ရန်ကုန်ကနေ မော်လမြိုင်ကို မောင်းလာတဲ့ ‘သီဟမင်း’မှန်လုံယာဉ် မိုင်းဆွဲခံရ

ဇန်နဝါရီ ၆ – ၂၀၂၃
SN (VOM)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာအနီးမှာ မနေ့ ဇန်နဝါရီ ၅ ရက် ည ၁၀ နာရီခွဲဝန်းကျင်က ရန်ကုန်ကနေ မော်လမြိုင်ကို မောင်းလာတဲ့ ‘သီဟမင်း’မှန်လုံယာဉ်ဟာ မိုင်းဆွဲခံခဲ့ရပြီး သေနတ်တွေနဲ့လည်း ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဥ်ကြောင့် ကားမောင်းသူရဲ့ ညာဘက်မျက်လုံး မိုင်းစထိမှန်ဒဏ်ရာ၊ ယာဥ်နောက်လိုက်မှာ ညာဘက်ပါး ပေါက်ပြဲနဲ့ သွားကျိုးဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

“ဒီဖြစ်စဉ်ကတော့ဟုတ်ပါတယ်။ အခင်းဖြစ်တဲ့အချိန် ကားပေါ်မှာ ခရီးသည်တွေတော့ ပါမသွားဘူးလို့‌တော့သိရတယ်။ အသေးစိတ်ကိုတော့ ပြောလို့မရသေးပါဘူး”လို့ သီဟမင်း ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ယာဉ်မောင်းနဲ့ ယာဥ်နောက်လိုက်တို့ကို လုံခြုံရေးအဖွဲ့ဝင်တွေက သထုံမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကပြုလုပ်တာလဲဆိုတာကိုတော့ VOMအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ဇန်နဝါရီ ၂ ရက်နေ့၊ မနက် ၄ နာရီခွဲဝန်းကျင်ကလည်း ရန်ကုန်ကနေ မြိတ်မြို့ကို မောင်းနှင်လာတဲ့ ရွှေဝယ်သူ ခရီးသည်တင် မှန်လုံကားတစီးကို လူတစုက ရေး – ထားဝယ်ကားလမ်းပိုင်း မလွှဲတောင်မရောက်မီ ကနင်ကမော့ကျေးရွာအနီးမှာ သေနတ်ပစ်ဖောက် တားဆီးပြီး ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #သထုံ #ခရီးသည်တင်ကား #မိုင်းဆွဲခံရ

Related posts

Leave a Comment

VOM News

FREE
VIEW