျိုးမရှိသေးဘဲ ဒီနေ့မှာ ပတ်စ်ပို့ရုံးပြန်ဖွင့်မယ်ဆိုတဲ့သတင်းကြောင့် ပတ်စ်ပို့ ရုံးအရှေ့ကို စာအုပ်လုပ်ဖို့လာရောက်ခဲ့ကြသူတွေရှိခဲ့တယ်လို့ သိရပါတယ်

Photo -CJ
#voiceofmyanmar #VOM #ရန်ကုန် #ပတ်စ်ပို့ရုံးဒီနေ့ပြန်ဖွင့် #စာအုပ်ထုတ်မပေး #ဗုဒ္ဓဂါယာဘုရားဖူးနဲ့MOUသာလုပ်ပေးနေ

Related posts

Leave a Comment

VOM News

FREE
VIEW