ပြည်ပထွက်ဖို့ အခက်ကြုံနေတဲ့ မြန်မာလူငယ်‌တွေ

ဖေဖော်ဝါရီ ၄ – ၂၀၂၃
SN (VOM)

၂၀၂၁ ခုနှစ်ကာလအလွန် ပြည်တွင်းမှာ အလုပ်အကိုင်တွေ ရှားပါးလာတဲ့အတွက် မြန်မာလူငယ်တွေဟာ ပြည်ပနိုင်ငံတွေဆီမှာ အလုပ် လုပ်ကိုင်ဖို့ ထွက်ခွာနေကြတာပဲ ဖြစ်ပါတယ်။

လက်ရှိ မြန်မာလူငယ်တွေဟာ တရုတ်နဲ့ ထိုင်းနိုင်ငံ အပါအဝင် စင်ကာပူ၊ မလေးရှား၊ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေ၊ UAE ဒူဘိုင်းစတဲ့ အာရပ်စော်ဘွားနိုင်ငံတွေကို ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် ဒုနဲ့ဒေးဆိုသလို သွားရောက်နေကြတာပဲဖြစ်ပါတယ်။

ဒါပေမယ့် အခုကာလမှာ ပြည်တွင်းမှာရှိတဲ့ ပတ်စ်ပို့ရုံးတွေကို ပိတ်ထားတဲ့အတွက် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်နိုင်ဖို့ ဆိုတာက မြန်မာလူငယ်တွေအတွက် အတော်လေးကို ခက်ခဲလာတယ်လို့ ပြောရမှာပါ။ ဒီလို ပတ်စ်ပို့ရုံးတွေကို ပိတ်ထားတဲ့အတွက် ပတ်စ်ပို့စာအုပ်လုပ်မရလို့ EPSစနစ်နဲ့ ကိုးရီးယားသွားမယ့် အလုပ်သမားတွေ အခက်တွေ့ ဒုက္ခရောက်နေကြရတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ကိုးရီးယား-မြန်မာ လုပ်သားခေါ်ယူမှု EPS စနစ်နဲ့ အောင်မြင်သူဦးရေဟာ ၆၃၀၀ ဝန်းကျင် ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လုပ်သားအများစုက ပတ်စ်ပို့သက်တမ်းတိုးမရခြင်း Pv ကနေ Pj သို့ ချိန်းမရတာတွေကြောင့် ဒုက္ခတွေရောက်နေကြရတာပါ။ တခြားသော မလေးရှား၊ ထိုင်း၊ စင်ကာပူနိုင်ငံတွေအတွက် MoU Green Channel လမ်းကြောင်းတွေရှိပေမယ့် EPS လုပ်သားတွေအတွက်က MOU လမ်းကြောင်း မရှိဘူးလို့ သိရပါတယ်။

“ပြီးခဲ့တဲ့လ မကုန်ခင်ကကျတော့ လကုန်ပြီး ပထမပတ်ဖွင့်မယ်တဲ့။ အခုပထမပတ်ရောက်တော့ ဒုတိယပတ်လို့ကြားတယ်တဲ့။ ဟော အခုကျ နှစ်လပိုင်းကုန်ဖြစ်သွားရော။ ကိုရီးယားသွားဖို့အတွက် ပြင်ဆင်နေတာ။ စာအုပ်ရခါနီးကျမှ အဆင်မပြေဖြစ်နေတာ။ ဘာပဲဖြစ်ဖြစ် ဒီရုံးတွေပြန်ဖွင့်ဖို့က ရွေးကောက်ပွဲ ပြီးမှလို့ထင်တယ်“လို့ ကိုရီးယားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေသူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့်အားလုံးကို မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်မှစတင်ကာ ယာယီရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။ သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကစလို့ ရပ်ဆိုင်းခဲ့တာဖြစ်ပြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရဲ့ ခွင့်ပြုပြီး အလုပ်ခေါ်စာ (MOU) နဲ့ စေလွှတ်မယ့် အလုပ်သမားတွေအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကိုတော့ Green Channel နဲ့ ဆောင်ရွက်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဇန်နဝါရီ ၁၇ ရက်ကစပြီး Green Channel နဲ့ နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်း၊ နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ အမည်စာရင်းပေးပို့ခြင်းနဲ့ ဗုဒ္ဓဂါယာဘုရားဖူးခရီးသွား အေဂျင်စီတွေအတွက် ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ အသိပေးချက်မှာ ဖော်ပြထားပါတယ်။

“သူတို့က ဒီမှာ ရွေးကောက်ပွဲကနီးတော့ လူကြီးပိုင်းတွေထက် ဒီမှာ လူငယ်ပိုင်းတွေမရှိကြမှာစိုးတော့ မထွက်စေချင်ကြတာဖြစ်မယ်။ အခုက ရွေးကောက်ပွဲအတွက် စာရင်းတွေလည်း လိုက်ကောက်နေတော့ လူငယ်တွေကို ရှိစေချင်တယ်လို့ ထင်တာပဲ။ ဒါ့ကြောင့် ပတ်စ်ပို့ရုံးပြန်ဖွင့်ဖို့ကတော့ သင်္ကြန်ပြီးမှလို့ ထင်တာပဲ။ မေလအထဲပေါ့။ ရွေးကောက်ပွဲလုပ်မယ့်ရက် ကြေညာပြီးသွားရင် ပြန်ဖွင့်ပေးမယ်ထင်တာပဲ“လို့ ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တဦးကပြောပါတယ်။

မြန်မာလူငယ်တွေဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာရှဒေသကနိုင်ငံတွေကို အုံလိုက်ကျင်းလိုက် သွားရောက်နေရာမှာ တရားဝင် လမ်းကြောင်းကနေရော တရားမဝင်လမ်းကြောင်းတွေကပါ ထွက်ခွာနေကြတာ ဖြစ်ပါတယ်။ တရားမဝင်လမ်းကြောင်းကနေ ထွက်ခွာမှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တွင်းမှာ ထိုင်းအစိုးရက ဖမ်းဆီးခဲ့တဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက်ဟာ ၆၀၀၀၀ အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ကာလအလွန်မှာ အိမ်နီးနားချင်းနိုင်ငံတွေကို တရားဝင် မြန်မာလုပ်သားဦးရေ ၅၆၀၀၀ ကျော်စေလွှတ်ခဲ့တယ်လို့လည်း အလုပ်သမားဝန်ကြီးဌာနရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။ လတ်တလောမှာ မြန်မာနိုင်ငံက အလုပ်သမားအများအပြားကို အလုပ်ခေါ်စာနဲ့ မနှစ်ကခေါ်ယူခဲ့တဲ့ ထိုင်းနဲ့မလေးရှား နိုင်ငံတွေက အခုကာလမှာတော့ မြန်မာအလုပ်သမားခေါ်ယူမှုတွေ လျော့နည်းသွားတယ်လို့ သိရပါတယ်။

“အခုကာလမှာ ပြည်ပက အလုပ်ခေါ်စာတွေလည်း နည်းသွားတယ်။ ပတ်စ်ပို့ရုံးတွေက အခုထိ‌တော့ ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာ ရေရေရာရာ မသိရသေးဘူး။ ပါးစပ်အပြောတွေပဲ ရှိနေတာ။ တရားဝင် ထုတ်ပြန်တာမျိုး မရှိသေးဘူး။ ရပ်ဆိုင်းလိုက်တုန်းကတော့ သူတို့ ပြင်ဆင်ရေးဆွဲနေတာတွေရှိလို့ ရပ်ဆိုင်းတာလို့တော့ ထုတ်ပြန်ချက်ထဲမှာတွေ့ရတာပဲ။ စောင့်တော့ ကြည့်ရဦးမှာပေါ့။ တခုခုအစီအစဉ်ရှိလို့ ဖြစ်ပါလိမ့်မယ်။ ပိုကောင်းတဲ့ အစီအစဉ် ဖြစ်လာဖို့ပဲလိုတာပေါ့နော်။ မဟုတ်ရင် အခက်အခဲရှိနိုင်တာပေါ့”လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း လုပ်ကိုင်နေသူတဦးက ပြောပါတယ်။

ပြည်ပနိုင်ငံတွေဆီ ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက် လုပ်ကိုင်နေသူတွေဟာ များသောအားဖြင့် အသက် ၂၃ ကနေ ၂၅ နှစ်ဝန်းကျင်ရှိ လူငယ်တွေဖြစ်ကြပြီး လက်ရှိမှာ မလေးရှားနိုင်ငံကို အများဆုံး သွားရောက်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားကို သွားရောက် အလုပ်လုပ်ကိုင်လိုပါက သိန်း ၄၀ ကနေ သိန်း ၅၀ ပတ်ဝန်းကျင်လောက် ကုန်ကျမှာဖြစ်ပြီး လုပ်ခလစာအနေနဲ့ကတော့ သူတို့နိုင်ငံအစိုးရရဲ့ သတ်မှတ်ချက်အရ မလေးရှားရင်းဂစ် ၁၅၀၀ လောက်၊ မြန်မာငွေနဲ့ဆိုရင် ၆ သိန်း၊ ၉ သိန်းလောက် ရရှိနိုင်တယ်လို့ သိရပါတယ်။

ပြည်ပမှာအလုပ်အကိုင်လိုချင်တဲ့ မြန်မာလူငယ်တွေအတွက် လက်ရှိကာလမှာ ပြည်ပနိုင်ငံတွေကိုထွက်ခွာဖို့ ပေးရတဲ့အဖိုးအခဟာ အရင်ကာလတွေနဲ့ နှိုင်းယှဉ်ရင် နှစ်ဆ၊သုံးဆခန့်အထိ မြင့်တက်လို့လာခဲ့ပါတယ်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေး ဂရုတွေရဲ့ အချက်အလက်တွေအရ အခုကာလမှာ စင်ကာပူနိုင်ငံကို သွားရောက်လိုပါက အလုပ်သမားတဦးအတွက် လုပ်ငန်းအမျိုးအစားအပေါ် မူတည်ပြီး အေးဂျင့်ခနဲ့ အထွေထွေကုန်ကျစရိတ်တွေဟာ ကျပ်သိန်း ၈၀ ကနေ ကျပ်သိန်း ၁၀၀ ကြားမှာ ရှိနေတယ်လို့ သိရပါတယ်။ အဲ့ဒီ့လိုပဲ မလေးရှား၊ ဂျပန်၊ တရုတ်၊ ကိုးရီးယား စတဲ့ နိုင်ငံတွေကို သွားရောက်မယ်ဆိုရင်လည်း အနည်းဆုံး ကျပ်သိန်း ၅၀ ကနေ သိန်း ၆၀ ခန့်အထိ ပေါက်စျေးရှိနေတာပဲ ဖြစ်ပါတယ်။

တနိုင်ငံလုံးက ပတ်စ်ပို့ရုံးတွေကိုပိတ်ခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက် နောက်ပိုင်း MOEFA ကပဲ နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်ဖို့ အမည်စာရင်း ပေးပို့ရမယ့် နေ့ရက်တွေကို အသိပေးအကြောင်းကြားခြင်းဆိုတဲ့ ထုတ်ပြန်ချက်တစောင်ကို ဇန်နဝါရီ၂၅ ရက်နေ့မှာ ထပ်မံ ထုတ်ပြန်ခဲ့ပါသေးတယ်။

အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရဲ့ ခွင့်ပြုချက်ရယူပြီး အလုပ်ခေါ်စာနဲ့စေလွှတ်မယ့် အလုပ်သမားတွေအတွက် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားဖို့ ပြည်ထဲရေးဝန်ကြီးဌာနက BlackList သွင်းထားတဲ့ အေဂျင်စီ ၁၃၃ ခုမှအပ ကျန်အေဂျင်စီတွေ မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားမယ့်စာရင်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့၊ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအတွင်း လိုအပ်တဲ့အချက်အလက် စာရွက်စာတမ်းတွေနဲ့ Pyidaungsu Font အသုံးပြုကာ Excel File နဲ့ပေးပို့ကြဖို့ အသိပေးအကြောင်းကြားခဲ့ပါတယ်။

ဒါကြောင့်မို့ ပြည်ပကိုထွက်ခွာမယ့် လူငယ်တွေအတွက် ပတ်စ်ပို့ထုတ်ပေးရေး လုပ်ငန်းစဉ်တွေဟာ ဘယ်လိုပုံစံမျိုး ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမယ့် အနေအထားတစ်ရပ် ဖြစ်လာခဲ့ပါတယ်။

နစက ကတော့ နိုင်ငံတဝန်းမှာ နိုင်ငံကူးလက်မှတ် ထုတ်ပေးတာတွေကို ဇန်နဝါရီလကုန်မှာ ပြန်လည် ပြုလုပ်ပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောဆိုထားပေမယ့် အခုအချိန်အထိ ရုံးတွေ ပြန်ဖွင့်နိုင်မယ့်ရက်ကို အတိအလင်း ကြေညာထားတာမျိုး မရှိသေးပါဘူး။

ဒါ့အပြင် နစကအနေနဲ့ ပြည်ပနိုင်ငံတွေကို လူငယ်တွေထွက်ခွာနေမှု များပြားနေတဲ့အတွက် တင်းကျပ် ကြပ်မတ်ဖို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေး အမှတ်စဉ် ၅/၂၀၂၂ မှာ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ပြည်ပနိုင်ငံတွေဆီ လူငယ်တွေ ဆက်တိုက် ထွက်ခွာနေတာကြောင့် နောင်တချိန် ပြည်တွင်းမှာ အလုပ်သမားရှားပါးမှုပြဿနာ မဖြစ်ပေါ်စေရေးအတွက် ပြည်ပထွက်ခွာမှုတွေနဲ့ပတ်သက်လို့ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုအခြေအနေ အကြောင်းအရာတွေကြောင့် မြန်မာလူငယ်တွေနဲ့ လုပ်သားတွေရဲ့ ပြည်ပခရီးအိပ်မက်က အလှမ်းဝေးနေဦးမှာပဲဖြစ်ပြီး ပြည်ပထွက်ခွါဖို့ အခက်ကြုံနေရဦးမှာပဲ ဖြစ်ပါတယ်။ ။

#voiceofmyanmar #VOM #ပြည်ပ #မြန်မာလူငယ် #အခက်အခဲ #သုံးသပ်ချက်ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW