အေ၊ ဘီ၊ စီ၊ ဒီ မှ အစ အာဇာနည်အထိ

ဆူးငှက်

ကျွန်တော်တို့ ငယ်စဉ်ကာလ လူကြီးတွေ စကားဝိုင်းတွင် နားထောင်ဖြစ်သောအခါ သူတို့ပြောစကားတွေမှာ အေလမ်း၊ ဘီလမ်း၊ စီလမ်း ဟူ၍ပါရှိသည်။ ထိုအခါ ထိုလမ်းထိုနေရာသည် ဘယ်နေရာနည်း ဘာ့ကြောင့် ထိုသို့ခေါ်ဝေါသနည်း ဆိုသည်ကို သိချင်လာသည်။ ထိုအခါ ဦးကြီး၊ဦးလေးများ ဝမ်းကွဲ အစ်ကိုများကို မေးမြန်းရသည်။ တကယ်တော့ သူတို့သည် ပညာတတ်များ မဟုတ်ကြပါ။ သို့သော် သိသင့်သလောက် သိကြသူများဖြစ်သည်။

ဦးကြီး တစ်ယောက်က “ အင်္ဂလိပ်တပ်တွေ မန္တလေး တက်သိမ်းမယ်ဆိုတော့ ဧရာဝတီမြစ်ကြောင်း အတိုင်း သင်္ဘောတွေနဲ့ လာရမှာကွ၊ဂေါဝိန်ဆိပ်ရောက်တော့ အခု ဒို့မြင်နေရတဲ့ မြို့ရိုးကြီးနဲ့ နန်းတွင်းကို သင်္ဘောနဲ့ပါလာတဲ့ သူ့တပ်တွေက ချီတက်ရမှာကိုး၊
ဒီတင်မပုံမှာကြည့်တော့မစ်ဆိပ်ဘက်ကနေ နန်းတွင်းကိုရောက်တဲ့ လမ်းတွေကိုတွေ့တယ်။ အဓိက သွားနိုင်တဲ့ လမ်းပေါ့ကွာ၊ အဲဒါက ဂေါဝိန်ဆိပ်က အရှေ့တက်ပြီး အခု မင်္ဂလာတံခါးလို့ခေါ်တဲ့ ကျော်မိုးတံခါးဆီကို မြောက်တည့်တည့် ပြန်ချိုးပြီး ဝင်တဲ့ လမ်း၊ အဲ့ဒီလမ်းကို A လို့ မှတ်ထားကွ၊ တစ်ခါ အခု ပိုက်ကျုံးဆိပ်ကနေ အရှေ့တည့်တည့်တက်တာနဲ့ ခုနပြောတဲ့ မင်္ဂလာတံခါးထပ်ရောက်တဲ့ လမ်းကွာ၊ အဲ့ဒါကို Bလို့ မှတ်ထား၊နောက် ဒို့ ကျွဲစွန်းဆိပ်ကနေ အရှေ့ဘက် သချိုင်းတော်ကိုဖြစ်ပြီး တည့်တည့် တက်ရင် အခု
အာဠဝီလို့ခေါ်တဲ့ ကြေးမုံတံခါးကို တံတားဖြတ်ပြီးရောက်တယ်။ အဲ့ဒါ C လို့ မှတ်ကွာ၊နောက်တစ်ခါ
ဟိုမြောက် ရတနာမဉ္စူဘုရားနားက ကျောက်သပိတ် ဆိပ်ကနေ အရှေ့ညောင်ပင်ဈေးကိုဖြတ်ပြီး နန်းတွင်းကို စည်ရှည်တံခါးက တံတားဖြတ် ဝင်လို့ရတယ်။ အဲ့ဒါ D လို့မှတ်ထား။ အင်္ဂလိပ်တပ်တွေက အဲ့ဒီလမ်းတွေကနေ နန်းတွင်းကို လွယ်လွယ်နဲ့ဝင်ခဲ့တာပဲကွ။ အခု အဲ့ဒီ လမ်းမတွေက အေလမ်း၊ ဘီလမ်း၊ စီလမ်း၊ ဒီလမ်း လို့ ပါတော်မူပြီးနောက် မှတ်သားခဲ့ကြတာကွ” ဟု ရှင်းပြဖူးသည်။

နောက်တော့ စာအုပ်လေး တစ်အုပ်တွေ့သည်။ မျက်နှာဖုံးမှာ မန္တလေး ကျုံးမြို့ရိုး ပြာသာဒ်ကောက်ကြောင်း ပန်းချီနှင့်ဖြစ်သည်။ ထိုစာအုပ်လေးက စကိုင်မိ ကတည်းက စိတ်ဝင်စားစရာ ကောင်းလှ၏။ ထိုစာအုပ်လေးကို ဖတ်ရှုပြီးနောက် သိရှိရသည်များမှာ မန္တလေးကို အင်္ဂလိပ်က သိမ်းပိုက်ပြီးနောက် ၁၈၈၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အင်္ဂလိပ်ကော်မရှင်နာမင်းကြီး မစ္စတာဘားနဒ်သည် မန္တလေးသို့ရောက်လာပြီး မြို့ပြအုပ်ချုပ်ရေးကို ဒဗြူတီကော်မရှင်နာ လက်အောက် ထားလိုက်သည်။

၁၈၈၇ ခုနှစ်တွင် မန္တလေးမြူနီစီပယ်ကို စတင်ဖွဲ့စည်းကာ လမ်းများကိုကျောက်ခင်းသည်။ တယ်လီဖုန်း သွယ်သည်။ မြို့ကို တိုင်းတာသည်။ ထို့နောက် မြို့၏ မြေပုံကို ပြန်လည်ရေးဆွဲသည်။ လေးထောင့်စပ်စပ် ဝင်းများ အလယ်တွင် မြန်မာမင်းစိုးရာဇာများကနေထိုင်ပြီး အပြင်တန်းမှ အခြွေအရံများက
တဲအိမ်လေးများဖြင့် ဖြစ်သလိုနေထိုင်ကာ အမြဲတစေ ညစ်ပတ်ပေရေနေသော မြို့အား တဲအိမ်များကို
ဖျက်သိမ်းကာ အိမ်ကြီး အိမ်ကောင်းများ တည်ဆောက်စေခြင်း၊ ဥရောပတိုက်သားများ၏နေအိမ်နှင့်
ရုံးပြင် ကန္နားများကို တိုက်တာ အိမ်ရာများဖြင့် ဂရန်ချထားပးခြင်းများ ဆောင်ရွက်ခဲ့သည်။ လမ်းမိုင် ၆ဝ ကို ကျောက်ခင်းသလို လမ်းနံပတ်များဖြင့်လည်း မြေပုံနှင့်တကွ မှတ်သားစေခဲ့သည်။ မြို့တွင်းရှိ
လမ်းမကြီးများတွင် တပင်တိုင် မှန်အိမ် လမ်းမီးများလည်း ထွန်းညှိပေးခဲ့၏။

ထိုသို့ စတင်သိမှတ်နိုင်အောင် အလင်းပြသည့် စာအုပ်လေးမှာ ရတနာပုံဖိုးမှတ်စု၏ မန္တလေး အမည်ရှိ
စာအုပ်ဖြစ်ပါသည်။ (ရတနာပုံ ဖိုးမှတ်စုသည် မန္တလေး အနှစ်၁၀၀ပြည့်နှစ်တွင် ရွှေကိုင်းသား ကလောင်ဖြင့် ထိုစာအုပ်ကို ထပ်မံဖြည့်စွက်ချက်များဖြင့် “၁၂၂၁ခု – ၁၃၂၁ခု ၊ အနှစ်၁၀၀ပြည့် မန္တလေး” ဟု
ကျမ်းစာအုပ်တစ်စောင်ကို လူထုကြီးပွားရေးစာအုပ်တိုက်က ထုတ်ဝေခဲ့ပါသည်)။ ထိုသို့ လမ်းနံပတ်များဖြင့် မြေပုံအရ အင်္ဂလိပ်တက်ကာစက မှတ်သားခဲ့သော A လမ်းသည် ၃၅လမ်း၊ B လမ်းသည် ၂၆လမ်း၊ C လမ်းသည် ၂၂ လမ်းနှင့် D လမ်းသည် ၁၉လမ်းဟု သိမှတ်ကြရသည်။ ထို့ပြင် ဘုရင်ခေတ်က နန်းမြို့ရိုးရှိ ပြာသာဒ်တံခါးပေါက်ကြီးများနှင့် တည့်တည့်တွင် ရှိသော လမ်းမကြီးများမှ မင်္ဂလာလမ်း၊ အာဠဝီလမ်း၊ စည်ရှည်လမ်း၊ စည်သာလမ်း စသည့်အမည်များကလည်း ၇၃လမ်း၊ ၂၂လမ်း၊ ၁၉လမ်း၊ မြောက်ပြင် ၇၆ လမ်းဟု မှတ်သားကြရသည်။

အင်္ဂလိပ်က မန္တလေးကို လမ်းနံပတ်များဖြင့် သတ်မှတ်သော်ငြားလည်း မန္တလေးသားများက ကျွန်တော်တို့ ငယ်စဉ်ကာလ အထိပင် လမ်းနံပတ်များဖြင့် ပြောခဲ ညွှန်းခဲသည်။ ဘုရင်ခေတ် ကတည်းက
သုံးနှုံးခဲ့သည့် အရပ်နံမည်၊ အတန်းနံမည်၊ ဝင်းနံမည်များဖြင့်သာ ပြောကြသည်။ အရပ်အနေနှင့်
မဟာဇေယျဘုံ၊ပြည်ကြီးမျက်မှန်၊ပြည်ကြီးမျက်ရှင်၊ ပတ်ကုံးပျော်ဘွယ်၊ ပတ်ကုန်းဝန်းကျင်၊ ရန်မျိုးလုံ၊ မဟာနွယ်စဉ်၊ စကြာနွယ်စဉ်၊မောရဂီဝါ၊ စိတ္တမဟီ၊ဟေမာဇလ၊ ကဉ္စနမဟီ၊ ချမ်းမြသာစည်၊ အမရစံခေါင်၊ အမရဌာနီ၊ မေဃဂီရိ၊ ပုလဲငွေရောင်၊ပြည်ကြီးကျက်သရေ၊ ချမ်းအေးသာစံ အောင်နန်းရိပ်သာ၊ ရတနာဘုမ္မိ၊ မဟာအောင်မြေ၊ရွှေဘုန်းရှိန်၊ ကျွန်းလုံးဥသျှောင်၊ စိန်ပန်း၊ဒေးဝန်း၊ပြည်ကြီးပျော်ဘွယ်၊
သီရိဟေမာ၊ သီရိမာလာ၊အောင်မြေ သာစံ၊ မင်းတဲအီကင်း၊ပြည်ကြီးရန်လုံ စသည်ဖြင့် ခေါ်ဝေါသုံးစွဲကြသည်။

မန္တလေး စတည် ကတည်းက တူရာ အစုများအဖြစ် ဖွဲ့စည်းခဲ့သော အတန်းများ၊ ဝင်းများကိုလည်း ဂုန္တာန်ဝင်း၊ဆေးရိုးဝင်း၊ ကြယ်ခတ်ဝင်း၊ နီပါးတန်း၊ အပ်ချုပ်ဝင်း၊ ထီဝင်း၊ ကမ္မဝါတန်း၊ ဖိနပ်တန်း၊ မုန့်တီတန်း၊ပေါက်ပေါက်တန်း၊ ထီးတန်း၊ ဆိုးတန်း၊ ထုံးတန်း၊မင်းတန်း၊ ကြိုးကျစ်စု၊ ပုတ်တန်း၊ ကျီတန်း၊ ပန်းဝင်း၊ ဘုံဘိုင်တန်း၊ ထီရိုးဝင်း၊ အကြော်တန်း၊ ခုံဖိနပ်တန်း၊ ဝါးတန်း၊ ပန်းပဲတန်း၊ သံထီးတန်း၊ ပန်းဆိုးတန်း၊ လွှတောင်တန်း၊ နီပါးတန်း၊ ပုရပိုက်တန်း၊ ပရိက္ခရာတန်း၊ ထမင်းချက်တန်း၊ ပွတ်တန်း၊ သပိတ်တန်း၊ ကွမ်းဝင်း၊ လက်ချိတ်တန်း၊ လက်သမားတန်း၊ ခဲလန်းတန်း၊ ဓားတန်း၊အိုးတန်း၊ လှည်းယာဉ်တန်း၊ ကြယ်ခတ်ဝင်း၊ကျောက်သွေးတန်း၊ စာတိုက်တန်း၊ ယွန်းတန်း၊ အထက်ဆင့်ဝင်း၊ နနွင်းတန်း၊ ခတ်တန်း၊ ခဝါစု၊ ယပ်ဝင်း၊ ပဲပုပ်တန်း၊ရွှေချည်ထိုးရပ်၊ ကျောက်ဆစ်တန်း စသည့်အမည်များဖြင့်သာ ညွှန်းကြသည်။

ထို့ပြင် မန္တလေးတွင် အဆောက်အအုံများနှင့်ယှဉ်ပြီး နေရပ်လိပ်စာကို မှတ်သားကြသည်။ ရှေးသရောအခါက ဘယ်သူမှ အိမ်နံပါတ်၊ အကွက်နံပါတ်နှင့်စကားမပြောကြ။ ယုတ်စွအဆုံး စာတိုက်မှ လိပ်စာပေး၍စာထည့်လျှင်ပင် အိမ်နံပါတ်၊ လမ်းနံပါတ်သုံးလေ့မရှိ။ ရပ်ကွက်ကြီးနာမည်ပြောမည်။ အနီးဆုံးအဆောက်အဦးကြီးအမည်ပြောမည်။ ဥပမာ-ဆိုပါစို့။ ကိုဖိုးရင်၊ ဂုန္တန်ဝင်း၊ နဂါးဆေးလိပ်ရုံကြီးအနီး လက်ဆည်ကန်ရပ် ဆိုတာမျိုးပေါ့။ နောက်တော့ အိမ်နံပါတ်တွေ၊ ရပ်ကွက်နံပါတ်တွေဖြစ်ကုန်သည်။

မန္တလေးမှာ အဆောက်အအုံများနှင့်ပတ်သက်ပြီး နဂါးဆေးလိပ်လို၊ ကာတစ်တိုက်လို၊ မောရဂျမ်းတိုက်ကြီးလို အထင်ကရတွေလည်း ရှိခဲ့သည်။ ဓမ္မဗိမာန်လို၊ မလွန်သာသနာ့ဗိမာန်လို သာသနိက အဆောက်အအုံတွေလည်း ရှိသည်။ တချို့ အဆောက်အအုံတွေက လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွေနှင့် ဆက်စပ်နေ၏။ အိမ်တော်ရာ ဘုရားဝင်းအတွင်းရှိ
၁၄ခန်းဇရပ်ကြီးဆိုလျှင် မြန်မာ့လွတ်လပ်ရးကြိုးပမ်းမှုအတွက်၊ ဘာသာရေးအတွက်၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရဟန်းသံဃာ ရပ်မိရပ်ဖများ စုစည်း ညီညွတ်ကြရာ နေရာဖြစ်သည်။

ဓမ္မဗိမာန်ဆိုပါတော့။ အနောက်ကျုံးလမ်းမှာရှိသော ဓမ္မဗိမာန်ကား တစ်ချိန်က မြန်မာစာပေနှင့် ပတ်သက်၍ အာရုံစိုက်စရာကောင်းလှသည့် စာတမ်းအသီးသီး ဖတ်ကြားခဲ့ရာနေရာဖြစ်၏။ မန္တလေး စာပေမျိုးဆက်များကို လက်ဆင့်ကမ်းအမွေပေးခဲ့ရာ နေရာလည်းဖြစ်သည်။

သည်လိုနှင့် လူကြီးတွေထံမေးမြန်းရင်း ဖတ်မှတ်ရင်း ယခင်က ၃၁ လမ်းနှင့် ၃၂ လမ်းကြား၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားမှာ နေသူရိန်ဇာတ်ရုံကြီး ရှိခဲ့ဖူးသတဲ့။ လွတ်လပ်ရေးအတွက် နေသူရိန်ညီလာခံတွေ၊ ဒုတိယကမ္ဘာစစ်အပြီး လူငယ်များ ကာယဗလနှင့် စိတ်ဓာတ် ကြံ့ခိုင်ရေးအတွက် ပွဲလမ်းကြီးတွေ ကျင်းပခဲ့သည့် နေရာကြီးဖြစ်သည်။ အိုလံပစ်တို့၊ ယဉ်တစ်ကိုယ်မယ်တို့၊ လှကြစမ်းပါဗျာတို့ စသည့်သီချင်းများ မွေးဖွားခဲ့ရာ နေရာဖြစ်သည်။ ယခု အ.ထ.က ၂၃ နေရာဖြစ်မည်။

ထိုပြင် သက္ကရာဇ် ၁၃၀၀ ပြည့် တပို့တွဲလပြည့်ကျော် ၇ ရက် ( ခရစ်နှစ် ၁၉၃၉ခု ဖေဖော်ဝါရီ ၁၀ ရက်) ၁၃ဝဝ ပြည့် အရေးတော်ပုံကြီးတွင် ပုလိပ်တပ်က ပစ်ခတ်သည့် မှတ်တမ်းကိုပင် ကြေးနန်းရုံတောင်ပေါက်တွင် တစ်ကြိမ် (ယခု ၂၆ဘီလမ်း၊ လမ်း၈၀နှင့် ၈၁လမ်းကြား)၊ အင်ပီရီယယ်ဘဏ်ရှေ့တွင် တစ်ကြိမ် (ယခု ၂၆လမ်းနှင့် ၈၁လမ်းထောင့်)၊ ရိုးကုမ္ပဏီရှေ့တွင် တစ်ကြိမ် (ယခု ဘဏ် ၁ ရှေ့) ဟု မှတ်သားခဲ့ကြသည်။ ထိုမှ ဆက်စပ်၍ ၂၆ ဘီ လမ်းမကြီးပေါ်မှ ရတနာပုံခေတ် မြို့ဝန်ဦးသာအိုးဝင်းနေရာ (ယခုဘဏ် ၁ နှင့် မျက်နှာချင်းဆိုင် ဟိုတယ်ဝင်း) ဘဏ် ၁နရာမှ နာရီစင်အထိ တည်ရှိခဲ့ဖူးသော ရိုးကုမ္ပဏီနှင့် ကုန်တိုက်ကြီးများနေရာ၊ အဟူဂျာဓာတ်ပုံတိုက် နေရာ၊ တိုကီဝါ ဓာတ်ပုံတိုက်နေရာ၊ ခန့်ခန့်ကြီး ဓာတ်ပုံတိုက်နေရာ၊ အင်ပရီရယ်ဘဏ်တိုက်နေရာ၊ အဝိန်ကိုး အချုံကိုး ကုမ္ပဏီနေရာများအထိ သိရှိရတော့၏။

ထိုမျှသာမက ၁၃၀၀ပြည့် အရေးတော်ပုံကြီး ပြီးကတည်းက အာဇာနည်လမ်းဟု အမည်တွင် ပြောဆို သုံးနှုန်းခဲ့ကြသည့်နောက် ယခုအခါ ထို ကမ္ပည်းတွင် မော်ကွန်းတင်ခဲ့သည့် အမည်ပျောက်ကာ ၂၆ဘီလမ်းဟုသာ လူသိများသည့် လမ်းမကြီးပေါ် မှာပင် ကွန်ကရစ်အထပ်မြင့်၊ အလျုမီနီယမ်နှင့် စတိန်းလက်စတီး၊ အလှဆင်ခေတ်မီ အဆောက်အဦးကြီး များကြားမှ တစ်ထပ်တိုက် သေးသေးလေးတစ်လုံး ယခုတိုင် ရှိသည်။ ထိုတိုက်လေး၏ နဖူးစည်းထိပ်မှာ ရွှေထီးတစ်လက်ပုံကို အင်္ဂတေသားဖြင့် ဖော်ထား၏။ မန္တလေးသားများက ရွှေထီးတိုက်ဟု ခေါ်ကြသည်။

၁၃ဝဝ ပြည့် အရေးတော်ပုံကာလက ထိုရွှေထီးတိုက်မှ ဦးဘအို ဒေါ်ခင်မျိုးတို့၏ သမီးများဖြစ်သော မသန်းရင်၊ မတင်လှနှင့် မမတို့က အပျိုပေါက်လေးများပေမင့် ဒဏ်ရာရ ရဟန်းသံဃာ၊ကျောင်းသားနှင့် မြို့လူထုကို သူတို့တိုက်အတွင်း ခေါ်သွင်း၍ စွမ်းစွမ်းတမံ အကူအညီပေးခဲ့ကြကြောင်း မန္တလေးသားတိုင်း၏လုံးသားထဲတွင် အမှတ်ရခဲ့ဖူးသည်။

ယခု ၁၃၈၄ ခုနှစ် တပို့တွဲ လပြည့်ကျော် ၇ ရက်၊ (၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်)နေ့တွင် မန္တလေး ၁၃၀၀ပြည့် အရေးတော်ပုံက ၈၄နှစ့််ြည့်ပြီ။ ၂၆ဘီလမ်းကိုလည်း အာဇာနည်လမ်းဟု မြို့လူထုက အမည်ပေး ကမ္ပည်းမော်ကွန်းတင်ခဲ့တာလည်း ၈၄နှစ် ပြည့်ချေပြီ။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW