ရန်ကုန်က ထုံဟုန်သတ္ထုအရည်ကြိုစက်ရုံထဲ ပေါက်ကွဲမှုဖြစ်ပြီး အလုပ်သမားတယောက်သေဆုံး၊ တယောက်ဒဏ်ရာရ

ဇန်နဝါရီ ၆- ၂၀၂၃
GG(VOM)

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ (၁၁၁) ရပ်ကွက်၊ ဒဂုံအရှေ့ စက်မှုဇုန်ထဲက ဖန်ချက်ဝန်ဦးညွန့်လမ်းမှာ ရှိတဲ့ ထုံဟုန် သတ္ထု အရည်ကြိုစက်ရုံမှာ ဒီနေ့ ဇန်နဝါရီ ၆ ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အလုပ်သမား ၁ ယောက်သေဆုံးကာ ၁ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အရည်ကြိုစက်ရုံထဲမှာ သတ္ထုဘလောက်တုံးကို ဖြတ်တောက်ချိန် ဘလောက်တုံးအတွင်းထဲမှာ ဂက်စ်ဘူးပါလာပြီး ပေါက်ကွဲမှုဖြစ်တာဖြစ်ကြောင်း၊ အဲ့ဒီပေါက်ကွဲမှုကြောင့် စက်ရုံအလုပ်သမား ၂ ယောက်အနက်တယောက်သေဆုံးကာ တယောက်ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” မနက် ၉ နာရီလောက်ကဖြစ်တာ။ ပေါက်ကွဲသံကတော့ တော်တော်ကျယ်တယ်။ သေတဲ့သူက မျက်နှာ၊ ရင်ဝ၊ ညာဘက်ယက် ၊ညာဘက်ခြေထောက်မှာ ဒဏ်ရာရတယ်။ ဒဏ်ရာရသူကတော့ လက်နှစ်ဖက်လုံး ကျိုးကြေသွားတယ် ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေရတယ် သူလည်းစိုးရိမ်ရတယ်တဲ့၊ မီးသတ်ကလည်း လာကြတယ်။ ဘလောက်တုံးကိုဖြတ်ရင်းကနေ ထပေါက်တာလို့ သိရတယ် ” လို့ ဒဂုံမြို့သစ်အရှေ့ပိုင်း လူမှုကူညီရေးအသင်းတခုက ပရဟိတသမားတဦးကပြောပါတယ်။

အဲ့ဒီပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူဟာ စက်ရုံအလုပ်သမားဖြစ်သူ အသက် ၃၃ နှစ်အရွယ် ကိုသက်မျိုးဆိုသူ ဖြစ်ပြီး ဒဏ်ရာရရှိသူကတော့ အသက် ၄၅ နှစ် အရွယ်ကိုအောင်ကျော်သူဆိုသူဖြစ်တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် စက်ရုံကိုမီးသတ်တပ်ဖွဲ့ဝင်တွေ ရောက်လာသလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လည်းရောက်ရှိလာပြီးစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #သတ္ထုအရည်ကြိုစက်ရုံပေါက်ကွဲမှု #လူတဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW