ပခုက္ကူမြို့မှာ ဓားပြတိုက်နေတဲ့အချိန် အပြန်အလှန် ပစ်ကြလို့ ဓားပြ ၁ ဦး အသေဖမ်းမိ

ဇန်နဝါရီ ၆ -၂၀၂၃
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၁၅ ရပ်ကွက် ၊ သပြေ ၄ လမ်းမှာ ဒီကနေ့ မနက် ၂ နာရီဝန်းကျင်က လုံခြုံရေးအဖွဲ့နဲ့ ဓားပြတိုက်နေသူတွေ အပြန်အလှန် ပစ်ခတ်ကြပြီး ဓားပြတယောက် အသေဖမ်းမိတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။

” ၁၅ ရပ်ကွက် ၊ သပြေ ၄ လမ်းထဲက ဒေါ်မြင့်မြင့်ဌေး ရဲ့နေအိမ်ကို လူငယ် ၄ ယောက်က သေနတ် အတို ၁ လက် ဓားပြဝင်တိုက်တယ် ၊ အဲ့ဒီ အချိန်မှာ လုံခြုံရေးအဖွဲ့ရောက်လာပြီး ပစ်ခတ်တယ် ၊ ဓားပြ ၃ ယောက်က ထွက်ပြေးသွားပြီး ဓားပြ တယောက်က အသေဖမ်းမိတာ”လို့ ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဓားပြက အိမ်ရှင်ကို ရိုက်နှက်ပြီး ပိုက်ဆံထုတ်ခိုင်းနေတာကို ပတ်ဝန်းကျင်က သိရပြီး၊အဲ့ဒီကတဆင့် လုံခြုံရေးအဖွဲ့တွေ သွားရောက်တဲ့အခါ ဓားပြ ၃ ယောက် ထွက်ပြေးသွားပြီး တယောက် အသေဖမ်းမိတယ် ၊ အိမ်ရှင် ဒေါ်မြင့်မြင့်ဌေးနေအိမ်က ငွေကျပ် ၇ သိန်း၊ ၁ မတ်သားခန့် ရွှေနားကပ် ၁ ရံ၊ Huawei အပြာရောင် လက်ကိုင်ဖုန်း၁ လုံး၊ I Phone 12 ProMax အဖြူရောင် လက်ကိုင်ဖုန်း ၁ လုံး၊ Tecno အစိမ်းရောင်လက်ကိုင်ဖုန်း ၁ လုံး နှင့် Redmi အနီရောင်လက်ကိုင်ဖုန်း ၁ လုံးပါသွားတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ပခုက္ကုမြို့၊အမှတ် ၁၁ ရပ်ကွက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်း ဇန်နဝါရီ ၃ ရက် ညပိုင်းကလည်း ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

ပခုက္ကူခရိုင် ၊ ဆိပ်ဖြူ ၊ ပေါက် ၊ ရေစကြို ၊ မြိုင် စတဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၂ အတွင်း ဓားပြမှု နဲ့ လုယက်မှု ၈၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ #ဓားပြတိုက်မှု #အပြန်အလှန်ပစ်ခတ် #လူတဦးသေ

Related posts

Leave a Comment

VOM News

FREE
VIEW