ဗန်းမော်မြို့ရှောင်လမ်းမှာ ဘိလပ်မြေတင်လာတဲ့ကား တိမ်းမှောက်ပြီး လူ ၃ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

ဇန်နဝါရီ ၊ ၁၃ ၊ ၂၀၂၃
SP (VOM)

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ ဟန်တဲရပ်ကွက်၊ ဗန်းမော်မြို့ရှောင်ကားလမ်း၊ ရာဘာတောအနီးမှာ မနေ့ ဇန်နဝါရီ ၁၂ ရက် ညနေပိုင်းက ဘိလပ်မြေအိတ်တွေ သယ်လာတဲ့ ကုန်တင်ကား တစ်စီး တိမ်းမှောက်ပြီး လူ ၃ ဦး သေဆုံးကာ ၊ ၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ သုညသုခပရဟိတအသင်းဆီက သိရပါတယ်။

” ၃ မိုင်မြို့ရှောင်လမ်းမှာ မနေ့က ညနေပိုင်းမှာ ဖြစ်တာပါ ၊ အခင်းဖြစ်မှာ ပွဲချင်းပြီး သေဆုံးတာက အမျိုးသမီး ၂ ယောက်ဖြစ်တယ် ၊ ဒီမနက် ဆေးရုံမှာ နောက်ထပ် အမျိုးသမီး တယောက် ထပ်သေတယ် ၊ သေဆုံးသူတွေကတော့ ဒေါ်ဝင်းမာ ၅၀ နှစ် ၊ ဒေါ်သင်းသင်း ၄၅ နှစ်နဲ့ မစုမြတ်တိုး ၁၉ နှစ်တို့ဖြစ်တယ် ၊ ကားပေါ်မှာပါတာက အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ဖြစ်တယ် ၊ အမျိုးသမီး ၃ ယောက်စလုံး သေဆုံးပြီး ကျန် အမျိုးသား ၃ ယောက်ကတော့ ဒဏ်ရာရပဲရတယ်”လို့ သွားရောက် ကူညီကယ်ဆယ်ပေးခဲ့တဲ့ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ သေဆုံး ဒဏ်ရာရတဲ့ လူနာတွေကို သုည သုခ လူမှုကူညီရေးအသင်းက လူနာတင်ယာဥ် ၃ စီးနဲ့ ဗန်းမော်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဗန်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ရဲ့ ၁ နှစ်တာ ကာလအတွင်း ယာဥ်မတော်တဆမှုတွေကြောင့် သေဆုံရသူ ၁၄ ဦးထက်မနည်းရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဗန်းမော် #ယာဥ်တိမ်းမှောက် #လူသုံးဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW