လားရှိုးထောင်ကနေ သတင်းထောက် ၊ နိုင်ငံရေးအမှုနဲ့ အပါအဝင် အကျဉ်းသား ၁၀၀ ကျော် ပြန်လွတ်လာ

ဇန်နဝါရီ ၅၊ ၂၀၂၃
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး အကျဉ်းထောင်ကနေ မနေ့က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်မှာ သတင်းထောက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၁၀၀ ကျော် ပြန်လွတ်လာတယ်လို့ ‌မျက်မြင်ဒေသခံတွေဆီက သိရပါတယ်။

“ဟုတ် အမ်ဖောင် လွှတ်ပြီ။ ရှမ်း/မြောက် က ဘယ်နှယောက်လဲ တော့မသိဘူး။ နိုင်/ကျဥ်း ၁၈ ယောက်ပါတယ်”လို့ မျက်မြင် ဒေသခံ တဦးက ပြောပါတယ်။

လားရှိူးထောင်ကနေ ပြန်လွှတ်လာသူတွေထဲမှာ အမျိုးသမီး ၂၇ ဦးနဲ့ အမျိုးသား ၇၄ ဦး၊ အားလုံး ၁ဝ၁ ဦးရှိပြီး အဲဒီထဲမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၈ ဦးပါဝင်တယ်လို့ သိရပါတယ်။

ရွှေဖီမြေ သတင်းထောက်‌ဟောင်း လွေးအမ်ဖောင်က ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာ၂၅ ရက် ည ၁၂ နာရီကျော်က လားရှိုးမြို့ထဲမှာ ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၂ ဧပြီလ ၇ ရက်နေ့မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ လားရှိုးအကျဉ်းထောင်တွင်း တရားရုံးက ထောင်ဒဏ် ၂ နှစ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

လွတ်မြောက်လာသူတွေထဲမှာ မူဆယ်ဘက်က နိုင်ငံရေးအကျဉ်းသားတွေတော့ မပါဘူးလို့ ရှေ့နေတဦး က ပြောပါတယ်။

“မူဆယ်ကတော့ တယောက်မှ မပါဘူး။ တခြားကျတော့ လားရှိုးက လွှတ်တာဆိုတော့လေ မပြောတတ်ဘူး။ နိုင်ငံရေးအကျဉ်းသားကတော့ မပါဘူး။” လို့ သူက ပြောပါတယ်။

မနေ့က ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ပြစ်ဒဏ်ကျခံနေရသူ ၇,ဝ၁၂ ဦး ပြန်လွတ်ပေးလိုက်တာဖြစ်တယ်လို့ နစကရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Photo Crd- Original Uploader
#voiceofmyanmar #VOM #လားရှိုး #လွတ်ငြိမ်း #သတင်းထောက်၊နိုင်ကျဥ်းအပါအဝင် #၁၀၀ကျော်ပြန်လွတ်

Related posts

Leave a Comment

VOM News

FREE
VIEW