ပခုက္ကူ ရွှေမု​​ဌောဘုရားအနီး ဧရာဝတီမြစ်ထဲ အမျိုးသမီးတဦး ခုန်ချမှုဖြစ်စဉ် ဆက်လက်ရှာဖွေနေရဆဲ

ဇန်နဝါရီ ၇ – ၂၀၂၃
SN (VOM)

မကွေးတိုင်း၊ ပခုက္ကူမြို့၊ ရွှေမုဌောဘုရားအနီးက ဧရာဝတီမြစ်ထဲကို မနေ့ ဇန်နဝါရီ ၆ နေ့၊ မနက် ၁၀ နာရီဝန်းကျင်က အမျိုးသမီးတဦး ခုန်ချသွားမှု ဖြစ်ခဲ့ပြီး လက်ရှိအချိန်အထိ ရှာဖွေနေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ့ဖြစ်စဉ်မှာ ရွှေမုဌောဘုရားအနီး မြစ်ကမ်းနံဘေးမှာ စက်ဘီးတစီး၊ ဆွဲခြင်းတောင်းတလုံး၊ အင်္ကျီတထည်နဲ့ ဖိနပ်တရံ ထားခဲ့တာကိုသာ တွေ့ရှိရပြီး အဲ့ဒီအမျိုးသမီး ရေထဲခုန်ချသွားတာကိုတော့ မျက်မြင်သက်သေ မရှိဘူးလို့ သိရပါတယ်။

“ရေစပ်မှာ ဖိနပ်လေးတရံနဲ့ ပစ္စည်းတွေတွေ့ရတဲ့ပုံစံအရသာ အမျိုးသမီးတဦးလို့ ခန့်မှန်းရတာ၊ သူခုန်ချသွားတယ်ဆိုတာကို ဘယ်သူမှ မတွေ့လိုက်ဘူးလို့ သိရတယ်။ အလောင်းပြန်တွေ့မှသာ ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်နိုင်မှာဖြစ်လို့ အခုအချိန်မှာတော့ ဆက်လက် ရှာဖွေနေဆဲပါပဲ”လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ လူမှုကူညီရေးအဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့က ဧရာဝတီမြစ်အတွင်း ရှာဖွေမှုတွေ လုပ်ဆောင်နေပြီး အခုအချိန်အထိ ရေထဲခုန်ချသွားတဲ့ အမျိုးသမီးဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာကို စုံစမ်းလို့ မရသေးဘူးလို့ သိရပါတယ်။

ရွှေမုဌောဘုရား ဂေါပကအဖွဲ့ကလည်း မြစ်အတွင်းခုန်ချခဲ့တယ်လို့ ယူဆရတဲ့ အမျိုးသမီးရဲ့ အဝတ်အစားနဲ့ အသုံးဆောင်တွေကို ဖော်ပြထားပြီး အဲ့ဒီအသုံးဆောင်ပစ္စည်းတွေကို သိရှိသူတွေအနေနဲ့ ဆက်သွယ်အကြောင်းကြားပေးဖို့ နှိုးဆော်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မကွေး #ရွှေမုဌောဘုရား #ဧရာဝတီမြစ်ထဲအမျိုးသမီးတဦး #ခုန်ချမှု

Related posts

Leave a Comment

VOM News

FREE
VIEW